home

နိဒါန်း



ခေါင်းစဉ်များ


ဤစာအုပ်သည် ဆေးရုံ၊ ဆေးခန်းအစရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု ဌာနများနှင့် အလှမ်းကွာဝေးသော အရပ်ဒေသများ၊ ဆရာဝန် မရှိသည့်နေရာများတွင် နေထိုင်သော ပြည်သူလူထု အပေါင်းအား အဓိက ရည်ရွယ်ပါသည်။ သို့ရာတွင် ဆရာဝန်ရှိသည့်အရပ်တွင် နေထိုင် ကြစေကာမူ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် စောင့်ရှောက်နိုင်လာ ကြစေရန်လည်း ရည်ရွယ်ပါသည်။ ထို့ကြောင့် ဤစာအုပ်သည် လူတိုင်းအတွက် အောက်ပါခံယူချက်၊ ယုံကြည်ချက်များဖြင့် ရေးသားပြုစုအပ်ပါသည်။

  1. ကျန်းမာရေးစောင့်ရှောက်မှုဟူသည် လူသားတစ်ဦးချင်းစီ၏ အခွင့်အရေးသာမက တာဝန်လည်းဖြစ်ပါသည်။
  2. သိသင့်သိထိုက်သော သတင်းအချက်အလက်များကို ပေးထားသည့်မိမိဖာသာ စောင့်ရှောက်ထိမ်းသိမ်း နေထိုင်တတ်သည့်စနစ်သည် မည်သည့် ကျန်းမာရေးစီမံချက်မျိုး အတွက်မဆို ပဓာနရည်မှန်းချက်ဖြစ်သင့်သည်။
  3. သာမန်ပြည်သူများအား ရှင်းလင်းလွယ်ကူသော ကျန်းမာရေးအသိပညာများပေးထားခြင်းဖြင့် အဖြစ်များသည့်ရောဂါ၊ ဝေဒနာများကို မိမိ အိမ်တွင်ပင် အဆောတလျင် ကာကွယ်ကုသနိုင်မည်ဖြစ်၍ ကုန်ကျစရိတ် သက်သာပြီး ဆရာဝန်ထံရောက်မှ ကုသသည်ထက် ပိုမိုထိရောက် အစွမ်းထက် ပေလိမ့်မည်။
  4. ဆေးပညာဆိုင်ရာ အသိပညာ ဗဟုသုတသည် လူနည်းစုအတွက်ကန့်သတ်ထိမ်းချုပ်ထားရန်မဟုတ်၊ လူတိုင်းလူတိုင်းလွတ်လပ်စွာ မျှဝေ နိုင်စေရမည်။
  5. ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ သင်ယူလေ့လာနိုင်သည်။
  6. အခြေခံကျန်းမာရေး စောင့်ရှောက်မှုဟူသည် ဖြန့်ဝေခြင်း၊ ဖြည့်ဆည်းခြင်းမဟုတ် အားပေးအားမြှောက် ပြုခြင်းသာဖြစ်သင့်သည်။

တစ်ကိုယ်ရေကျန်းမာရေး စောင့်ရှောက်မှု ဆိုရာ၌လည်း မိမိစွမ်းဆောင်နိုင်မှု၏ အကန့်အသတ်ကိုသိရမည်ဖြစ်သည်။ ထို့ကြောင့် ဤသင်ခန်းစာများတွင် "ဘာလုပ်ရမည်" ဆိုတာများသာမက "ဘယ်အခါမှာ ကျွမ်းကျင်ပညာရှင်၏အကူအညီယူရမည်" ဆိုတာများပါ ဖော်ပြထား သည်။ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းကို ပြသတိုင်ပင်ရမည်။ အကြံဥာဏ်တောင်းရမည့်အခြေအနေများကိုညွှန်ပြထားသည်။ သို့ ရာတွင် ဆရာဝန်မှာအမြဲတမ်းအနီးအနားမှာ မရှိနိုင်သည့်အတွက် အဆိုးဝါးဆုံးအခြေအနေမှာပင် မိမိဖာသာဘာလုပ်ရမည် ဆိုသည်များကို အကြံပေးထားသည်။

ဤစာအုပ်ကိုရိုးစင်းလွယ်ကူသော အင်္ဂလိပ်စာဖြင့်ရေးထားသည်။ အချို့နေရာများတွင် အခြေအနေအရခက်ခဲသောစကားလုံးများပါ လာနိုင်သော်လည်း၄င်းတို့၏အဓိပ္ပါယ်ကိုမှန်းဆနိုင်ရန်စီစဉ်ထားသည်။ စာဖတ်သူနားလည်ရန်ခက်ခဲမည့်အရေးကြီးစကားလုံးများအား စာအုပ် ၏အဆုံးတွင် ဝေါဟာရအဘိဓါတ်အဖြစ်ထည့်သွင်း ရှင်းပြထားသည်။

ဤစာအုပ်၏ မူရင်းပထမမှာ စပိန်ဘာသာဖြင့်ထုတ်ဝေခဲ့သည်။ မက္ကဆီကိုနိုင်ငံ လယ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် စာရေးသူကစီစဉ်ခဲ့ရာ ယခုအခါ ၄င်းတို့ကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေကြပြီဖြစ်သည်။ ဘာသာ(၈ဝ)သို့ ပြန်ဆိုပြီးဖြစ်သည်။ နိုင်ငံ (၁ဝဝ)ကျော်မှ ကျေးလက်ကျန်းမာရေးလုပ်သားများ သုံးစွဲနေကြပြီဖြစ်သည်။

နောက်ဆုံး ထုတ်ဝေသော ဤစာအုပ်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ

သိပ္ပံပညာ၏ နောက်ဆုံးတွေ့ရှိချက်များကို အခြေခံ၍ ဤစာအုပ်သစ်တွင် အချက်အလက်အသစ်များ ထည့်သွင်းထားသည်။ ယခင် အချက်အလက်ဟောင်းများကိုလည်း ခေတ်မီအောင်ပြုပြင်မွမ်းမံထားသည်။ ကမ္ဘာအနှံ့ရှိ ကျန်းမာရေးပါရဂူများ၊ ကျွမ်းကျင်ပညာရှင်များက ၄င်းတို့၏ အကြံဥာဏ်များကို ရက်ရောစွာပေးပို့ခဲ့ကြသည်။ စာအုပ်၏အဆုံးပိုင်း၌ပါရှိသော "ဖြည့်စွက်သတင်းအချက်အလက်" ကဏ္ဍတွင် လတ်တလော ပိုမိုအရေးပါလာသော ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ဖော်ပြထားသည်။ ဥပမာအားဖြင့် ကိုယ်ခံအားကျရောဂါ၊ ကာလသား ရောဂါများ၊ ကလေးဖျက်ချခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ဂီနီသံကောင်ရောဂါနှင့် Leishmaniasis အစရှိသည်တို့ဖြစ်သည်။ သွေးပေါင်ချိန်ခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ပိုးသတ်ဆေးအလွဲသုံးစွဲမှု၊ မူးယစ်ဆေးစွဲခြင်းနှင့် မွေးကင်းစကလေးငယ်၊ ပေါင်ချိန်မပြည့်ကလေးငယ်များကို စောင့်ရှောက်ခြင်း စသည့် ခေါင်းစဉ်များလည်း ပါဝင်သည်။

ဆေးပညာသည် စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည်ဖြစ်၍ အတွေးအခေါ်သစ်၊ သတင်းအချက်အလက်သစ်များကို ဤစာအုပ် အနှံ့အပြား၌ ထည့်သွင်းထားသည်။ ဥပမာများကို တင်ပြထားသည်။

အစိမ်းရောင်စာမျက်နှာများတွင် ထပ်တိုးဆေးဝါးများဖော်ပြထားသည်။ အကြောင်းမှာ အချို့ရောဂါများသည်တစ်ချိန်ကသုံးစွဲခဲ့သော ဆေးဝါးများကိုခံနိုင်ရည်ရှိလာကြ၍ဖြစ်သည်။ ငှက်ဖျား၊ အူရောင်ငန်းဖျား၊ အဆုတ်ရောဂါ၊ လိင်မှတဆင့်ကူးစက်ရောဂါတို့အတွက် ရိုးရှင်းသော လမ်းညွှန်ချက်ပေးရန် ယခုအခါခက်ခဲလာသည်။ ကုသမှုဖြစ်နိုင်ချေအမျိုးမျိုးကို ပေးထားသည်။ သို့သော် ကူးစက်ရောဂါများကုသရန်အတွက် ရနိုင်သည့်ဆေးဝါး၊ အစွမ်းထက်သည့်ဆေးဝါးများကို သိနိုင်ရန် ဒေသန္တရကျန်းမာရေးအရာရှိများထံမှ လမ်းညွှန်ချက်ရယူသင့်သည်။

ဆေးဝါးနှင့်ပတ်သက်၍ နောက်ဆုံးသတင်းအချက်အလက်များဝေမျှရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ မရှိမဖြစ်ဆေးဝါး စာရင်း (Essential Drug List) ကို အဓိကအခြေခံထားသည်။ သို့သော် အသုံးတွင်ကျယ်သလောက် အန္တရာယ်ကြီးမားသော ဆေးဝါးအချို့ကို လည်း ဆွေးနွေးတင်ပြထားသည်။

ဒေသအလိုက်သုံးစွဲလေ့ရှိသည့် ဆေးမြီးတိုများ၊ အိမ်သုံးဆေးများ၊ တိုင်းရင်းဆေးများ၏တန်ဖိုးကိုလည်း အလေးအနက်ထား ဖော်ပြ ထားသည်။

ဤစာအုပ်၏နေရာအတော်များများ၌လူထုပူးပေါင်းပါဝင်မှုအခန်းကဏ္ဍကိုလည်းအလေးထားဖော်ပြထားသည်။ဥပမာအားဖြင့် မိခင်နို့ တိုက်ကျွေးရေးစီမံချက်အောင်မြင်ရန် လူမှုအသိုင်းအဝန်း၏စည်းရုံးသိမ်းသွင်းမှုသည်အထူးအရေးပါသည်။ ထို့နည်းတူ မူးယစ်ဆေးစွဲပြဿနာ၊ ပိုးသတ်ဆေးအလွဲသုံးခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းအစရှိသည်တို့သည် ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင်ပူးပေါင်းဖြေရှင်းကြမှသာ ပို၍ကျန်းမာ သော၊ လုံခြုံစိတ်ချရသော လူမှုအဖွဲ့အစည်းဖြစ်လာမည်ဖြစ်သည်။

0001

မူရင်းစပိန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေရာတွင် ကမ္ဘာအနှံ့မှ ပြည်သူများအတွက် ခြုံငုံ၍ ရေးရခြင်းဖြစ်၍ အလွန်ပင် ယေဘုယျ သဘောဆောင် နေပါလိမ့်မည်။ နယ်ပယ်ဒေသတစ်ခု၏ ရိုးရာယဉ်ကျေးမှု၊ စာပေဘာသာစကား၊ ရိုးရာကုထုံးများ၊ ဒေသန္တရကျန်းမာ ရေးလိုအပ်ချက်တို့နှင့်အကျွမ်းတဝင်ရှိသော ပုဂ္ဂိုလ်တို့က ဒေသနှင့် လိုက်လျောညီထွေအောင် ဤစာအုပ်ပါအချက်အလက်များကို ညှိနှိုင်းအသုံး ချတတ်မည်ဆိုပါက အလွန်ပင်အသုံးဝင်သည့် လက်စွဲစာအုပ် ဖြစ်လာပါလိမ့်မည်။

ဤစာအုပ်သည် မိမိကျန်းမာရေး မိမိဖာသာစောင့်ရှောက်လိုသူများ အတွက် ရေးသားထားသော်လည်း လူထုကျန်းမာရေးလုပ်သား များအား လေ့ကျင့်သင်တန်းပေးရန် သင်ရိုးညွှန်းတန်းအဖြစ်လည်းကောင်း၊ လုပ်ငန်းခွဲ လက်စွဲအဖြစ်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲ နေကြပါသည်။ သို့အတွက်ပင် ၄င်းတို့အတွက် နိဒါန်းအခန်းကို ထည့်သွင်းထားခြင်းဖြစ်သည်။ ကျန်းမာရေးလုပ်သား၏ ပထမဆုံးအလုပ်မှာ သူသိရှိနားလည်ထားတဲ့ ဗဟုသုတကိုပြည်သူလူထုအားမျှဝေပေးရန်၊ ပညာပေးရန်ဖြစ်ကြောင်း ရှင်းလင်းစွာအသိပေးထားခြင်းဖြစ်သည်။

ယနေ့အခါ ဖွံ့ဖြိုးပြီးနိုင်ငံများရော၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံများပါ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် အခြေအနေဆိုးဝါး နေဆဲဖြစ်သည်။ လူသားတို့၏ လိုအပ်ချက်များကိုပြည့်ဝအောင် မဖြည့်ဆည်းနိုင်သေးပါ။ မမျှတမှုများလည်း ရှိနေသေးသည်။ လက်တစ်ဆုပ် စာ လူနည်းစုသာ ပြီးပြည့်စုံဆုံးစောင့်ရှောက်မှုများကို ရရှိခံစားနိုင်ကြသည်။

ကျန်းမာရေးအသိပညာကို ရက်ရက်ရောရောမျှဝေခြင်းမှဖြစ်စေ၊ ရိုးရာနည်းဖြင့်ကုသခြင်း၊ ခေတ်မီနည်းဖြင့်ကုသခြင်းတို့အနက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာ ကိုယ်တိုင်သင်ယူလေ့လာခြင်းဖြင့်ဖြစ်စေ နေရာအနှံ့မှာရှိသည့် ပြည်သူတို့သည် (၄င်းတို့ကိုယ်တိုင် အတွက်ရော၊ တစ်ခြားလူအတွက်ပါ) အစွမ်းထက်ထိရောက်ပြီး ညင်သာသောကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ် ဖော်ဆောင်နိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း။

ကျေးလက်ကျန်းမာရေးလုပ်သားအတွက် အမှာစကားများ

အဓိပ္ပါယ်သတ်မှတ်ချက်။ ။ မိမိ၏မိသားစုကိုဖြစ်စေ၊ အိမ်နီးနားချင်းများကိုဖြစ်စေ ပို၍ကျန်းမာလာစေရန်ကူညီပေးသူကို ကျေးလက်ကျန်း မာရေးလုပ်သားဟုခေါ်ဆိုသည်။ သူတစ်ပါးကို ကူညီတတ်၊ ကြင်နာတတ်ပြီး စွမ်းဆောင်ရည်လည်းရှိသူဖြစ်၍ အခြားရွာသားများက ရွေးချယ် တာဝန်ပေးခြင်းခံရသူများဖြစ်လေ့ရှိသည်။

အချို့လုပ်သားများမှာကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုလေ့ကျင့်သင်ကြားပေးမှုကိုခံယူ ရရှိသူများဖြစ်သည်။ အချို့မှာထိုကဲ့သို့ စနစ်တကျလေ့ကျင့်သင်ကြားမှုကိုမရရှိပဲ မိမိဖာသာအတွေ့အကြုံမှ သင်ယူလေ့လာခဲ့သူများဖြစ်သည်။ ဆေးဆရာအဖြစ် ရပ်ရွာမှ အသိအမှတ်ပြုခံထားရသူများဖြစ်သည်။

ပိုမိုကျယ်ပြန့်သော အမြင်ဖြင့် ဆိုရလျှင် မိမိရပ်ရွာအား ပိုမိုကျန်းမာသည့် အရပ်ဒေသတစ်ခုဖြစ်လာစေရန် ပူးပေါင်းပါဝင်စွမ်းဆောင်သည့် မည်သူမဆို ကျေးလက်ကျန်းမာရေးလုပ်သားဟု ခေါ်ဆိုနိုင်သည်။ လူတိုင်းပင် ကျန်းမာရေးလုပ်သား ဖြစ်နိုင်ကြောင်း အောက်ပါ ဥပမာ တို့က သက်သေပြဆို၏။

  1. မိဘများက မိမိတို့ရင်သွေးများအား သန့်သန့်ရှင်းရှင်းနေတတ်အောင် သင်ပေးနိုင်သည်။
  2. လယ်သမား၊ ယာသမားများသည် ကောက်ပဲသီးနှံပိုထွက်စေရန် ပူးပေါင်းလုပ်ဆောင်နိုင်သည်။
  3. ကျောင်းဆရာ၊ ဆရာမများက ကျောင်းသားလေးများကို အဖြစ်များရောဂါများနှင့် ထိခိုက်ဒဏ်ရာများအားကာကွယ်နည်း၊ ကုသနည်းများ သင်ကြားပေးနိုင်သည်။
  4. ကျောင်းသူ ကျောင်းသား အချင်းချင်းလည်း မိမိတို့မိဘများသင်ကြားပေးလိုက်သည့် ကျန်းမာရေးဗဟုသုတများကို မျှဝေနိုင်သည်။
  5. စျေးဆိုင်ပိုင်ရှင်များကလည်း မိမိတို့ရောင်းချပေးလိုက်သည့် ဆေးဝါးများနှင့်ပတ်သက်၍ သုံးရမည့်ရောဂါ၊ သောက်ပုံသောက်နည်း၊ ဘေး ထွက်ဆိုးကျိုးများ၊ သတိထားရန်များကို ဆေးဝယ်သူများအား ရှင်းပြနိုင်သည်။
  6. သားဖွားဆရာမများကလည်း ကလေးမိဘများကို ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်ဝစွာစားရန်၊ မိခင်နို့ချိုစနစ်တကျတိုက်ကျွေးနိုင်ရန်၊ သားဆက်ခြားရန် စသည်တို့ကို ဆွေးနွေးညှိနှိုင်းပညာပေးနိုင်သည်။

ကျယ်ပြန့်သောအမြင်ဖြင့်အဓိပ္ပါယ်သတ်မှတ်ထားသော ကျန်းမာရေးလုပ်သားများအတွက် ဤစာအုပ်ကိုရေးထားပါသည်။ အကယ် ၍ သင်သည် ကျန်းမာရေးလုပ်သားတစ်ဦး (သို့) သားဖွားဆရာမတစ်ဦး (သို့) ဆရာဝန်တစ်ဦးပင်ဖြစ်နေစေကာမူ ဤစာအုပ်သည် သင်တစ်ဦး တည်းအတွက်မဟုတ်ပါ။ ပြည်သူအားလုံးအတွက်ဖြစ်သည်။မျှဝေပေးပါ။သင်သိတာသူများတွေသိအောင် ရှင်းပြနိုင်ဖို့ ဤစာအုပ်ကိုအသုံးပြုပါ။

အုပ်စုငယ်လေးများ ဖွဲ့ထားပြီး တစ်ကြိမ်မှာ ခေါင်းစဉ်တစ်ခုအောက်မှအချက်များဖတ်ခြင်း၊ မှတ်ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါ သည်။

ချစ်စွာသော ကျန်းမာရေးလုပ်သားခင်ဗျာ…

ဒီစာအုပ်ဟာ အဓိက ကတော့ ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်ချက်တွေအကြောင်းပါပဲ။ဒါပေမယ့် သင်ရဲ့ရွာဟာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အရပ်ဒေသဖြစ်ဖို့ သူတို့ရဲ့ လူသားဆန်တဲ့ လိုအပ်ချက်တွေကို သိရပါမယ်။ ထိတွေ့နေရပါမယ်။ လူထုနဲ့ဆိုင်တဲ့ နားလည်မှု၊ အလေးထားမှု၊စိတ်ဝင်စားမှုတွေဟာသင်ရဲ့ဆေးပညာဗဟုသုတတွေလိုပဲ အရေးပါ ပါတယ်။ ဒီနေရာမှာအကြံဥာဏ်တစ်ချို့ပေးထားပါတယ်။

(၁) ကြင်နာယုယပါ

ဖော်ရွေပျူငှာတဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ချက်၊ ပခုံးပေါ်လက်ကလေးတစ်ချက်တင်လိုက်တာ၊ ဒါမှမဟုတ် တစ်ခြားသော ဂရုစိုက်အလေးထားတဲ့ အသွင်အပြင်အမူအယာလေးတွေဟာ မကြာခဏဆိုသလို တစ်ခြားသင်လုပ်နိုင်တာတွေ အားလုံးထက် သာသွားပါမည်။ သင်နဲ့တန်းတူ သဘောထားပေးပါ။ အလျင်လိုနေတာပဲဖြစ်ဖြစ်၊ စိုးရိမ်ကြောင့်ကြနေတာပဲဖြစ်ဖြစ် တစ်ဖက်သားရဲ့ ခံစားချက်နဲ့လိုအင် ဆန္ဒကို သတိရပါ။ "ငါ့ရဲ့မိသားစုဝင် တစ်ဦးသာ ဒီလိုဖြစ်လျှင် ငါဘယ်လိုလုပ်မလဲ" ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် အမြဲမေးပါ။

နာမကျန်းဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို လူသားတစ်ယောက်လို သဘောထားပါ။ သေအံ့မူးမူးဝေဒနာရှင်တွေကို အထူးကြင်နာယုယပါ။ သူတို့ရဲ့ မိသားစုကိုပါ၊ သင်ဂရုစိုက်ကြောင်း သူတို့သိပါစေ။

(၂) မိမိ၏ အသိပညာကို ဖြန့်ဝေပေးပါ။

ကျန်းမာရေးလုပ်သားတစ်ဦးအနေဖြင့် သင်ရဲ့ ပထမအလုပ်က သင်ကြားပေးဖို့ဖြစ်ပါတယ်။ ပြည်သူလူထုတွေမကျန်းမမာ မဖြစ်ရ အောင် ဘယ်လိုနေရမယ်ဆိုတာ သူတို့သိအောင် လုပ်ပေးခြင်းကိုဆိုလိုပါတယ်။ ရောဂါလက္ခဏာတွေကိုသိရှိစေဖို့ရယ်၊ (အသုံးများဆေးဝါး တွေ၊ အိမ်သုံးဆေးတွေနဲ့) သူတို့ဖာသာကုသတတ်စေဖို့ရယ် ကူညီပေးရန်ဖြစ်ပါတယ်။ သေသေချာချာရှင်းလင်းသင်ပြပေးထားလျှင် ဘာ အန္တရာယ်မှ မရှိပါဘူး။ အဖြစ်များရောဂါတွေဟာ မိမိအိမ်မှာမိမိ ပိုပြီးထိထိရောက်ရောက် အဆောတလျင် ဖြေရှင်းနိုင်ပါတယ်။

(၃) လူထုရဲ့ ဓလေ့ထုံးတမ်းစဉ်လာများ၊ အတွေးအခေါ်များကိုလေးစားပါ။

ခေတ်မီဆေးပညာများကို သင်ကြားတတ်မြောက်လာခြင်းဟာ မိမိ လူမျိုးရဲ့ မိရိုးဖလာဓလေ့ထုံးစံကျန်းမာရေးအယူအဆများနှင့် ကုသပုံနည်းလမ်းများကို ပစ်ပယ်ဖို့မဟုတ်ပါဘူး။

ခေတ်မီအနောက်တိုင်းဆေးပညာရဲ့ အကောင်းဆုံးအဆီအနှစ်တွေနဲ့ တိုင်းရင်းဆေးပညာရဲ့ တန်ဖိုးရှိတဲ့ အနှစ်အသားတွေကို ပေါင်းစပ်သုံးစွဲနိုင်မယ်ဆိုလျှင် ဆေးပညာတစ်မျိုးချင်းစီထက် ထိရောက်သာလွန်ကောင်းမွန်လို့ပါပဲ။

ရိုးရာနည်းလမ်းတွေနဲ့ ဆေးမြီးတိုတွေဟာ မကြာခဏဆိုသလို အန္တရာယ်ရှိတာကို သင်တွေ့မှာပါ။ ဥပမာ ချက်ကြိုးကို နှီးနဲ့ဖြတ်ပြီး နနွင်းသိပ်တာမျိုးပေါ့။ ဒါကိုသင်ပြောင်း ပစ်ချင်မှာပါ။ ဒါပေမယ့် ဂရုစိုက်ပါ။ သူတို့အယူအဆကို လေးစားပါ။ သူတို့ကိုမှားတယ်လို့ပဲ မပြောပါနဲ့။ ဘာကြောင့် တစ်ခြားနည်းလမ်း ပြောင်းသုံးသင့်တယ်ဆိုတာ ရှင်းပြပါ။ ပြည်သူလူထုဟာ သူတို့ရဲ့အစဉ်အလာ အတွေးအခေါ်တွေ ပြောင်းဖို့ ဝန်လေးတတ်ကြတယ်။ သူတို့မှန်တယ်ထင်တာ ယုံကြည်လက်ခံထားကြတယ်။ ဒါကိုကျွန်တော်တို့ လေးစားမှုပြရမယ်။ ခေတ်မီဆေးပညာ ဟာလည်း နေရာတိုင်း ဖြေရှင်းပေးနိုင်တာမဟုတ်ပါဘူး။ ရံဖန်ရံခါ ပြဿနာတောင်ပိုကြီးသွားစေတာမျိုးရှိခဲ့တာပါပဲ။

ဒါကြောင့် ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည်သွားပါ။ လူထုရဲ့ ဓလေ့ထုံးစံနှင့် လူသားဂုဏ်သိက္ခာကို လေးစားပါ။ ဒေသခံ တိုင်းရင်းဆေးဆရာတွေ၊ ဝမ်းဆွဲလက်သည်တွေနဲ့ ပူးပေါင်းလုပ်ပါ။ အပြန်အလှန်သင်ယူပါ။

0005

(၄) သင်ရဲ့ အကန့်အသတ်တွေကို သိထားပါ။

သင်ရဲ့ကျွမ်းကျင်မှုနဲ့ အသိပညာဟာ ကြီးမာသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ သင်လုပ်နိုင်တဲ့ အကန့်အသတ်ဘောင်ထဲက လုပ်နေသမျှကာလပတ်လုံး ကောင်းမွန်တဲ့အလုပ်ဖြစ်ပါတယ်။ သင်လုပ်နိုင်တာပဲလုပ်ပါ။ အတွေ့အကြုံမရှိတဲ့အရာတွေ၊ သေသေချာချာ မသင်ကြားထားရသေးတဲ့ အရာတွေကိုလက်တည့်မစမ်းပါနဲ့။ အန္တရာယ်ကြီးလို့ပါ။ သင်ဘာသာပဲဆုံးဖြတ်ရမှာပါ။ ကျွမ်းကျင်တဲ့ဆေးပညာ ရှင်တွေဆီရောက်ဖို့ ဘယ်လောက်နီးသလဲ၊ ဝေးသလဲ ပေါ်မှာမူတည်ပြီး ဆုံးဖြတ်ရမှာပါ။

ဥပမာအားဖြင့် မီးဖွားပြီး သွေးသွန်နေသည့် မိခင်ကိုကုသရမည် ဆိုပါစို့။ကျန်းမာရေးဌာန (သို့) ဆေးရုံနှင့် နာရီဝက်သာသောဝးသည့် အရပ်ဆိုလျှင် လူနာကို အမြန်ပို့တာအကောင်းဆုံးဖြစ်ပေမယ့်၊ ဆေးရုံကလည်းဝေးတယ်၊ လူနာသွေးဆင်းတာလည်း များလွန်းနေတယ် ဆိုလျှင် သားအိမ်ကျုံ့စေရန် နှိပ်နယ်ပေးခြင်း၊ ဆေးထိုးပေးခြင်းတို့ကို အရေးပေါ်လုပ်ပေးနိုင်ပါတယ်။ မလိုအပ်ပဲနဲ့တော့ အခွင့်အရေးကို အသုံးမချပါနဲ့။ ဘာမှမလုပ်ပေးနိုင်လို့ အန္တရာယ်သိပ်ကြီးမယ်ဆိုရင်တော့ ကောင်းမယ်ထင်တာရဲရဲဝံ့ဝံ့လုပ်ပေးလိုက်ပါ။ သင်ရဲ့အကန့်အသတ်ကို သိရမှာ ဖြစ်ပေမယ့်သင်ရဲ့ ဆင်ခြင်တုံတရားကိုသုံးပါ။ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ထက် ဝေဒနာရှင်ကို ကယ်တင်ဖို့ အမြဲတစေအကောင်းဆုံးကြိုးစားပါ။

(၅) စဉ်ဆက်မပြတ်လေ့လာသင်ယူနေပါ။

ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ ရသမျှအခွင့်အရေးကို အသုံးချပါ။ မိမိအား ထူးချွန်သောကျန်းမာရေးလုပ်သားကောင်း၊ ဆရာကောင်း၊ ပြည်သူကောင်းဖြစ်စေနိုင်မည့် မည်သည့်စာအုပ်စာပေကိုမဆို ဖတ်ရှုလေ့လာပါ။ ဆရာဝန်များ၊ သန့်ရှင်းရေးအရာရှိများ၊ စိုက် ပျိုးရေးပညာရှင်များ၊ တစ်ခြားမည်သူ့ကိုမဆို မိမိသိသင့်တာများမေးမြန်းပါ။ လေ့လာသင်ယူပါ။ သင်ရဲ့လေ့လာသင်ယူမှုတွေ ရပ်လိုက်ပြီ ဆိုတာနဲ့ ပြည်သူလူထုအပေါ်ကိုလည်း အသစ်အသစ်တွေ ဆက်လက်သင်ကြားပေးစရာ ရှိတော့မှာမဟုတ်ပါ။

(၆) ပြောသလိုလုပ်မှ လုပ်သလိုပြောပါ။

ပြည်သူလူထုဟာ သင်ဘာတွေပြောသွားသလဲဆိုတာထက် သင်ဘာတွေလုပ်ခဲ့သလဲဆိုတာ ပိုစိတ်ဝင်စားပါတယ်။ ကျန်းမာ ရေး ဝန်ထမ်းကောင်းတစ်ဦးအနေနဲ့ သင်ရဲ့အနေအထိုင်၊ အမူအကျင့်၊ အလေ့အထတွေဟာ ရပ်ရွာလူထုအတွက် စံနမူနာကောင်းဖြစ်သင့် ပါတယ်။ သင်အိမ်မှာ အိမ်သာကောင်းကောင်းတစ်လုံးရှိမှ သူတို့ကိုလည်းတိုက်တွန်းသင့်ပါတယ်။ အများသုံးအမှိုက်ကျင်းတစ်တွင်းတူးမယ် ဆိုလျှင်လည်း သူတို့နဲ့တစ်သားတည်း အပင်ပန်းခံပြီးဝင်ရောက်လုပ်ဆောင်ပေးရပါမယ်။

(၇) ပျော်ရွင်ဖွယ် အလုပ်ခွင်ကို ဖန်တီးပေးပါ။

ကျေးရွာလူထုကို သူတို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့နှင့် ကျန်းမာရေးမြှင့်တင်ဖို့ တက်တက်ကြွကြွ ပါဝင်လာစေချင်တယ်ဆိုလျှင် အဲဒီ လှုပ်ရှားမှုတွေကို ပျော်ရွင်စရာကောင်းအောင် ဖန်တီးပေးပါ။ အဲဒီလိုမဟုတ်လျှင် ဘယ်သူမှဝင်ပါမှာမဟုတ်လို့ပါပဲ။

ဥပမာအားဖြင့် အများသုံးရေကန်ကို တိရိစ္ဆာန်တွေမဝင်နိုင်အောင် ခြံစည်းရိုးခတ်ဖို့ဆိုတာ ပင်ပန်းတဲ့အလုပ်ကြီးပါပဲ။ ဒါပေမယ့် တစ်ရွာလုံးဝင်ကူကြမယ်၊ အကျွေးအမွေးတွေ၊ အိုးစည်ဗုံမောင်းတွေနှင့် လုပ်အားပေးပွဲတော်ကြီးအဖြစ် ဖန်တီးပေးနိုင်မယ်ဆိုလျှင် အလွယ်တကူ အောင်မြင်သွားမှာ မလွဲပါဘူး။ လုပ်ငန်းခွင်ကို ကစားပွဲပုံစံစီစဉ်ပေးနိုင်လျှင် ကလေးတွေလည်း တက်ကြွပျော်ရွင် ပါဝင်လာကြမှာပါ။

သင်ရဲ့စွမ်းဆောင်မှုတွေ၊ လုပ်အားတွေကြောင့် ငွေကြေးတစ်စုံတစ်ရာ ရချင်မှရမှာပါ။ ဆင်းရဲချမ်းသာမရွေး ရပ်ရွာလူထုကို စောင့် ရှောက်ကူညီနိုင်မှသာ သူတို့ရဲ့ မေတ္တာနှင့် လေးစားချစ်ခင်မှုကို ရရှိလာမှာပါ။ ဒါဟာ ငွေထက်အများကြီး တန်ဖိုးရှိပါတယ်။

(၈) အမျှော်အမြင် ရှိပါ။ ရှေ့ရေးကို ကြိုတွေးပါ။ ရပ်ရွာလူထုကိုလည်း ကျိုးကြောင်းဆင်ခြင်တတ်အောင် လေ့ကျင့်ပေးပါ။

တာဝန်သိတတ်သော ကျန်းမာရေးဝန်ထမ်းသည် ရပ်ရွာလူထု မကျန်းမမာဖြစ်ချိန်ထိ စောင့်မနေ။ မိမိတို့၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်နိုင်စေရန် "ယခုအချိန်" ကတည်းက ကြိုတင်စီမံထားတတ်ကြပါတယ်။ ကျန်းမာရေး ပြဿနာတိုင်းမှာ အကြောင်းရင်းခံတွေ ရှိကြစမြဲပါ။ ဒါကို ဖော်ထုတ်နိုင်ရမယ်၊ ကိုင်တွယ်နိုင်ရမယ်။ ပြဿနာရဲ့အရင်းအမြစ်ထိ ရောက်ရမယ်။

ဥပမာအားဖြင့် ရပ်ရွာ တော်တော်များများမှာ ကလေးငယ်တွေ သေဆုံးခြင်းရဲ့အဓိက အကြောင်းတရားဟာ ဝမ်းပျက်ဝမ်းလျောရောဂါ ကြောင့်ပါ။ အစားအစာနှင့် ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် အဓိက ကူးစက်ရတာပါ။ ဒါကို ယင်လုံအိမ်သာတွေ တူးခိုင်းခြင်း၊ အခြေခံသန့်ရှင်းရေး သဘောတရားတွေ (သန့် ၄ သန့်) သင်ကြားပေးခြင်းနှင့် သင် သင်ဖြေရှင်းနိုင်ပါတယ်။

ဒါပေမယ့် ဝမ်းပျက်ဝမ်းလျောတဲ့ကလေးငယ်တွေထဲမှာ သေဆုံးမှုအများဆုံးဟာ အာဟာရချို့တဲ့နေတဲ့ ကလေးတွေဖြစ်နေပါတယ်။ ရောဂါကိုတွန်းလှန်ဖို့ ကိုယ်ခံအားမရှိလို့ပါ။ ဒါကြောင့်ဝမ်းပျက်ဝမ်းလျောလို့မသေအောင် ကာကွယ်မယ်ဆိုလျှင် အာဟာရမချို့တဲ့အောင် လည်း ကာကွယ်ရမှာပါ။

သင်ရပ်ရွာရဲ့ မွေးကင်းစ ကလေးငယ်သေဆုံးမှုတွေရဲ့ နောက်ခံအကြောင်းတရားတွေမှာ အထက်ဖော်ပြပါ အချက်တွေအားလုံး မဟုတ်ရင်တောင် အတော်များများပါမယ်ထင်ပါတယ်။ အခြားအကြောင်းရင်းခံတွေကိုလည်း သင်ဘာသာတွေ့ရှိထားမှာသေချာပါတယ်။ ဒါတွေကို သူတို့သိအောင်လုပ်ဖို့၊ တတ်နိုင်သမျှဖြေရှင်းပေးဖို့က သင်တာဝန်လေ။

ယင်လုံအိမ်သာတွေ၊ ရေကောင်းရေသန့်တွေ၊ ဓါတ်ဆားထုပ်တွေ သက်သက်နဲ့တော့ အသေအပျောက်နှုန်းထားကျဆင်းသွားမှာ မဟုတ်ဘူးဆိုတာ သတိရပါ။

စနစ်တကျ သားဆက်ခြားတာ၊ သီးနှံအထွက်တိုးအောင်ကြံဆောင်တာ၊ တိုင်းပြည်ရဲ့ဘဝကိုရော၊ မြေပိုင်ဆိုင်မှုတွေရော၊ အာဏာ ကိုရော ပိုပြီးမျှမျှတတ ခွဲဝေသုံးစွဲတာတွေကသာ ရေရှည်မှာ အကျိုးဖြစ်ထွန်းမှာပါ။

ကျန်းမာရေးပြဿနာအများစုရဲ့နောက်ကွယ်မှာ လောဘကြီးခြင်းနဲ့ အမျှော်အမြင်ကင်းမဲ့ခြင်းဆိုတဲ့ အကြောင်းရင်းခံ (၂)ခု ရှိနေ တတ်ပါတယ်။

0011

ဝမ်းလျှော၍ အသက်ဆုံးရှုံးရခြင်း၏ သံသရာ

ကျန်းမာရေးစောင့်ရှောက်မှုနှင့် နှီးနွယ်သည့်များစွာသောအကြောင်းအရာများ

ဝမ်းပျက် ဝမ်းလျောခြင်း၊ အာဟာရချို့တဲ့ခြင်းတို့၏ နောက်ခံအကြောင်းတရားတစ်ချို့ကို ကျွန်တော်တို့ လေ့လာပြီးဖြစ်ပါတယ်။ ထို့အတူပဲ အစားအစာထုတ်လုပ်ခြင်း၊ မြေယာခွေဲဝခြင်း၊ ပညာရေးအဆင့်အတန်း၊ လူတွေအချင်းချင်းဆက်ဆံပြုမူပုံစတဲ့ အရာတွေဟာလည်း ကျန်းမာရေးပြဿနာမျိုးစုံရဲ့ နောက်ကွယ်မှာ ရှိနေကြပါတယ်။

သင်နေထိုင်တဲ့ လူမှုအဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီလိုပိုမိုကျယ်ပြန့်နက်ရှိုင်းတဲ့ မေးခွန်း တွေရဲ့အဖြေကို ရပ်ရွာလူထုရှာနိုင်ဖို့ သင်ကြိုးပမ်းရလိမ့်မယ်။

ကျန်းမာရေးဆိုတာ နေမကောင်းမဖြစ်တာ သက်သက်မဟုတ်ပါ။ ခန္ဓာကိုယ်ရော၊ စိတ်ရော၊ လူ့အဖွဲ့အစည်းရော နေထိုင်ကောင်း နေတာ၊ အဆင်ပြေနေတာကို ဆိုလိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခင်းအကျင်း၊ အသိုင်းအဝန်းမှာ ရပ်ရွာလူထုဟာ အကောင်းဆုံး နေထိုင်နိုင်ကြပါတယ်။

တစ်ဦးအပေါ်တစ်ဦးယုံကြည်နိုင်ဖို့၊ နိစ်စဓူဝစားဝတ်နေရေးအတွက် အတူတူအလုပ်လုပ်နိုင်ဖို့၊ ကောင်းတူဆိုးဖက် အေးအတူပူအမျှ မျှဝေခံစားနိုင်ဖို့၊ အသိဥာဏ်ပညာတိုးပွားအောင်၊ ဘဝအဆင့်အတန်းပိုမိုမြင့်မားလာအောင်၊ ကြီးပွားတိုးတက်ရှင်သန်နိုင်အောင်၊ တစ်ဦးနှင့် တစ်ဦး ကူညီနိုင်ဖို့အစရှိတဲ့ အခြေအနေတွေနဲ့ပြည့်စုံတဲ့ လူမှုအသိုင်းအဝန်းလိုမျိုးကို ဆိုလိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေနဲ့ သင်မှာတာဝန်ကြီးမားစွာ ရှိနေပါတယ်။ ဘယ်ကနေ စသင့်သလဲ။

မိမိနေထိုင်ရာ လူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်လျှင်

သင်က အဲဒီရပ်ရွာမှာပဲ မွေးဖွားကြီးပြင်းခဲ့တော့ ရွာသူရွာသားတွေကို ခင်မင်ရင်းနှီးသလို သူတို့ရဲ့ကျန်းမာရေးပြဿနာတွေကို

လည်း အတော်အသင့်သိမှာပါပဲ။ ဒါက သင်ရဲ့ကိုယ်ပိုင်အမြင်သက်သက်ပဲ။ ပိုမိုကျယ်ပြန့်နက်ရှိုင်းတဲ့အမြင်ရဖို့က သင်ရဲ့ လူ့အဖွဲ့ အစည်းကို ဘက်စုံထောင့်စုံကကြည့်မှရလိမ့်မယ်။

ကျေးလက်ကျန်းမာရေးလုပ်သားတစ်ဦးအနေနဲ့သင်ရဲ့တာဝန်က ရပ်သူရွာသားအားလုံးရဲ့ ကျန်းမာရေးပါ။ သင်နဲ့သိမှ သင် ဆေးခန်းကိုလာပြမှမဟုတ်ပါဘူး။ သူတို့ဆီကိုသွားရမယ်။အိမ်တွေ၊ စိုက်ခင်းတွေ၊ ကျောင်းတွေ၊ ဓမ္မာရုံတွေ စသဖြင့်ပေါ့ဗျာ။ သူတို့ရဲ့ ကျေနပ် ပျော်ရွင်မှုတွေရော၊ ပူပန်ကြောင့်ကျမှုတွေရော သိအောင်လုပ်ပါ။ နေ့စဉ်ဘဝထဲက ကျန်းမာစေမယ့်အပြုအမူတွေရော၊ ရောဂါဝေဒနာ (သို့) ထိခိုက်ဒဏ်ရာရစေမယ့် အမူအကျင့်တွေရော လေ့လာဖော်ထုတ်ပါ။

သင်အနေနဲ့ရော၊ ရပ်ရွာအနေနဲ့ရော ကျန်းမာရေးစီမံချက်တစ်ခုကို ရေးဆွဲအကောင်အထည်ဖော်တော့မယ်ဆိုလျှင် ဘာတွေလိုအပ်မလဲနှင့် အလုပ်ဖြစ်ပါ့မလား ဆိုတာတွေ အရင်စဉ်းစားရမယ်။ အဲဒီလိုလုပ်ဖို့ အောက်ပါအချက် (၄)ချက်ကို ထည့်သွင်းစဉ်းစားရမယ်။

  1. ခံစားနေရတဲ့လိုအပ်ချက်များ။  ။ သူတို့ရဲ့အရေးကြီးပြဿနာလို့ လူတွေထင်ထားတဲ့အရာများ။
  2. အစစ်အမှန်လိုအပ်ချက်များ။  ။ ဒီပြဿနာတွေကို ရေရှည်ဖြေရှင်းပေးနိုင်ဖို့ ရပ်ရွာလူထုလိုက်နာရမည့်အရာများ၊ လျှောက်လှမ်းရ မည့်လမ်းကြောင်းများ။
  3. စိတ်အားထက်သန်မှု ။  ။ နံပါတ်(၂)အချက်အတွက် လူထုရဲ့အဆင်သင့်ဖြစ်မှု၊ တက်ကြွမှု။
  4. အရင်းအမြစ်များ ။  ။ ရည်မှန်းထားတဲ့ စီမံချက်တွေ ဆောင်ရွက်နိုင်ဖို့လိုအပ်တဲ့ လူသား၊ ကျွမ်းကျင်မှု၊ ရုပ်ဝတ္တုပစ္စည်းနှင့် ငွေကြေး။

ဆေးလိပ်သောက်တတ်သော အမျိုးသားတစ်ဦးဟာ သင်ထံချောင်းအလွန်အမင်းဆိုး၍ လာပြသည်ဆိုပါစို့။

0012

လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ခြင်း

ကျန်းမာရေးလုပ်သားတစ်ဦးအနေနဲ့ ရပ်ရွာလူထုရဲ့အရေးအကြီးဆုံး ကျန်းမာရေးပြဿနာဟာဘာလဲ၊ သူတို့က အဓိက စိုးရိမ် ကြောင့်ကျမှုဟာဘာလဲဆိုတာ သင်ပထမဆုံးသိချင်လိမ့်မယ်။ အဓိက လိုအပ်ချက်တွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ စုစည်း နိုင်ဖို့ မေးခွန်းလွှာလေးတွေ စီစဉ်ထားဖို့လိုတယ်။ နောက်စာမျက်နှာတွေမှာ နမူနာမေးခွန်းလွှာတွေဖော်ပြထားပါတယ်။

သင်ရဲ့နယ်မြေဒေသအတွက် အရေးကြီးတဲ့မေးခွန်းတွေကိုစဉ်းစားထားပါ။ သင်အတွက် သတင်းအချက်အလက်ရရုံသာမက ရပ်ရွာလူထုကပါ သူတို့ဖာသာ အရေးကြီးတဲ့မေးခွန်းတွေမေးတတ်လာအောင် ဖန်တီးပေးပါ။

အရမ်းရှည်လျားပြီးရှုပ်ထွေးတဲ့မေးခွန်းလွှာကြီးတော့မဖြစ်စေနဲ့။ လူသားတွေဟာ ကိန်းဂဏန်းတွေမဟုတ်ကြဘူး။ သူတို့ကို ကိန်း ဂဏန်းတွေလိုကြည့်မြင်တာလည်းမကြိုက်ကြဘူး။ လူသားတစ်ဦးချင်းစီ ဘာတွေခံစားနေရသလဲ၊ ဘာတွေလိုအပ်နေသလဲဆိုတာ သင်ရဲ့ ဦးစားပေး အလေးထားရမယ့်အချက်ဖြစ်တယ်။ မေးခွန်းစာရင်းစာရွက်ကြီးသယ်မသွားရင် ပိုတောင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် မေးမြန်းစရာ အခြေခံအချက်လေးတွေကိုတော့စိတ်ထဲမှာ ပြင်ဆင်ထားရမယ်။

0013

စံနမူနာမေးခွန်းလွှာများ

လူထုရဲ့ကျန်းမာရေးလိုအပ်ချက်များကို ဖော်ထုတ်နိုင်ရန်နှင့် လူထုကိုယ်တိုင် တွေးခေါ်မျှော်မြင်နိုင်လာစေရန်။

သူတို့ခံစားနေရတဲ့ လိုအပ်ချက်များ

ရပ်ရွာလူထုအနေဖြင့် သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုရှင်သန် နေထိုင် ကျင်လည်ကျက်စားနေကြသလဲ။ သူတို့ရဲ့ ဘဝဟာ ကျန်းမာရေးနဲ့ညီညွတ်နေပါတယ်လုို့ သူတို့ခံစားရလား။ ဘာတွေဟာ သူတို့ရဲ့အဓိကပြဿနာတွေလဲ၊ လိုအပ်ချက်တွေလဲ။

အိုးအိမ်နှင့်သန့်ရှင်းရေး

နေအိမ်တွေကို ဘယ်လိုတည်ဆောက်ထားသလဲ။ နံရံတွေ၊ ကြမ်းပြင်တွေက ဘယ်လိုလဲ။သန့်ရှင်းရဲ့လား။ ထမင်းဟင်းချက်တာဘယ်မှာလဲ။ ကြမ်းပြင်ပေါ်မှာလား။ မီးခိုးထွက်ပေါက်ရှိလား။လူတွေဘယ်မှာအိပ်သလဲ။ ခြင်၊ ယင်၊ ကြွက်၊ ကြမ်းပိုး၊ ပိုးဟပ်တွေရှိနေလား။ ဒုက်ခပေးနေလား။ ဘယ်လိုနှိမ်နင်းနေသလဲ။ တစ်ခြားဘာလုပ်လို့ရဦးမလဲ။

အစားအစာတွေကိုရော လုံလုံခြုံခြုံဖုံးအုပ်ထားရဲ့လား။

ခွေး၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ် စသဖြင့် ဘာတိရိစ္ဆာန်တွေ မွေးမြူထားသလဲ။ အိမ်ထဲအဝင်ခံလား။ ဘာပြဿနာရှိသလဲ။ တိရိစ္ဆာန်တွေမှာ ဘာ ရောဂါတွေ အဖြစ်များသလဲ။ လူတွေရဲ့ ကျန်းမာရေးအပေါ် ထိခိုက်တာတွေရှိလား၊ ဘာတွေစီစဉ်ထားလဲ။

ရေဘယ်ကရသလဲ။ ရေကောင်းရေသန့်ဟုတ်ရဲ့လား။

မိသားစု ဘယ်လောက်များများမှာ အိမ်သာရှိကြသလဲ။ ဘယ်လောက်သန့်သန့်ရှင်းရှင်းသုံးစွဲနိုင်သလဲ။ ရွာတွင်းရွာပြင် သန့်ရှင်းရဲ့လား၊ အမှိုက်ဘယ်လိုစွန့်ပစ်ကြသလဲ။

လူဦးရေ

ရွာမှာလူဘယ်နှစ်ယောက်နေလဲ၊ အသက် ၁၅နှစ်အောက် ဘယ်နှစ်ယောက်ရှိသလဲ။

စာရေးတတ် ဖတ်တတ်တာ ဘယ်နှစ်ယောက်ရှိသလဲ။ ကျောင်းထားရတာကော အဆင်ပြေရဲ့လား။ ကလေးတွေကို သိသင့်သိထိုက်တာတွေ သင်ကြားပေးနိုင်ရဲ့လား။ ကျောင်းတက်နိုင်တဲ့ကလေး ဘယ်နှစ်ယောက်ရှိသလဲ။ စာသင်ကျောင်းအပြင်ကလေးတွေကို ပညာပေးနိုင်တဲ့ အခြားနည်းလမ်းတွေရှိသေးလား။

ဒီနှစ်မှာ ကလေးဘယ်နှစ်ယောက်မွေးသလဲ။ လူတွေဘယ်လောက်သေသလဲ။ ဘယ်ရောဂါနဲ့လဲ။ ဘယ်အသက်တွေမှာသေသလဲ။ သူတို့ကို မသေအောင်ကြိုတင်ကာကွယ်နိုင်မလား။ ဘယ်လိုပုံစံနဲ့လဲ။

ရပ်ရွာလူဦးရေက တိုးပွားနေသလား။ ဆုတ်ယုတ်နေသလား။ အဲဒါဟာ ပြဿနာတစ်စုံတစ်ရာဖြစ်နိုင်လား။

ပြီးခဲ့တဲ့နှစ်က လူတွေဘယ်နှစ်ကြိမ်လောက်ဖျားနာခဲ့ကြသလဲ။ တစ်ခါဖျားလျှင် ဘယ်လောက်ကြာသလဲ။ ဘာရောဂါတွေဖြစ်ခဲ့သလဲ။ ဘာ ကြောင့်လဲ။

နာတာရှည်ဝေဒနာသည် ဘယ်နှစ်ယောက်ရှိသလဲ။ ဘာရောဂါတွေလဲ။

မိသားစုအများစုမှာ ကလေးဘယ်နှစ်ယောက်စီရှိသလဲ။ ကလေးဘယ်နှစ်ယောက်သေသလဲ။ ဘာရောဂါနဲ့လဲ။ ဘယ်အသက်မှာလဲ။ အခြေခံ အကြောင်းတရားတွေက ဘာဖြစ်မလဲ။

သားဆက်ခြားဖို့၊ ကလေးနောက်ထပ်မယူတော့ဖို့ မိသားစု ဘယ်လောက်များများက စိတ်ဝင်စားကြသလဲ။

အာဟာရ

လယ်ယာကိုင်းကန်ဇွန်းနှင့်အစားအစာ

ကျန်းမာရေးစောင့်ရှောက်မှု

အရပ်လက်သည်တွေ၊ ဗိန္ဓောဆေးဆရာတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ၊ ဘယ်လိုတိုင်းရင်းဆေးတွေသုံးသလဲ။

ဘယ်နေရာမှာ အစွမ်းထက်သလဲ။ အန္တရာယ်ဖြစ်တာတွေရောရှိလား။

အနီးဆုံးကျန်းမာရေးဌာနက ဘာလဲ။ ဘယ်လောက်ကောင်းသလဲ။ အကုန်အကျများလား။ ရွာသားတွေ ဘယ်လောက်အားကိုးရလဲ။

ရောဂါကာကွယ်ဆေးတွေကို ကလေးဘယ်လောက်ထိုးနှံပေးထားသလဲ၊ တစ်ခြား ကာကွယ်ရေးစီမံချက်တွေရောဘာရှိလဲ။ ဘာတွေထပ်လုပ်ဖို့ ရှိသလဲ။ ဘယ်လောက်အရေးပါသလဲ။

ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး

အခုအချိန်မှာရော နောင်တစ်ချိန်မှာပါ ရပ်ရွာလူထုရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အရေးအကြီးဆုံးအရာတွေက ဘာလဲ။

အဖြစ်များရောဂါဝေဒနာတွေထဲက ဘယ်လောက်များများကို ကိုယ့်ဖာသာ ကာကွယ်ကုသနိုင်မလဲ၊ ပြင်ပက အကူအညီနှင့် ဆေးဝါးကုသမှု ကို ဘယ်လောက်ယူရမလဲ။

မိမိတို့ကျန်းမာရေး မိမိတို့ကိုယ်တိုင် စောင့်ရှောက်တာဟာ ပိုပြီးအန္တရာယ်ကင်းတယ်၊ အစွမ်းထက်တယ်၊ ပြီးပြည့်စုံတယ်ဆိုတာ စိတ်ဝင်စား ကြသလား။ ပိုပြီးသိရှိလာအောင် ဘယ်လိုလုပ်မလဲ။ အခက်အခဲအဟန့်အတားက ဘာတွေလဲ။

ယောကျငျာ်း မိန်းမ၊ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး ရပိုင်ခွင့်တွေတူညီသလား။ ဘယ်လိုပြုမူခံနေရသလဲ။ ဘာကြောင့်လဲ။ တရားမျှတရဲ့ လား။ ဘာတွေပြောင်းလဲဖို့လိုသလဲ။ ဘယ်သူကလဲ။ ဘယ်လိုနည်းနဲ့လဲ။

ဘုံလိုအပ်ချက်တွေရရှိနိုင်ဖို့ လူတွေပူးပေါင်းအလုပ်လုပ်နိုင်မလား။ လိုအပ်ချက်တွေ ကြီးမားနေလျှင် တစ်ဦးနှင့်တစ်ဦးကူညီနိုင်သလား။ မျှဝေခံစားကြသလား။

သင်ရဲ့ရပ်ရွာ ကျန်းမာပျော်ရွင်ဖွံ့ဖြိုးသာယာလာစေဖို့ ဘာလုပ်နိုင်မလဲ။ သင်နဲ့ရပ်ရွာလူထုဘယ်ကစကြမလဲ။

လိုအပ်ချက်များကိုဖြည့်ဆည်းရန် ဒေသန္တရအရင်းအမြစ်များအား သုံးစွဲခြင်း။

ပြဿနာကို ဘယ်လိုကိုင်တွယ်မှာလဲဆိုတာ ဘာအရင်းအမြစ်တွေ ရနိုင်သလဲဆိုတာ အပေါ်မူတည်ပါတယ်။ အချို့သောလုပ်ဆောင်မှု များသည် ပြင်ပမှအရင်းအမြစ်များဖြစ်သော (ငွေကြေး၊ ဝတ္တုပစ္စည်း၊ ကျွမ်းကျင် ပုဂ္ဂိုလ် အစရှိသဖြင့်) လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကာကွယ် ဆေးထိုးစီမံချက်မှာဆိုလျှင် ဆေးတွေကပြည်ပကနေတင်သွင်းရပါတယ်။

တစ်ချို့လုပ်ငန်းစဉ်များကျတော့ မိမိဒေသအရင်းအမြစ်များနဲ့ပဲ လုံးဝပြီးစီးအောင်မြင်အောင် စီမံဆောင်ရွက်နိုင်ကြပါတယ်။ ဥပမာ အားဖြင့် သောက်သုံးရေကန်ခြံစည်းရိုးခတ်ခြင်းနှင့် ယင်လုံအိမ်သာစီမံချက်များ၊ အရေးကြီးအစွမ်းထက်ဆေးဝါးများ၊ ကာကွယ်ဆေးများအစရှိ သည့် ပြင်ပအရင်းအမြစ်များဟာ လူထုကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားတာမှန်သော်လည်း "ဒေသန္တရအရင်းအမြစ်များကို ဖြစ်နိုင်သမျှ ရနိုင်သမျှ အသုံးချနိုင်ရန် ကြိုးပမ်းခြင်းသည်သာ လူထုအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ပေသည်။" ဆိုတဲ့ ယေဘုယျ စည်း မျဉ်းကို ကိုင်စွဲထားရပါမယ်။

ကိုယ့်အားကိုယ်ကိုး များများပိုလုပ်နိုင်လေ ပြင်ပအကူအညီအထောက်အပံ့ကို မှီခိုရမှုနည်းလာလေလေ၊ ပို၍ကျန်းမာသန်စွမ်းသော လူမှုအဖွဲ့အစည်းဖြစ်လာလေလေပါပဲ။

ဒေသန္တရအရင်းအမြစ်ဆိုတာက လိုအပ်တဲ့အချိန်အလွယ်တကူရနိုင်တယ်၊ အကုန်အကျသက်သာတယ်၊အကျိုးရှိတယ်။ ဥပမာ မိခင် တွေကို နို့ချိုတိုက်ကျွေးရန် သင်အားပေးအားမြှောက်ပြုနိုင်ခဲ့မယ်ဆိုလျှင် "အကောင်းတကာ့အကောင်းဆုံးဒေသန္တရအရင်းအမြစ်" အပေါ် အခြေခံတဲ့ ကိုယ့်အားကိုယ်ကိုးစနစ်တစ်ရပ် တည်ဆောက်လိုက်နိုင်တာပေါ့။ ကလေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါဘယတွေ၊ အသေအပျောက် တွေကို မိခင်နို့က ကာကွယ်ပေးပါဦးမယ်။ ငွေကြေးနဲ့ ပေးမဝယ်နိုင်တဲ့တစ်ကယ့်ထိပ်တန်းအရင်းအမြစ်ပါ။

ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်ဆုံး အရင်းအမြစ်ဟာ ပြည်သူလူထုပါပဲ။

ဘာလုပ်မှာလဲ၊ ဘယ်တော့စမလဲ

မိမိတို့ရပ်ရွာရဲ့ လိုအပ်ချက်တွေနဲ့အရင်းအမြစ်တွေကို ဂရုတစိုက်လေ့လာပြီးတဲ့အခါမှာ သင်တို့ဆုံးဖြတ်ရမှာက ဘာတွေအရေး ကြီးလဲ၊ ဘယ်ဟာကိုစလုပ်မလဲဆိုတာပဲ။ လုပ်စရာတွေကတော့အမျိုးမျိုးပေါ့။ လတ်တလော အရေးကြီးတာလည်းရှိတယ်။ ရေရှည်အကျိုးဖြစ် ထွန်းစေမယ့် ကိစ္စတွေလည်းရှိမယ်။

ကျေးရွာအများစုမှာတော့ ကျန်းမာရေးပြဿနာတိုင်းရဲ့အစိတ်အပိုင်းအဖြစ် အာဟာရချို့တဲ့မှုကပါဝင်နေလေ့ရှိတယ်။ ဝအောင်မစား ရတဲ့လူထုဟာ မကျန်းမာနိုင်ဘူး။ ဖြေရှင်းရမယ့်အခြားကျန်းမာရေးပြဿနာတွေ ဘယ်လောက်ရှိရှိ ရပ်ရွာလူထုရဲ့အာဟာရချို့တဲ့မှုဟာ သင် ရဲ့ ပဓာန ဦးစားပေးဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ ဒီကိစ္စမှာလည်း အခြေခံအကြောင်းတရားတွေက အမျိုးမျိုးအဖုံဖုံဆိုတော့ ပြဿနာကို ချဉ်းကပ်ရမယ့်လမ်းကြောင်းတွေကလည်း မျိုးစုံဖြစ်နေမှာပေါ့။ အလုပ်ဖြစ်မယ့်နည်းလမ်းကို ရွေးချယ်ရမှာပေါ့။

အချို့ကျေးရွာသားတွေ သူတို့ရဲ့ အာဟာရလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ကြိုးပမ်းအောင်မြင်ခဲ့တဲ့ နည်းလမ်းအချို့ကို ဥပမာအနေနဲ့ ဖော်ပြထားပါတယ်။ တစ်ချို့က မြန်တယ်၊ တစ်ချို့ကကြာတယ်။ သင်ကိုယ်တိုင် အလုပ်ဖြစ်မယ့်၊ အဆင်ပြေမယ့်နည်းကို စဉ်းစားရွေးချယ် ကြပါ။

ပိုမိုကောင်းမွန်သော အာဟာရ ရရှိရေးအတွက်ဖြစ်နိုင်သော နည်းလမ်းများ

0025
0026
0027
0028

အာဟာရပြည့်ဝရေးအတွက် နောက်ထပ်နည်းလမ်းများ

အတွေးသစ်၊ အမြင်သစ်ဖြင့် လမ်းသစ်လျှောက်ကြည့်ခြင်း။

နောက်ဆုံးစာမျက်နှာများတွင် ဖော်ပြထားတဲ့ အကြံပြုချက်အားလုံးကတော့ သင်ရပ်ရွာမှာ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ကိုယ့် ဒေသအခြေအနေနဲ့ ရနိုင်မယ့်အရင်းအမြစ်တွေပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြုပြင်သုံးစွဲလျှင် အလုပ်ဖြစ်မှာပါ။ လက်တွေ့စမ်း သပ်လုပ်ကြည့်မှ သိမှာပါ။

အတွေးအမြင်သစ်နဲ့ နည်းလမ်းသစ်ကို စတင်တဲ့အခါ ခပ်သေးသေးနဲ့စပါ။ ကိုယ့်ရဲ့စမ်းသပ်မှု မအောင်မြင်ခဲ့၊ လွဲချော်ခဲ့လျှင် အခံရ သက်သာအောင်လို့ပါ။ သင် သိပ်မဆုံးရှုံးဘူးပေါ့။ အဆင်ပြေသွားတယ် ဆိုရင်လည်း အလုပ်တစ်ကယ်ဖြစ်မှန်း ရပ်ရွာလူထုကသိရှိသွားပြီး ပိုမိုကျယ်ပြန့်ကြီးမားစွာ ဆက်လက်အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

လက်တွေ့လုပ်ကြည့်လို့ မအောင်မြင်ခဲ့ရင်လည်း စိတ်ပျက်အားငယ်ရန်မလိုပါ။ နောက်တစ်မျိုးပြောင်းပြီး စမ်းကြည့်နိုင်ပါတယ်။ သင်ရဲ့အောင်မြင်မှုများထံမှရော၊ ရှုံးနိမ့်မှုများထံမှပါ သင်ယူနိုင်ပါတယ်။ ဒါပေမယ့် ခပ်သေးသေးနဲ့ပဲစပါ။

ဒီနေရာမှာ နမူနာလေးတစ်ခု ပေးထားပါတယ်။ ပဲပိစပ်လို အချို့သော ပဲတွေဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ အရမ်းကောင်းတယ် ဆိုတာ သင်သိထားတယ်။ ဒါပေမယ့် သင်နေတဲ့ဒေသမှာ စိုက်ပျိုးလို့ဖြစ်လား၊ လူတွေကရောစားမှာလား။

0030
မြေကွက်အသေးလေး ၂ကွက်၊ ၃ကွက် လောက်နဲ့ စမ်းသပ်ကြည့်ကြရအောင်။ မြေနဲ့ရေ အနေအထားမျိုးစုံနဲ့ပေါ့။ ပဲပင်လေးတွေ ရှင်သန်အောင်မြင်လာတယ်ဆိုရင် ပုံစံအမျိုးမျိုးနဲ့ ချက်ကြည့်ပါ။ ရပ်ရွာလူထုလက်ခံစားသုံးနိုင်ရဲ့လား။ စားကြတယ်ဆိုလျှင် ပဲထွက်အများဆုံး စိုက်ခင်းက မြေ၊ ရေ အနေအထားအတိုင်း တိုးချဲ့စိုက်ပါ။ တစ်ခြားအထွက်ကောင်းစေမယ့် နည်းလမ်းတွေကိုလည်း စိုက်ခင်းငယ်လေးတွေနဲ့ ဆက်လက်စမ်းသပ်နေပါ။

အမြဲတစေ စမ်းသပ်ပြောင်းလဲသုံးစွဲကြည့်ချင်မယ့် အခြေအနေလေးတွေလည်း ရှိနေမှာပါ။ ဥပမာ မြေအမျိုးအစား၊ ဓါတ်မြေသြဇာ၊ ရေပမာဏ၊ မျိုးစေ့ စသဖြင့်ပေါ့။ ဘယ်ဟာကောင်းသလဲ၊ ဘယ်ဟာမကောင်းဘူးလဲ သိနိုင်ဖို့က တစ်ချိန်မှာ အခြေအနေတစ်ရပ်ကိုပဲပြောင်းပါ။ ကျန်တာတွေ ကိန်းသေထားပါ။

ဥပမာ တိရိစ္ဆာန်အညစ်အကြေးကို ဓါတ်မြေသြဇာအဖြစ်သုံးရင်ကောင်းမလား၊ ဘယ်လောက်ပမာဏသုံးရင်အကောင်းဆုံးလဲ သိရှိ နိုင်ဖို့က စိုက်ခင်းငယ်ကလေးတွေကို တစ်ခုနဲ့တစ်ခု ဘေးချင်းယှဉ်ပြီး စိုက်ထား။ ရေနဲ့နေရောင်ခြည်အတူတူရ ရမယ်။ မျိုးစေ့ခြင်းလည်း အတူတူ။ ဒါပေမယ့် ပဲမစိုက်ခင် မြေထဲကို မြေသြဇာ (နွားချေး) ထည့်တဲ့ပမာဏမတူဘူး

ဒီစမ်းသပ်မှုကနေ ဘာပြသလဲဆိုတော့ အသင့်အတင့်သော မြေသြဇာ (နွားချေး)သာအကောင်းဆုံးအကျိုးရလဒ်ကိုရမယ်။ များလွန်း ရင်မကောင်းဘူးဆိုတာပါပဲ။ ဒါဟာ ဥပမာတစ်ခုသာဖြစ်ပါတယ်။ သင်ရဲ့ လက်တွေ့စမ်းသပ်မှုတွေကနေ အမျိုးမျိုးသော ရလဒ်တွေကို တွေ့ ရှိရမှာပါ။ ကိုယ်တိုင် စမ်းလုပ်ကြည့်ပါ။

လူနှင့်မြေယာမျှတအောင်ဦးတည်လုပ်ဆောင်ခြင်း

ကျန်းမာရေးသည် အရာတော်တော်များများအပေါ်တွင် မူတည်သည်။ ထိုအရာအားလုံးအနက် အာဟာရလုံလောက်စွာ စားသုံးနိုင် ခြင်း ရှိ/မရှိအပေါ် ပိုမူတည်သည်။

အစားအစာအများစုသည် မြေယာမှလာသည်။ လယ်ယာမြေကို အပြည့်အဝအသုံးချနိုင်လျှင် အစားအစာ ပိုမိုထုတ်လုပ်ရရှိမည်ဖြစ် သည်။ မျက်မှောက်ကာလတွင်ရော အနာဂါတ်ကာလအတွက်ပါ လယ်ယာထွက်ကုန် ပိုမိုတိုးမြှင့်ရရှိရေးအတွက် နည်းလမ်းများကို ကျန်းမာရေး လုပ်သားတစ်ဦးအနေဖြင့် သိရှိထားရန်လိုအပ်သည်။ လယ်ယာမြေ၏ အစိတ်အပိုင်းလေးတစ်ခုကိုပင် နည်းစနစ်တကျထွန်ယက်စိုက်ပျိုးပါက ရပ်ရွာလူထုအသင့်အတင့်ကို လုံလောက်အောင်ကျွေးမွေးနိုင်မည်။ ယနေ့အခါတွင်ကျေးရွာလူထုအများအပြားမှာ ၄င်းတို့ဘဝရပ်တည်ရေးနှင့် ကျန်းမာစွာနေနိုင်ရေးအတွက် လိုအပ်သော မြေယာပိုင်ဆိုင်မှုများ မရှိတော့ပေ။

ကမ္ဘာ့နေရာအများအပြား၌ အခြေအနေကပိုဆိုးလာနေ၏။လုပ်ကိုင်စားသောက်စရာ မြေယာတွေက ဆုံးရှုံး၊ ဝင်ငွေကနိမ့်ပါး၊ အလုပ် ကမရှိ၊ ကလေးကများ။

ကျန်းမာရေးစီမံကိန်းအများအပြားတွင် လူဦးရေနှင့် မြေယာပိုင်ဆိုင်မှု မျှတစေရန် ကြိုးပမ်းအားထုတ်လာကြသည်။ မိသားစုစီမံကိန်း (FAMILY PLANING) များရေးဆွဲထားကြသည်။ သို့မဟုတ် ရပ်ရွာလူထု မိမိတို့မိသားစုအလိုက် လိုချင်သောကလေးအရေအတွက်သာရရန် ကူညီလမ်းညွှန်ပေးကြသည်။ မိသားစုလူဦးရေနည်းလျှင် ပိုင်ဆိုင်သောမြေယာနှင့်ထွက်ရှိသော သီးနှံတို့သည် ပို၍လုံလောက်မျှတနိုင်လိမ့်မည် ဟု အကြောင်းပြကြသည်။ သို့ရာတွင် မိသားစုစီမံကိန်းသက်သက်မျှဖြင့် အကျိုးကျေးဇူးသိပ်မရှိနိုင်ပေ။

လူတွေဟာဆင်းရဲနွမ်းပါးနေသမျှ ကလေးများများလိုချင်ကြ၏။ ကလေးများကို လုပ်အားခပေးစရာမလိုပဲ ခိုင်းစားလို့ရသည်။ ယင်း တို့ကြီးပြင်းလာလျှင် တစ်ခြားမှာအလုပ်လုပ်၍ မိဘကိုပင်ငွေကြေးအနည်းငယ်ထောက်ပံ့နိုင်မည်။ မိဘများအိုမင်းမစွမ်းဖြစ်လာလျှင် သားသမီး မြေးမြစ်များက ပြုစုလုပ်ကျွေးနိုင်မည်။

ဆင်းရဲသောတိုင်းပြည်တစ်ခုအနေဖြင့် ကလေးတွေအများကြီးမွေးထားတာသည် စီးပွားရေးကပ်ဆိုက်ခြင်းသာဖြစ်၏။ သို့ရာတွင် ဆင်းရဲသားမိသားစုအနေဖြင့် ကလေးများခြင်းသည် စီးပွားရေးလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အထူးသဖြင့် ကလေးအများအပြား ငယ်ရွယ်စဉ် အခါ သေဆုံးကြလျှင်ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးတွင် အများစုသော ပြည်သူလူထုအတွက် သားသမီးများခြင်းသည် သူတို့မျှော်လင့်နိုင်သမျှ စိတ်အချရဆုံး လူမှုလုံခြုံရေးအဖြစ် ရှုမြင်ကြသည်။

အချို့အုပ်စုများ၊ စီမံချက်များက သီးခြားကွဲလွဲစွာ ရှုမြင်ချဉ်းကပ်ကြသည်။ ဆင်းရဲမွဲတေငတ်ပြတ်နေမှုများသည် စိုက်ပျိုးစရာမြေ အလုံအလောက်မရှိလို့မဟုတ်၊ တစ်ကိုယ်ကောင်းဆန်သော လက်တစ်ဆုပ်စာမြေပိုင်ရှင်များလက်ဝယ်သို့ ရောက်ရှိနေခြင်းကြောင့်ဟု မြင်ကြ သည်။ ပို၍ တရားမျှတသော မြေယာပိုင်ဆိုင်မှု၊ ကျန်းမာရေးအရင်းအမြစ်ခွဲဝေမှုတို့ကို သူတို့တောင်းဆိုသည်။ ရှာဖွေသည်။ ရပ်ရွာလူထုအား သူတို့၏ကိုယ်ပိုင်ဘဝ၊ ကျန်းမာရေးနှင့် မြေယာပိုင်ဆိုင်မှုတို့ကို သူတို့ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ရေးအတွက် အကူအညီပေးရန် အားထုတ်သည်။

မြေယာပိုင်ဆိုင်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကို ပို၍ မျှမျှတတခွဲဝေခံစားနိုင်လာလျှင် ပြည်သူလူထုသည် စီးပွားရေးလုံခြုံစိတ်ချရမှု ရရှိ လာကာ ကလေးများများမယူတော့ပဲ ပိုမိုသေးငယ်သော မိသားစုဘဝလေးများကို ရွေးချယ်လာကြကြောင်းတွေ့ရှိရသည်။လူထုက လက်ခံရွေး ချယ်မှသာလျှင် မိသားစုစီမံကိန်းက အလုပ်ဖြစ်မည်ဖြစ်သည်။ ပို၍ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

ချစ်ခြင်းမေတ္တာ၏ လူမှုရေးအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ တရားမျှတမှုဖြစ်သည်။ မိမိရပ်ရွာလူထုကို ချစ်မြတ်နိုးသော ကျန်းမာရေးဝန်ထမ်း တစ်ဦးဆိုပါက ၄င်းလုပ်သင့်သည်မှာ မျှတသောမြေယာနှင့်ဓနဥစ်စာပိုင်ဆိုင်မှုတို့အခြေခံသည့် "မျှခြေ" တစ်ခုသို့ရောက်အောင် လူထုကိုကူညီ လုပ်ဆောင်ပေးရန်ဖြစ်သည်။

0031

ကာကွယ်ရေးနှင့် ကုသရေးအကြား မျှခြေကိုဖော်ဆောင်ခြင်း

"ကာကွယ်ရေးနှင့်ကုသရေးအကြားမျှခြေ" သည် မကြာခဏဆိုသလို "လတ်တလောလိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်အကြားမှ မျှခြေ" သို့ ကျဆင်းလာလေ့ရှိသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေဖြင့် ပြည်သူလူထုထံသို့သွားမည်။ သူတို့ရင်ထဲကစကားအတိုင်း ပြောဆိုဆွေးနွေးမည်။ သူတို့ အလိုအပ်ဆုံးလို့ ယူဆတဲ့အရာတွေအတွက် အဖြေကိုသူတို့ရှာဖွေတွေ့ရှိနိုင်ဖို့အကူအညီပေးမည်။ ရပ်ရွာလူထု၏အဓိကလိုအင်ဆန်ဒကတော့ လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေသက်သာပျောက်ကင်းဖို့ပဲဖြစ်သည်။ ထို့ကြောင့် သင်၏ဦးစားပေးအလေးထားဆောင်ရွက်ရမည့်အရာ သည် ဝေဒနာသက်သာရန် ကုသပေးဖို့ဖြစ်၏။

သို့သော် လတ်တလောခံစားနေရသော လိုအပ်ချက်များကို စောင့်ရှောက်မှုပေးနေစဉ်မှာ အနာဂါတ်ကိုမျှော်ကြည့်နိုင်ကြရန် ကူညီ ပေးရမည်။ ရောဂါဝေဒနာအများစုသည် ကာကွယ်၍ရသည်။ ၄င်းတို့ကိုယ်တိုင်လုပ်ဆောင်နိုင်သည် ဆိုသည့်အချက်တို့ကို ရပ်ရွာလူထုသိနား လည်ရန် အားထုတ်ရမည်။

သို့သော်သတိထားပါ။ အချို့သောစီမံချက်ရေးဆွဲသူများ၊ ကျန်းမာရေးဝန်ထမ်းများသည် အလွန်အကျွံလုပ်မိတတ်ကြသည်။ နောင် တစ်ချိန်မှာဖြစ်မယ့် ကျန်းမာရေးပြဿနာအတွက် စိတ်အားထက်သန်လွန်းနေတတ်ကြပြီး လတ်တလောခံစားနေရတဲ့ ရောဂါဝေဒနာကိုတော့ အလေးမထားသလို ဖြစ်နေတတ်ကြသည်။ ဤသို့လစ်လျူရှုလျှင် ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုရတော့မည်မဟုတ်ပါ။ ထိုအခါ မိမိတို့ဖော် ဆောင်ချင်သည့် ကာကွယ်ရေးစီမံချက်များလည်း အောင်မြင်မည်မဟုတ်တော့ပေ။

ကုသခြင်းနှင့် ကာကွယ်ခြင်းသည် အတူတကွလက်တွဲသွားနိုင်သည်။ ရောဂါနုစဉ် စောစောကုပါက ရောဂါပိုမိုပြင်းထန်ဆိုးဝါးမလာ စေရန် ကာကွယ်နိုင်ပေသည်။ ရပ်ရွာလူထုအပေါင်းအား ၄င်းတို့၏အဖြစ်များ၊ ကျန်းမာရေးပြဿနာများအား သိရှိနားလည်အောင် သင်ကြား ပေးထားကာ ရောဂါဖြစ်ဖြစ်ချင်း မိမိတို့အိမ်မှာပင် မိမိတို့ဖာသာအဆောတလျင်ကုသနိုင်အောင် လေ့ကျင့်ပေးထားလျှင် မလိုလားအပ်သော ရောဂါဝေဒနာများကို ကာကွယ်နိုင်ပါသည်။

စောစောကုသခြင်းသည် ကာကွယ်ရေးဆေးပညာပုံစံတစ်မျိုးပင်ဖြစ်ပါသည်။

ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုကိုလိုအပ်လျှင် ၄င်းတို့ရှိသည့်နေရာမှစတင်ပါ။ ကာကွယ်ခြင်းနှင့်ကုသခြင်းနှစ်ခုကြားမျှခြေကို ၄င်းတို့ လက်ခံနိုင်အောင်လုပ်ပါ။ ရောဂါတွေနှင့်ပတ်သက်၍၊ ကုသပုံကုသနည်းနှင့်ပတ်သက်၍၊ ကျန်းမာရေးနှင့်ပတ်သက်၍ ၊ ရပ်ရွာလူထုလက်ခံယုံ ကြည်ထားပုံထားနည်းက အဆိုပါမျှခြေအပေါ် အကြီးအကျယ်သြဇာသက်ရောက်သည်။ ဆုံးဖြတ်ပေးနိုင်စွမ်းရှိသည်။ ရှေ့ရေးကိုမျှော်ကြည့် တတ်အောင် သင်ကြားပေးလေလေ ၄င်းတို့၏ အတွေးအခေါ်အမူအကျင့်များ ပြောင်းလေလေ၊ ရောဂါတွေကို ပိုပြီးထိန်းချုပ်နိုင်လာလေ၊အဆို ပါ မျှခြေသည် ကုသခြင်းမှ ကာကွယ်ခြင်းဖက်သို့ သဘာဝကျကျ ရှှေ့ပြောင်းလာသည်ကို သင်တွေ့မြင်ရမည်ဖြစ်သည်။

ကလေးနေမကောင်းဖြစ်နေသည့်မိခင်ကိုကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းကြောင်း နားဝင်အောင်ပြောပြနိုင်မည်မဟုတ်ပါ။ ကလေးနေကောင်းစေရန် ပြုစုကုသပေးရင်းဖြင့်သာရှင်းပြနိုင်မည်ဖြစ်ပါသည်။

ကာကွယ်ခြင်းကို ဦးတည်လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဇွတ်အတင်းအကြပ်မလုပ်ပါနှင့်။

ကာကွယ်ခြင်း၏ မျက်နှာစာဝင်ပေါက်အဖြစ် ကုသခြင်းကို အသုံးပြုပါ။

မိမိထံသို့ ဆေးဝါးကုသမှုခံယူရန်လာသည့်အချိန်သည် ကာကွယ်ခြင်းအကြောင်းရှင်းပြရန် အကောင်းဆုံးအချိန်ပင်တည်း။ ဥပမာ ကလေးငယ်သန်ထ၍ မိမိထံလာပြလျှင် ကလေးကိုမည်သို့မည်ပုံကုသရမည်ဖြစ်ကြောင်း မိခင်အားသေချာစွာရှင်းပြပါ။ထပ်မံ၍ အချိန်ယူရှင်းပြ သင့်သည်က သံကောင်၊ တုတ်ကောင်များလူတစ်ဦးနှင့်တစ်ဦး မည်ကဲ့သို့ ကူးစက်ကြောင်း၊ မည်သို့မည်ပုံကာကွယ်နိုင်ကြောင်း မိခင်ရော ကလေးပါရှင်းပြပေးရန်ဖြစ်သည်။ သူတို့အိမ်ကို မကြာမကြာသွားလည်ပါ။ အပြစ်ရှာရန်မဟုတ်ပါ။ မိမိတို့ကိုယ်တိုင် မိမိတို့ကျန်းမာရေးကို ပို၍ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်စေရန်ဖြစ်သည်။

ရောဂါကာကွယ်ရေးကို သင်ကြားပေးရန် ကုသမှုကိုအခွင့်အရေးတစ်ရပ်အဖြစ်အသုံးချပါ။

ဆေးဝါးများအား အမျှော်အမြင်ရှိရှိ၊ အကန့်အသတ်ဖြင့် သုံးစွဲခြင်း

ရောဂါကာကွယ်ရေးလုပ်ငန်း၏ အရေးအကြီးဆုံးနှင့် အခက်အခဲဆုံးအစိတ်အပိုင်းတစ်ခုမှာ ဆေးဝါးများကို စနစ်တကျကန့်သတ် ထိန်းချုပ်သုံးစွဲနိုင်ရန် ရပ်ရွာလူထုကို ပညာပေးခြင်းဖြစ်သည်။ ခေတ်မီဆေးဝါးအချို့မှာ အလွန်အစွမ်းထက်ပြီး အသက်များကိုကယ်တင်နိုင် သည်။ သို့သော် ဝေဒနာအများစုမှာ မည်သည့်ဆေးဝါးမျှမလို၊ ခန္ဓာကိုယ်က ၄င်းဖာသာ ရောဂါကိုတွန်းလှန်တိုက်ဖျက်နိုင်သည်။ အနားယူ ခြင်း၊ အစာအာဟာရပြည့်ဝစွာ စားသုံးခြင်း၊ အရည်များများသောက်ခြင်း၊ ရံဖန်ရံခါအိမ်သုံးဆေးဝါးအချို့ကိုသုံးစွဲခြင်း စသည်တို့ဖြင့် သက် သာ ပျောက်ကင်းလေ့ရှိသည်။

လူတွေက သူတို့အတွက်အမှန်တကယ် မလိုအပ်တဲ့ဆေးကို သင့်ထံလာတောင်းလိမ့်မည်။ သူတို့ကျေနပ်ပါစေတော့ဆိုပြီး သင်က လည်း ဆေးပေးချင်စိတ်ပေါ်လာမည်။ ဤသို့ပေးလိုက်မိ၍ လူနာများက ရောဂါသက်သာသွားလျှင် သင်ပေးသောဆေးကြောင့် ပျောက်သည် ဟု ထင်မြင်ယူဆကြလိမ့်မည်။ အမှန်မှာ သူတို့ခန္ဓာကိုယ်က သူတို့ဖာသာ ကုသပေးခြင်းဖြစ်၏။

အမှန်တကယ်မလိုအပ်တဲ့ဆေးတွေ သောက်ပုံသောက်နည်း သင်ပေးနေမည့်အစား၊ မှီခိုအားထားစေမည့်အစား၊ ဤဆေးတွေကို မသုံးသင့်ကြောင်း ရှင်းပြသင့်သည်။ နေကောင်းစေရန် မိမိတို့ဖာသာ ဘာလုပ်သင့်ကြောင်း သင်ပေးရမည်။ ဤနည်းအားဖြင့် ရပ်ရွာလူထုကို ပြင်ပအရင်းအမြစ်ဖြစ်သော ဆေးဝါးများအစား ဒေသန္တရအရင်းအမြစ်ဖြစ်သော ၄င်းတို့ကိုယ်တိုင်အားပို၍ အားကိုးရန်ညွှန်ပြပေးနိုင်သည်။ မည် သည့်ဆေးဝါးမျှ မသုံးလျှင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိနိုင်သည့်အတွက် ရပ်ရွာလူထုကို ကာကွယ်ပေးရာရောက်သည်။

0033

မလိုအပ်ပဲ မကြာခဏ ဆေးတောင်းခံနေရသောအဖြစ်များရောဂါ ၃ခုမှာ (၁) နှာစေး အအေးပတ်ခြင်း၊ (၂) သာမန်ချောင်းဆိုးခြင်း နှင့် (၃) ဝမ်းပျက် ဝမ်းလျောခြင်းတို့ဖြစ်သည်။

အအေးပတ်ခြင်းအား အနားယူခြင်း၊ အရည်များများသောက်ခြင်း၊ အလွန်ဆုံး အကိုက်အခဲပျောက်ဆေးသောက်သုံးခြင်း တို့ဖြင့် အလွယ်တကူ ကုသနိုင်သည်။ ပန်နယ်ဆီလင်၊ တက်ထရာဆိုင်ကလင်း နှင့် မည်သည့် ပဋိဇီဝပိုးသတ်ဆေးမျှ လုံးဝမလိုအပ်ပါ။

ချောင်းအနည်းငယ်ဆိုးသည်ဖြစ်စေ၊ ချွဲသလိပ်ပျစ်ပျစ်များဖြင့် ချောင်းအလွန်အမင်းဆိုးသည်ဖြစ်စေ ရေများများသောက်ပေးခြင်းဖြင့် ချွဲသလိပ်ကို ပျော်စေပြီး ချောင်းဆိုးခြင်းကိုသက်သာစေသည်။ ရေနွေးငွေ့ရှုပေးပါက ပို၍ပင်ထိရောက်စေမည်။ မလိုအပ်ပဲ ချောင်းဆိုးပျောက် ဆေးရည်များနှင့် ဆေးဝါးများကို ပြည်သူလူထုအားကိုးမှီခိုအောင် မလုပ်ပါနှင့်။

ကလေးငယ်များတွင် ဝမ်းပျက် ဝမ်းလျောဖြစ်ပါက ဆေးဝါးများဖြင့်မသက်သာနိုင်။ အသုံးများဆေးများသည့် Neomycin , Streptomycin , Kaolinpectin , Lomotil , Chloromphenicol တို့သည် အန္တရာယ်ပိုများသည်။ အရေးကြီးဆုံးမှာ ကလေးငယ်အား လုံလောက်သော အစာအာဟာရနှင့် အရည်များများတိုက်ကျွေးရန်ဖြစ်သည်။ ကလေးငယ် ပြန်လည်နလံထလာဖို့ အရေးကြီးဆုံးသော့ချက် မှာ ဆေးဝါးမဟုတ် ၊ မိခင်သာဖြစ်သည်။ ဤအချက်ကို မိခင်များသိရှိပြီး ကလေးအားပြုစုတတ်လာအောင် သင်က သင်ကြားပေးနိုင်လျှင် ကလေးအများအပြား၏ အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။

ဆရာဝန်များကရော၊ သာမန်လူများကပါ ဆေးဝါးများကိုအလွန်အကျွံသုံးစွဲတတ်ကြသည်။ ဤဖြစ်စဉ်မှာမကောင်းကြောင်းအောက် ပါအချက်များက သက်သေပြနေသည်။

ဆေးဝါးအတွက်ကုန်ကျမည့်ငွေကြေးကို အစာအာဟာရအတွက်သုံးစွဲလျှင် အများကြီးပိုကောင်းမည်။

ပြည်သူလူထုအတွက်အမှန်တကယ်လည်းမလိုအပ်၊သူတို့လည်းမတတ်နိုင်တဲ့အရာတွေအပေါ် အားကိုးမှီခိုအောင်လုပ်ပေးနေသလိုဖြစ်သည်။

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးများ၊ အဆိပ်သင့်အန္တရာယ်များရှိပါသည်။ မလိုအပ်ပဲ သုံးစွဲသောဆေးဝါးသည် လူနာအား သေချာပေါက် အန္တရာယ်ပေးမည်ဖြစ်ပါသည်။

မလိုအပ်ပဲ ဆေးတွေကိုမကြာခဏသုံးစွဲခြင်းဖြင့် ရောဂါပိုးမွားများက ဆေးယဉ်ပါးလာမည်ဖြစ်သည်။

ဥပမာအားဖြင့် အစွမ်းထက်သလောက် အန္တရာယ်ကြီးမားသောဆေးဝါးတစ်လက်ဖြစ်သည့် Chloramphinicol ကို ရောဂါငယ် လေးများတွင် အလွန်အမင်းကျယ်ပြန့်စွာသုံးစွဲနိုင်ခြင်းကြောင့်နိုင်ငံအချို့တွင် Typhoid ခေါ်အူရောင်ငန်းဖျားရောဂါအပေါ်တွင် အစွမ်းမထက် တော့ပေ။ ယင်းဆေးကိုရောဂါပိုးက ခံနိုင်ရည်ရှိသွားပြီဖြစ်သည်။ အထက်ပါအကြောင်းအချက်တို့ကြောင့် ဆေးများကို အကန့်အသတ်နှင့်သာ သုံးစွဲသင့်ပါသည်။ မည်ကဲ့သို့ ထိန်းချုပ်မည်နည်း။

တင်းကြပ်သော စည်းမျဉ်းများ၊ မူဝါဒများသည်လည်းကောင်း၊ ကျွမ်းကျင်သောဆေးပညာရှင်မှသာ ဆေးဝါးသုံးစွဲရန်ဆုံးဖြတ်ခွင့်ပေး ခြင်းသည်လည်းကောင်း လက်တွေ့တွင်မထိန်းချုပ်နိုင်ပါ။ ပြည်သူလူထုကိုယ်တိုင် အသိရှိရှိပါဝင်လာမှသာအောင်မြင်မည်ဖြစ်သည်။

ကျိုးကြောင်းဆီလျော်စွာ အမျှော်အမြင်ရှိရှိ အကန့်အသတ်ဖြင့် ဆေးဝါးသုံးစွဲတတ်စေရန် ရပ်ရွာလူထုကိုပညာပေးခြင်းသည် ကျန်း မာရေးဝန်ထမ်း၏ အရေးကြီးသော အလုပ်တာဝန်တစ်ရပ်ဖြစ်ပါသည်။

ခေတ်မီဆေးဝါးများရောက်ရှိနေပြီး ကျယ်ပြန့်စွာ သုံးစွဲနေကြသော အရပ်ဒေသများအတွက်ဤအချက်သည် အထူးအရေးကြီးပါသည်။

0034

မည်သည့်အရာများတိုးတက်မှုရှိပြီလဲဆိုတာဖော်ထုတ်ခြင်း (ပြန်လည်သုံးသပ်ခြင်း)

သင်၏ကျန်းမာရေးလုပ်ငန်းသည် တစ်ချိန်ချိန်မှာသင်နှင့်သင့်ရပ်ရွာလူထုဘာတွေ၊ ဘယ်လောက်အောင်မြင်မှုရခဲ့ပြီးပြီလဲဆိုတာ သေ သေချာချာပြန်လည်သုံးသပ်ခြင်းဖြင့် အကျိုးရှိနိုင်သည်။ သင့်ရပ်ရွာလူထုကျန်းမာချမ်းသာအောင် ဘာအပြောင်းအလဲတစ်ခုခုလုပ်ခဲ့ပြီးပြီလဲ။

ကျန်းမာရေးနဲ့ပတ်သက်သည့် လှုပ်ရှားမှုတွေအတွက် လအလိုက်၊ နှစ်အလိုက်မှတ်တမ်းများထားရှိချင်ပေလိမ့်မည်။ ဥပမာ မိသားစုဘယ်လောက်မှာ အိမ်သာတွေရှိပြီလဲ။

သီးနှံအထွက်ကောင်းအောင် လယ်သမားဘယ်လောက်များများ ပါဝင်ပူးပေါင်းလာကြသလဲ။

၅နှစ်အောက်ကလေးစီမံချက်မှာ မိခင်နှင့်ကလေးဘယ်လောက်ပါဝင်လာကြသလဲ။ (ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် လေ့လာသင်ယူခြင်း)။

အထက်ပါမေးခွန်းများဖြင့် သင်လုပ်ဆောင်ခဲ့သည်များ (ACTION TAKEN) ကို တိုင်းထွာနိုင်သည်။ သို့သော် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု (IMPACT) ကို သိနိုင်ရန် အခြားမေးခွန်းများနှင့် စိစစ်ရမည်။

ယခင်အိမ်သာမသုံးစွဲသည့်ကာလနှင့် နှိုင်းယှဉ်လျှင် လွန်ခဲ့သည့်တစ်နှစ် (သို့) တစ်လအတွင်း ကလေးမည်မျှဝမ်းပျက်ဝမ်းလျောဖြစ်သနည်း။ (သို့) သန်ကောင်စွဲလက္ခဏာတွေ့သနည်း။

ယခင်နည်းစနစ်ဟောင်းများသုံးစွဲသည့်ကာလနှင့်နှိုင်းယှဉ်လျှင် ဒီနှစ်သီးနှံပေါ်ချိန်မှာ (ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းစသည်) မည်မျှအထွက်တိုးသနည်း။

၅နှစ်အောက်ကလေး စီမံချက်စတင်ကာစအချိန်နှင့်နှိုင်းယှဉ်လျှင် ကလေးဘယ်လောက်များများသည် ၄င်းတို့၏ကျန်းမာရေးမှတ်တမ်းစာရွက် များ (CHILD HEALTH CHARTS) တွင် ကိုယ်အလေးချိန် ပုံမှန် (သို့) တိုးတက်မှုရှိလာသနည်း။

ယခင်နှင့်စာသော် ကလေးအသေအပျောက်ကျဆင်းလာသလား။

လုပ်ဆောင်မှုတစ်ခုခု၏ အောင်မြင်မှုကိုတိုင်းထွာနိုင်ရန် မလုပ်မီနှင့်လုပ်ပြီးအခြေအနေအရပ်ရပ်၏ သတင်းအချက်အလက်များကို စုစည်းရမည်။ မိခင်နို့ချိုတိုက်ကျွေးခြင်း၏ အရေးပါမှုကို မိခင်များအားပညာပေးရာ၌ မည်မျှအောင်မြင်သည်ကို တစ်နှစ်ပြီးတစ်နှစ်ဤနည်းဖြင့် တိုင်းထွာနိုင်သည်။ နို့ချိုတိုက်ကျွေးသော မိခင်အရေအတွက်မည်မျှတိုးပွားလာသည်ကို နှစ်စဉ်အကဲဖြတ်ကြည့်ခြင်းဖြင့် လုပ်ငန်းတိုးတက်မှု ရှိ/မရှိ သိရှိနိုင်သည်။

ရည်မှန်းချက်ပန်းတိုင်များလည်း ထားရှိရပါမယ်။ ဥပမာ သင်နှင့်ကျန်းမာရေးကော်မတီအနေဖြင့် အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းအား တစ်နှစ်အတွင်း အိမ်သာများရှိပြီးဖြစ်ရန် ဦးတည်ချက်ထားပြီးဖြစ်သည််ဆိုပါတော့။ လစဉ်သင်ရေတွက်နေမည်။ အကယ်၍ (၆)လ အကုန်မှာ မိသားစု ၃ပုံ ၁ပုံ သာ အိမ်သာရှိသေးလျှင် သင့်ရည်မှန်းချက်ကိုပြည့်မှီစေရန် သင်ကြိုးစားအလုပ်လုပ်ရတော့မည်ဟု သင်သိရှိလာမည်။

ရည်မှန်းချက်များထားရှိပေးခြင်းဟာ လူတွေကို ပိုကြိုးစားအလုပ်လုပ်စေတယ်၊ ပိုလည်းအောင်မြင်ပြီးမြောက်စေတယ်။"

သို့သော်သတိပြုပါ။ သင်၏လူထုကျန်းမာရေးလုပ်ငန်း၏အရေးကြီးဆုံးအပိုင်းကို ကိန်းဂဏန်းတွေနှင့်တိုင်းထွာ၍မရပါ။

သင်နှင့်ရပ်ရွာလူထု ဘယ်လိုဘယ်ပုံပတ်သက်ဆက်နွယ်နေသနည်း။ ရပ်ရွာလူထုအတူတကွ သင်ယူကြလား၊ အလုပ်လုပ်ကြလား။ ကြင်နာယုယမှု၊ တာဝန်ယူမှု၊ မျှဝေမှုနှင့် မျှော်လင့်ချက်တို့ရှင်သန်ကြီးထွားလာသလား စသည်တို့ဖြင့်သာ တိုင်းထွာစစ်ဆေးနိုင်မည်။ လူထု သည် ၄င်းတို့၏ အခြေခံလိုအပ်ချက်အတွက် စည်းလုံးညီညွတ်စွာ၊ ပိုမိုအင်အားတောင့်တင်းစွာ ရပ်တည်နိုင်လာကြသလားဆိုသည့် အချက် အပေါ် မူတည်ပေသည်။

သင်ကြားပေးခြင်းနှင့်သင်ယူခြင်းတစ်ပြိုင်တည်း (ပညာပေးသူဖြစ်သောကျန်းမာရေးလုပ်သား)

ကျန်းမာရေးအပေါ် အကျိုးသက်ရောက်သောအရာ တော်တော်များများရှိကြောင်း သိရှိလာရသည့်အခါ သင့်အနေဖြင့် (မဖြစ်နိုင် လောက်အောင်ကြီးမားသည့်) တာဝန်ကြီး ထမ်းဆောင်နေရသကဲ့သို့ ဖြစ်ပေလိမ့်မည်။မှန်ပါသည်။သင်တစ်ဦးတည်း ကျန်းမာရေးစောင့်ရှောက် မှုပေးနေပါက ဘယ်တော့မှအလုပ်တွင်ကျယ်မည်မဟုတ်ပါ။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ၄င်းတို့၏ကျန်းမာရေး၊ ၄င်းတို့ကျင်လည်ရာလူ့အဖွဲ့အစည်း၏ကျန်းမာရေးတို့အတွက် အလွန် အမင်းတာဝန်ရှိကြောင်းသိရှိလာမှသာ၊ တက်တက်ကြွကြွတာဝန်ယူလာကြမှသာ အရေးပါသည့်အပြောင်းအလဲများဖြစ်လာနိုင်ပေသည်။ ထို့ ကြောင့် တာဝန်ယူမှုနှင့်အသိဥာဏ်ပညာကို မျှဝေပေးရမည်။

ကျန်းမာရေးလုပ်သားတစ်ဦးအနေဖြင့် သင်၏ပထမအလုပ်မှာ သင်ကြားပေးရန်ဖြစ်သည်။ ကလေးများ၊ မိဘများ၊ ဆရာများ၊ လယ် သမားများ၊ အခြားကျန်းမာရေးဝန်ထမ်းများ စသဖြင့် သင်စွမ်းဆောင်နိုင်သမျှ မည်သူ့ကိုမဆို အသိပညာပေးရန်ဖြစ်သည်။ သင်ကြားပေးခြင်း အတတ်ပညာကို သင်ယူနိုင်သည်။ အခြားလူများ၏ အသိဥာဏ်ပညာဖွံ့ဖြိုးအောင် ကူညီပေးခြင်းနှင့် သူတို့နှင့်အတူတကွ မိမိကပါဖွံ့ဖြိုးခြင်း ဖြစ်သည်။

ဆရာကောင်းတစ်ယောက်ဆိုသည်မှာ မိမိ၏အတွေးအခေါ်များကို တစ်ပါးသူ၏ခေါင်းထဲသို့ သွတ်သွင်းပေးသူမဟုတ်။ သူတို့၏ ကိုယ်ပိုင်အတွေးအမြင်များကို မြေတောင်မြှောက်ပေးပြီး သူတို့ဖာသာ တွေ့ရှိချက်အသစ်များကို ဖော်ထုတ်နိုင်စေရန် ကူညီပေးသူသာဖြစ် သည်။

သင်ကြားမှုနှင့် သင်ယူမှုများကို စာသင်ကျောင်းနှင့်ကျန်းမာရေးဌာနများတွင်သာ ကန့်သတ်မထားသင့်ပါ။ အိမ်မှာ၊ လယ်ကွင်းထဲ မှာ၊ လမ်းပေါ်မှာလည်းဖြစ်သင့်ပါသည်။ နာမကျန်းဖြစ်သူကို ဆေးကုပေးနေချိန်သည် သင်ကြားပေးရန်အကောင်းဆုံးအခွင့်အရေးတစ်ရပ်ဖြစ် ပါသည်။ အတွေးအခေါ်များကို မျှဝေရန်၊ ဖလှယ်ရန်၊ ဖော်ထုတ်ရန်၊ ရပ်ရွာလူထုကို အတူတကွတွေးခေါ်လုပ်ကိုင်တတ်စေရန် အခွင့်အရေး ရသမျှ ကြိုးပမ်းသင့်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် ချဉ်းကပ်နည်း (၂)မျိုး

0035

သင်ထောက်ကူပစ္စည်းများ

(၁) ဖလန်နယ်ဘုတ်ပြားပေါ်တွင် အသင့်ရေးဆွဲဖြတ်တောက်ထားသော ရုပ်ပုံကားချပ်များ၊ ဓါတ်ပုံများ ကပ်ကာ ရှင်းလင်းတင်ပြခြင်း။


(၂) ပိုစတာများ၊ ပန်းချီကားချပ်များ၊ ရုပ်ပုံများဖြင့်ရှင်းလင်းပြသခြင်း။


(၃) အရုပ်ကလေးများ၊ ပုံစံတူပစ္စည်းများဖြင့်သရုပ်ဖော်ခြင်း။


(၄) ရုပ်ရှင်၊ ဗွီဒီယို၊ တီဗွီ၊ အင်တာနက်၊ ပရိုဂျက်တာတို့ကို အသုံးပြု၍ ရှင်းလင်းတင်ပြခြင်း။


အတွေးအမြင်မျှဝေရန် အခြားနည်းလမ်းများ

(၁) ပုံပြောခြင်း

အချို့အကြောင်းအရာများကို ရှင်းပြရန်ခက်ခဲသည့်အခါများတွင် ပုံပြင် (အထူးသဖြင့်ဖြစ်ရပ်မှန်ပုံပြင်) ပြောပြခြင်းသည် မိမိဆိုလိုချင် သည့်အချက်သို့ ပို့ဆောင်ပေးနိုင်သည်။ သင်ယူလေ့လာမှုများကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေသည်။ ကျန်းမာရေးလုပ်သားက ပုံပြောကောင်းသူ ဖြစ်လျှင် ဤနည်းက အသုံးတဲ့သည်။ ဥပမာ ပုံပြင်ကိုလေ့လာကြည့်ပါ။

တစ်ခါတစ်ရံကျေးလက်ကျန်းမာရေးလုပ်သားကဆရာဝန်တစ်ဦးထက်ပိုကောင်းတဲ့ရောဂါဖော်ထုတ်မှုကိုလုပ်နိုင်တယ်လို့ ကျွန်တော် ပြောရင် သင်တို့ယုံမှာမဟုတ်ဘူး။ဗဟိုအမေရိကားကကျေးလက်ဒေသတစ်ခုမှာ အာဟာရဖြည့်တင်းရေးဌာနသေးသေးလေးတစ်ခုကို လည် ပတ်နေတဲ့ ကျန်းမာရေးလုပ်သားအိုင်ရင်းဆိုတဲ့ဆရာမလေးအကြောင်း ကျွန်တော်ပြောပြလိုက်ရင် သင်တို့သဘောပေါက်သွားမှာပါ။

တစ်နေ့မှာတော့ အာဟာရဌာနကို နေမကောင်းဖြစ်နေတဲ့ ကလေးငယ်လေးတစ်ယောက်ရောက်လာတယ်။ နီးစပ်ကျန်းမာရေးဌာန က ဆရာဝန်က အာဟာရချို့တဲ့လို့ဆိုပြီး လှှတ်လိုက်တာပါ။ တော်တော်အားနည်းနေပါတယ်။ ကလေးကချောင်းလည်းဆိုးတော့ ဆရာဝန်က ချောင်းဆိုးပျောက်ဆေးလည်းပေးထားပါတယ်။ အိုင်ရင်းက ကလေးအတွက်စိတ်ပူသွားပါတယ်။ ဒီကလေးဟာ အလွန်ဆင်းရဲတဲ့မိသားစုက လာပြီး သူ့အစ်ကိုတစ်ယောက်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ဆုံးသွားတာ သူမသိနေပါတယ်။ ဆရာမလေးဟာ လူနာ့အိမ်ကိုသွားပြီး လေ့လာကြည့်တော့ ဒီကလေးရဲ့အစ်ကိုဟာ အကြာကြီးပြင်းပြင်းထန်ထန်နေမကောင်းဖြစ်ခဲ့ပြီး ချောင်းဆိုးသွေးပါဖြစ်ခဲ့ကြောင်း သိရှိလာခဲ့ပါ တယ်။ ဒါနဲ့ ဆရာမဟာကျန်းမာရေးဌာနကိုသွားပြီး ဆရာဝန်နဲ့တွေ့ပါတယ်။ ဒီကလေးမှာအဆုတ်ရောဂါများရှိနေမလားလို့ သူသံသယဖြစ်မိ ကြောင်း တင်ပြပါတယ်။ ရောဂါရှာဖွေစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် အိုင်ရင်းရဲ့အယူအဆမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အခု သင်တွေ့ပြီမဟုတ်လား။ ကျန်းမာရေးလုပ်သားဟာ ဆရာဝန်ထက်အရင် ပြဿနာအရင်းအမြစ်ကို ဖော်ထုတ်နိုင်တယ်ဆိုတာလေ။ ဘာ ကြောင့်လဲဆိုတော့ ကျန်းမာရေးလုပ်သားတွေက ဒေသခံပြည်သူတွေနဲ့သိကျွမ်းတယ်။ သူတို့အိမ်တွေကို ဝင်ထွက်သွားလာတယ်လေ။

(၂) ပြဇာတ်တင်ဆက်ခြင်း

အရေးကြီးသည့်အချက်များကို ဖော်ကျူးသည့်ပြဇာတ်များ၊ ဇာတ်လမ်းများသည် ၄င်းတို့ကို သရုပ်ဆောင်ပြပါက ရပ်ရွာလူထုထံသို့ ထိထိရောက်ရောက် စိမ့်ဝင်တိုးဖောက်နိုင်၏။ ကျန်းမာရေးတာဝန်ခံတစ်ဦးဦးဖြစ်စေ၊ ကျောင်းဆရာဖြစ်စေ ပြဇာတ်တိုများခင်းကျင်းပြနိုင်သည်။

ဥပမာ ယင်နားစာမစားရန်၊ အစားအစာများကိုယင်မနားအောင်ဖုံးအုပ်ထားရန်၊ ပညာပေးပြဇာတ်တိုလေးများတွင် ကျောင်းသူကျောင်းသား လေးများအား ယင်ကောင်ပုံစံ၊ အစားအစာပုံစံ ဝတ်ဆင်သရုပ်ဆောင်စေခြင်းဖြင့် ကလေးများပိုမိုမှတ်မိသွားစေနိုင်သည်။

သင်၏အတွေးအခေါ်များကို မျှဝေရန် နည်းလမ်းမျိုးစုံကို ရှာတွေ့လေလေ ရပ်ရွာလူထုကလည်း ပိုမိုနားလည်သဘောပေါက် မှတ်မိ လာလေလေပင်ဖြစ်သည်။

သာတူညီမျှကောင်းစားရေးအတွက် အတူတကွသင်ယူခြင်း၊ အတူတကွလုပ်ကိုင်ခြင်း။

ဘုံလိုအပ်ချက်တွေရရှိနိုင်စေရန် ရပ်ရွာလူထုအတူစုပေါင်းလုပ်ချင်စိတ်ရှိလာစေရန်၊ ပူးပေါင်းပါဝင်လာစေရန် နည်းလမ်းအများအပြား ရှိသည့်အနက် အနည်းငယ်မျှဖော်ပြလိုပါသည်။

(၁) ကျေးလက်ကျန်းမာရေးကော်မတီ

ရပ်ရွာလူထုအတွင်းမှ စွမ်းဆောင်ရည်ရှိပြီး စိတ်ပါဝင်စားမှုရှိကြသော ပုဂ္ဂိုလ်အချို့ကို ရွေးချယ်ဖွဲ့စည်းကာ ရပ်ရွာစည်ပင်ဖွံ့ဖြိုးတိုး တက် ကျန်းမာလာစေရေးအတွက် အစီအမံများချမှတ်စေခြင်း၊ ဦးဆောင်လမ်းညွှန်မှုပေးစေခြင်း။(ဥပမာ အိမ်သာကျင်း၊ အမှိုက်ကျင်းတူးခြင်း) ကျန်းမာရေးလုပ်သားအနေဖြင့် တစ်ခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရင်း မိမိက ပို၍ တာဝန်များများယူသင့်သည်။

(၂) အုပ်စုဖွဲ့ဆွေးနွေးခြင်း

မိခင်များ၊ ဖခင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ကာလသားလူငယ်များ၊ ဗိနေ်ဓာဆေးဆရာ၊ အနှိပ်သည်၊ အရပ်လက်သည်များနှင့် အခြားသောအုပ်စုများသည် ရပ်ရွာ၏ကျန်းမာရေးပြဿနာများ၊ လိုအပ်ချက်များကိုဆွေးနွေးနိုင်သည်။ အဓိက ရည်ရွယ်ချက်မှာ သူတို့၏ အတွေးအခေါ် အသိအမြင်များ မျှဝေပေးရန်နှင့် လူထုတွင်ရှိပြီးသောအသိတရားကို ထပ်ဆင့်တိုးမြှင့်ပေးရန်တို့ဖြစ်သည်။

(၃) လုပ်အားပေးပွဲတော်များ

ကျေးရွာရေရရှိရေးစီမံကိန်း၊ ရွာလုံးကျွတ်သန့်ရှင်းရေးအစရှိသည့် လူထုစီမံချက်များသည် လူထုတစ်ရပ်လုံးပူးပေါင်းပါဝင်လာပါက လျင်မြန်စွာပြီးဆုံးနိုင်သကဲ့သို့ ပျော်ရွင်ဖွယ်ရာလည်းကောင်းမည်ဖြစ်သည်။ ကစားခုန်စား၊ ပြေးပွဲပြိုင်ပွဲ၊ အဆိုအက၊ အတီးအမှုတ်၊ အကျွေး အမွေးများ၊ ဆုချီးမြှင့်ခြင်းများ စသည်တို့ဖြင့် အလုပ်လုပ်ခြင်းမှသည် ကစားခြင်းဆီသို့ ပြောင်းလဲပေးနိုင်သည်။ စိတ်ကူးကြည့်ပါ။

(၄) သမဝါယမ

စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ သီးနှံသိုလှောင်ရုံများ၊ လယ်ယာခြံမြေများ အစရှိသည့် ကုန်ထုတ်စွမ်းအားစုများကို မျှဝေ သုံးစွဲနိုင်ကြမည်ဆိုလျှင် ကုန်စျေးနှုန်းကျဆင်းအောင် ကူညီနိုင်ကြမည်ဖြစ်သည်။ အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်ခြင်းသည် လူထု၏ကောင်း ကျိုးချမ်းသာအတွက် ကြီးမားစွာသြဇာသက်ရောက်သည်။

(၅) စာသင်ခန်းများသို့ သွားရောက်လည်ပတ်ခြင်း

သရုပ်ပြဟောပြောခြင်း၊ ပြဇာတ်တိုလေးများကပြခြင်းစသည့် ကျန်းမာရေးနှင့်နှီးနွယ်သောလှုပ်ရှားမှုများကို အားပေးအားမြှောက်ပြု ရန် ကျောင်းဆရာများနှင့်ပူးပေါင်းလုပ်ဆောင်ရမည်။ ထို့ပြင် ကျောင်းသားအုပ်စုလေးများအား ကျန်းမာရေးဌာနသို့လာရောက်လည်ပတ်စေ ရမည်။ ကလေးများမှာ သင်ကြားတတ်မြောက်လွယ်သည်။ နည်းမျိုးစုံဖြင့် အကူအညီပေးနိုင်ကြသည်။ တန်ဖိုးရှိသော အရင်းအမြစ်ဖြစ်လာနိုင် သည်။

(၆) မိခင်နှင့်ကလေးကျန်းမာရေးအစည်းအဝေးများ

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၅နှစ်အောက်ကလေးငယ်၏မိခင်များသည် မိခင်နှင့်ကလေးကျန်းမာရေးလိုအပ်ချက်များသိရှိ ရန် အထူးလိုအပ်သည်။ ကျန်းမာရေးဌာနများသို့ ပုံမှန်သွားရောက်စေခြင်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပညာပေးဟောပြောချင်းများလုပ် ပေးနိုင်သည်။ ကလေးကျန်းမာရေးမှတ်တမ်းလွှာ (CHILD HEALTH CHART) လေးများကို မိခင်အားသိမ်းဆည်းထားစေပြီး တစ်လတစ်ခါ ကလေး၏ဖွံ့ဖြိုးကြီးထွားမှုကို စစ်ဆေးမှတ်တမ်းတင်စေရမည်။ စာမတတ်သောမိခင်ကိုပင် ဤမှတ်တမ်းလွှာကိုနားလည်နိုင်အောင် သင်ပေး၍ ရသည်။

(၇) အိမ်တိုင်ယာရောက်စစ်ဆေးစောင့်ရှောက်ခြင်း

ရပ်ရွာလူထု၏ အိမ်ဂေဟာများသို့ ရင်းနှီးနွေးထွေးစွာလည်ပတ်ပေးပါ။ အထူးသဖြင့် အိမ်တွင်းရေးပြဿနာရှိသော၊ ကျန်းမာရေးဌာန သို့ ပုံမှန်လာမပြသော၊ အုပ်စုဖွဲ့လှုပ်ရှားမှုများတွင်ပါဝင်လေ့မရှိသော မိသားစုဝင်များထံသို့သွားကြည့်သင့်သည်။ သို့သော် သူတို့၏ကိုယ်ရေး ကိုယ်တာကို မစွက်ဖက်မိရန် သတိပြုပါ။ နွေးထွေးစာသွားရောက်လည်ပတ်ရန်မဖြစ်နိုင်ဟု ယူဆလျှင် မသွားပါနှင့်။ ချွင်းချက်ကတော့ ကလေး ငယ်များ (သို့) ကိုယ့်ကိုကိုယ်မကာကွယ် မစောင့်ရှောက်နိုင်သောပုဂ္ဂိုလ်များ၊ အန္တရာယ်နှင့်ရင်ဆိုင်နေရချိန် ဖြစ်သည်။

အုပ်စုတွင်းအသိပညာ၊ အတွေးအမြင်မျှဝေခြင်း၊ ဖလှယ်ခြင်း နည်းလမ်းများ

ကျန်းမာရေးလုပ်သားတစ်ဦးအနေဖြင့် သင့်ရပ်ရွာလူထုကျန်းမာရေးကို မြှင့်တင်ရာတွင် သင့်ဆေးပညာတတ်ကျွမ်းနားလည်မှုထက် ဆရာကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်စွာသင်ကြားပေးနိုင်မှုက အများကြီးပိုအရေးပါသည်။ ပြည်သူလူထုတစ်ရပ်လုံးအသိရှိရှိ ပူးပေါင်း ပါဝင်လုပ်ဆောင်လာကြမှသာ ပြဿနာကြီးများကိုကျော်လွှားနိုင်မည်ဖြစ်၍ပင်။

လူများသည် သူတို့ကိုပြောပြရုံဖြင့်မတတ်မြောက်ပေ။ သူတို့ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ကြည့်၊ ဆွေးနွေးကြည့်၊ သူတို့ကိုယ်တိုင် တွေ့လာ၊ မြင်လာ၊ ခံစားတွေးခေါ်တတ်လာမှသာ သင်ယူတတ်မြောက်နိုင်သည်။

ထို့ကြောင့်ဆရာကောင်းမှန်လျှင် စားပွဲနှင့်ကုလားထိုင်နှင့် အခန့်သားထိုင်ကာ ပရိတ်သတ်ကိုစကားလှမ်းမပြောပေ။ လူထုနှင့်အတူ နေ၊ အတူအလုပ်လုပ်ရင်း စကားပြောသည်။ ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဖာသာသိလာအောင်၊ ကိုယ့်ဖာသာဖြေရှင်းတတ်လာအောင် လူထုကို ကူညီပေးသည်။ ရိုးသားပွင့်လင်းစွာ၊ ရင်းနှီးနွေးထွေးစွာ အသိပညာမျှဝေနိုင်ဖို့ အခွင့်အရေးရနိုင်သမျှ ကြိုးပမ်းသည်။

0043

လူထု၏ စွမ်းဆောင်နိုင်စွမ်းကိုနှိုးဆွဖော်ထုတ်ပေးရန်မှာ သင်၏အရေးအကြီးဆုံးအရာဖြစ်သည်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုတည် ဆောက်ပေးရမည်။ ရံဖန်ရံခါ ရပ်သူရွာသားများသည် သူတို့နှင့်အသားမကျသော (မကြိုက်နှစ်သက်သော) အပြောင်းအလဲကို ငြင်းဆန်တတ် ကြသည်။ သူတို့ကိုယ်ကိုသူတို့ "အ သည်၊ ဖျင်းသည်၊ ထုံထိုင်းသည်၊ သုံးစားမရ" ဟု ယူဆထားကြသည်။ သို့သော်မဟုတ်ကြပါ။ စာမဖတ် တတ်သူများအပါအဝင် ရပ်ရွာလူထုအများစုကြီးမှာ အတော်အသင့် ဥာဏ်ရည်ဥာဏ်သွေးနှင့် ကျွမ်းကျင်မှုရှိကြပါသည်။ သူတို့ရှိသည့် ပစ္စည်း ကိရိယာတန်ဆာပလာများဖြင့် လယ်ယာများကို ထွန်ယက်စိုက်ပျိုးနိုင်ကြသည်။ ဘုရားကျောင်းကန်များ တည်ထားနိုင်ကြသည်။ အိုးအိမ် အဆောက်အဦးများ ဆောက်လုပ်နိုင်ကြသည်။ မြို့ပြပညာတတ်လူတန်းစားများ မစွမ်းဆောင်နိုင်သော အရာတော်တော်များများကို သူတို့ ဆောင်ရွက်နိုင်ကြ၏။သူတို့၏အသိဥာဏ်ပညာနှင့် သူတို့ပတ်ဝန်းကျင်ပြောင်းလဲတိုးတက်လာအောင် စွမ်းဆောင်နိုင်မှုများကို သူတို့သိအောင် လုပ်ပေးနိုင်မှသာသူတို့မှာသင်ယူနိုင်စွမ်း၊ ယခုထက်ပိုမိုတိုးတက်ဖြစ်ထွန်းလာနိုင်စွမ်းရှိမှန်း နားလည်လက်ခံလာမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ရပ်ရွာလူထုကို သင်မည်ကဲ့သို့ပြောပြမည်နည်း။ များသောအားဖြင့်သင်မတတ်နိုင်ပါ။

သို့သော် ရပ်ရွာလူထုကို စေုဝးဆွေးနွေးစေကာ သူတို့ကိုယ်တိုင် အချက်အလက်များရှာဖွေဖော်ထုတ်နိုင်အောင် သင်ကူညီပေးနိုင် သည်။ သင်ကသိပ်များများမပြောပါနှင့်။ ဆွေးနွေးပွဲကိုမေးခွန်းအနည်းငယ်ဖြင့် စရုံစပေးလိုက်ပါ။ မိမိတို့ရပ်ရွာကိုယ်စားပြုကာလူများ၊ တိရိစ္ဆာန် များ၊ တဲများ၊ လယ်ယာများ၊ သီးနှံများ စသဖြင့် ထည့်သွင်းရေးဆွဲထားသော ရုပ်ပုံကားချပ်များကို အသုံးချနိုင်ပါသည်။

ဤနမူနာပုံမှာ ဗဟိုအမေရိကဒေသ၊ လယ်တောအိမ်ကလေး၌ နေထိုင်သော မိသားစုကိုအခြေခံရေးဆွဲထားခြင်းဖြစ်၍ သင့်ဒေသနှင့် ကိုက်ညီအောင် ပြုပြင်မွမ်းမံရေးဆွဲသင့်သည်။

ရပ်ရွာလူထုအား ဤပုံကိုပြ၍ ဆွေးနွေးခိုင်းကြည့်ပါ။ သူတို့ဘာပြဿနာတွေကို တွေ့ရှိသလဲ။ ဘယ်လိုဖြေရှင်းချင်သလဲ စတာတွေ သူတို့ချင်းပြောခိုင်းကြည့်ပါ။ နမူနာမေးခွန်းပုံစံအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဤပုံစံမျိုးအုပ်စုဖွဲ့ဆွေးနွေးခြင်းသည်ရပ်ရွာလူထုအား သူတို့၏အစွမ်းအစနှင့်ပတ်သက်၍ ယုံကြည်မှုတိုးတက်စေနိုင်သည်။ လူ့အဖွဲ့ အစည်းအတွင်း ပိုမိုပါဝင်ချင်စိတ်ကို နှိုးဆွပေးသည်။

အစပထမမှာတော့ လူထုသည် သူတို့ကိုယ်ပိုင်အတွေးအမြင်များကို ဖွင့်ဟပြောဆိုရန် ဝန်လေးနေပေလိမ့်မည်။ အရှိန်ရလာသည့် အခါ ပိုမိုပွင့်ပွင့်လင်းလင်းပြောဆိုလာကြကာ အရေးကြီးမေးခွန်းများလည်း သူတို့ဖာသာ မေးမြန်းလာကြလိမ့်မည်။ လူတိုင်းပါဝင်ပြောဆိုရန်၊ မိမိခံစားရသည့်အတိုင်း၊ ယူဆသည့်အတိုင်း မကြောက်မရွံ့ ဖွင့်ဟပြောဆိုရန် အားပေးရမည်။ စကားနည်းသူများကိုလည်း အလှည့်ပေးရန် လေပေါသူများကို သတိပေးရမည်။

ရပ်ရွာလူထု၏ ပြဿနာများ၊ အကြောင်းရင်းခံများ၊ ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်းများတို့ကို ရှင်းလင်းစွာ ဖော်ထုတ်နိုင်မည့်ဆွေး နွေးမှုများစတင်နိုင်ရန် အခြားသောသရုပ်ဖော်ပန်းချီကားချပ်အမျိုးမျိုးမေးခွန်းပုံစံအမျိုးမျိုးကိုလည်းသင့်အနေဖြင့် စဉ်းစားဖန်တီးကြည့်နိုင်သည်။

အောက်ပါပုံတွင် ဖော်ပြထားသော ကလေးငယ်၏ အခြေအနေမျိုးရောက်ရှိစေမည့် အခြေခံအကြောင်းတရားအများအပြားကိုသင်၏ ရပ်ရွာလူထု စဉ်းစားဖော်ထုတ်နိုင်လာစေရန် မည်သည့်မေးခွန်းများကို မေးမည်နည်း။

0045

ဝမ်းပျက်ဝမ်းလျောရောဂါဖြင့် သေဆုံးရခြင်း၏ အကြောင်းရင်းခံအများအပြားတွင် မည်သည့်အချက်များကို သူတို့ဖော်ထုတ်လာနိုင် သနည်း။ သူတို့ဖာသာစဉ်းစားနိုင်လာစေရန် ဦးတည်လမ်းညွှန်ပေးသော မေးခွန်းများကို သင်က ပြင်ဆင်ထားပေးပါ။

ဤစာအုပ်အား အထိရောက်ဆုံးအသုံးချနည်း။

စာဖတ်တတ်သူမည်သူမဆို ဤစာအုပ်ကိုဖတ်ရှုလေ့လာနိုင်ပါသည်။ သို့သော် အကောင်းဆုံး အပြည့်စုံဆုံး အသုံးချနိုင်စေရန် လမ်း ညွှန်ချက်အချို့လိုအပ်ပါသည်။

ဤစာအုပ်ကိုဖတ်ရှုရန် ထုတ်ပေးလိုက်သော ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေဖြင့် စာဖတ်မည့်သူသည် ဤစာအုပ်၏မာတိကာ၊ အညွှန်း၊ များနှင့် ဝေါဟာရအဘိဓါန်တို့ကို အသုံးချတတ်မှု ရှိ/မရှိ သေချာအောင်စိစစ်ရပါမည်။

" မည်သည့်အရာတွေလုပ်ဆောင်ပေးလျှင် အကျိုးရှိမည်နည်း " ၊ " မည်သည့်အရာက အန္တရာယ်ဖြစ်နိုင်သနည်း "၊ " မည်သည့်အခါ ကျွမ်းကျင်သူထံမှ အကူအညီရယူမည်နည်း " အစရှိသည်တို့ကို ကောင်းကောင်းနားလည်စေမည့် အခန်းများအား ဂရုတစိုက်ဖတ်ရှုလေ့လာဖို့ တိုက်တွန်းရမည်။ (အထူးသဖြင့် အခန်း ၁၊ ၂၊ ၆၊ ၈ နှင့် " စိုးရိမ်ရသော ရောဂါလက္ခဏာများ " ဆိုသည့် အခန်းများ) ။ ရောဂါမဖြစ်မီ ကြိုတင် ကာကွယ်ခြင်း၏ အရေးပါပုံကို ညွှန်ပြနိုင်ရမည်။ အာဟာရ (NUTRITION) နှင့် သန့်ရှင်းရေး (HYGENE & SANITATION) အကြောင်းများ ရေးထားသော အခန်း (၁၁) (၁၂) တို့ကို အထူးပြုလေ့လာရန် အားပေးတိုက်တွန်းရမည်။

ဒေသအတွင်း အဖြစ်များဆုံးရောဂါများ အကြောင်းဖော်ပြသည့်စာမျက်နှာများကို ၄င်းတို့အားပြသကာ အမှတ်အသားပြုပေးထားပါ။ စာအုပ်သုံးစွဲပုံ သုံးစွဲနည်းကို များများအချိန်ပေးဆွေးနွေးလေလေ (သို့) အတူတူဝိုင်းဖွဲ့ဖတ်ရှုလေ့လာကြလေလေ ရပ်ရွာလူထုပိုမိုအကျိုးရှိလေ လေပင်ဖြစ်သည်။

အုပ်စုငယ်လေးများဖွဲ့၍ စာအုပ်ကိုလေ့လာခိုင်းပါ။ တစ်ကြိမ်မှာ အခန်းတစ်ခန်းကို ဝိုင်းဖွဲ့ဆွေးနွေးခိုင်းပါ။ မိမိရပ်ရွာမှာ အကြီးမားဆုံး ဘာပြဿနာရှိသလဲ ကြည့်ခိုင်းပါ။ လက်ရှိပြဿနာကိုဘယ်လိုဖြေရှင်းမလဲ၊ အလားတူကိစ္စများကို အနာဂါတ်မှာရောဘယ်လိုကြိုတင်ကာကွယ် မလဲ။ ရပ်ရွာလူထုအား ရှေ့ရေးကိုမျှော်တွေးတတ်အောင် လေ့ကျင့်ပေးပါ။

စိတ်ပါဝင်စားသူအချို့အနေဖြင့် ဤစာအုပ်အားပြဌာန်းစာအုပ်အဖြစ် သတ်မှတ်ကိုးကားကာ ရက်တိုသင်တန်းလေးများ ဖွင့်လှစ်သင် ကြားနိုင်သည်။ ပြဿနာအမျိုးမျိုးကို ဖော်ထုတ်ခြင်း၊ ကုသခြင်း၊ ကာကွယ်ခြင်းတို့အား အုပ်စုအတွင်းဆွေးနွေးနိုင်သည်။ တစ်ခြားလူများအား ဆင့်ပွားသင်ကြားပို့ချနိုင်သည်။ အတန်းသားတစ်ဦးဦးက လူမမာအဖြစ် သဏ္ဍာန်လုပ်သရုပ်တူ ပျော်ရွင်ဖွယ်ဖြစ်အောင် သင်ကြားလေ့လာနိုင် သည်။ အခြားအတန်းသားများက ရောဂါရာဇဝင်စစ်ဆေးမေးမြန်းခြင်း၊ ရောဂါလက္ခဏာများစစ်ဆေးစမ်းသပ်ခြင်းများ ပြုလုပ်ကြရမည်။ ထို့ နောက် စာအုပ်ကို ကိုးကား၍ မည်သည့်ရောဂါဖြစ်နိုင်ကြောင်း၊ မည်သို့ကုသနိုင်ကြောင်း ရှာဖွေဖော်ထုတ်ကြရမည်။ လူနာအဖြစ်သရုပ်ဆောင် သူကိုယ်တိုင်ပါ ရောဂါအကြောင်းဝင်ရောက်လေ့လာရမည်။ ထို့နောက် ကာကွယ်ခြင်းကဏ္ဍအား လူနာနှင့်ဆွေးနွေးခြင်းဖြင့်အဆုံးသတ်ရမည်။ ဤအရာအားလုံးကို စာသင်ခန်းတွင်း၌ပင် လုပ်ဆောင်နိုင်ကြသည်။

ဤစာအုပ်ကို ထိရောက်မှန်ကန်စွာ သုံးစွဲနည်းတစ်ရပ်မှာ ဤသို့ဖြစ်သည်။ မိမိထံသို့လာရောက်ပြသသောလူနာ (သို့) လူနာရှင် အား ၄င်း၏ရောဂါ (သို့) ကလေး၏ရောဂါကို စာအုပ်ထဲတွင်ရှာဖွေပါစေ။ ကုပုံကုနည်းကို သူ့ဖာသာရှာတွေ့ပါစေ။ အချိန်ပိုကုန်ပေမယ့်အများ ကြီး အကျိုးရှိပါသည်။ သူတို့ကောက်ချက်ချတာ မှားသွားတဲ့အခါ (သို့) အရေးကြီးသည့်အချက် လွတ်သွားသည့်အခါကျမှ သင်က ဝင်ပါပါ။ မည်သို့လုပ်ရမည်ကို ရှင်းပြပါ။

ဤနည်းဖြင့် အနာရောဂါဝေဒနာတို့သည် ရပ်ရွာလူထုသင်ယူရန် အခွင့်အလမ်းများဖြစ်လာကြကုန်၏။

ချစ်စွာသော ကျန်းမာရေးလုပ်သားခင်ဗျာ……………….

သင်ဟာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲနေနေ၊ ဘာရာထူးပဲရှိရှိ၊ သာမန်လူပဲဖြစ်ဖြစ် လူထုကျန်းမာရေးကို စိတ်ပါဝင်စားတယ် ဆိုလျှင် ဒီစာအုပ်ကို ကောင်းကောင်းအသုံးချပါ။ သင်အတွက်ရော၊ လူတိုင်းအတွက်ရောဖြစ်တယ်။

ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုရဲ့အရေးကြီးဆုံးအပိုင်းက ဒီစာအုပ်ထဲမှာမဟုတ်ဘူး။သင်ကိုယ်ထဲမှာ။ သင်ရပ်သူရွာသား တွေထဲမှာ။ တစ်ယောက်ပေါ်တစ်ယောက် တန်ဖိုးထားစောင့်ရှောက် တာဝန်ယူတတ်တာတွေအပေါ်မှာပဲ မူတည်တယ်။ သင်ရဲ့ လူ့အဖွဲ့ အစည်းကျန်းမာစေချင်ရင် ဒါတွေအပေါ် အခြေခံပြီး တည်ဆောက်သွားပါ။

စောင့်ရှောက်ခြင်းနှင့်မျှဝေခြင်းသည်ကျန်းမာရေး၏သော့ချက်ဖြစ်သည်။

0047