အခန်း ၂ ရောထွေးလေ့ရှိသော ရောဂါများ



ခေါင်းစဉ်များ


နာမကျန်းမှုဖြစ်စေသော အကြောင်းရင်းများ

မည်သည့်အတွက်ကြောင့် နာမကျန်းမှုဖြစ်သည်ကို နေရာဒေသကွဲပြားမှုပေါ် မူတည်၍ အယူအဆအမျိုးမျိုး ရှိကြသည်။

ကလေးငယ်တဦးဝမ်းသွားခဲ့လျှင်

ရွာသူရွာသားများက နတ်ကိုင်သည်ဟု ပြောမည်။

ဆရာဝန်က ရောဂါပိုးကြောင့်ဟုဆိုမည်။

လူထုကျန်းမာရေးမှူးက ရွာမှာရေမသန့်ရှင်းခြင်းအိမ်သာမသန့်ရှင်းခြင်းကြောင့်ဟု ပြောမည်။

လူအခွင့်အရေးတက်ကြွသူက မြေယာခွဲဝေသုံးစွဲမှု မမျှတသောကြောင့်၊ ဆင်းရဲချမ်းသာကွာခြားမှုကြောင့်ဟု ဆိုမည်။

ကျောင်းဆရာက အသိပညာမရှိ၍ဟု အကြောင်းပြမည်။

လူတွေက သူတို့အတွေ့အကြုံအရ ထင်ကြေးပေးကြသည်။ မည်သူမှန်သနည်းဟုဆိုမူ လူတိုင်းလည်းမှန်နိုင်သည်။ အဘယ်ကြောင့်ဆိုသော်

ကျန်းမာရေးသည် အကြောင်းရင်းများစွာ ပေါ်မူတည်နေသည်။


ကလေးငယ်ဝမ်းသွားနေခြင်းသည် အထက်ပါ အကြောင်းရင်းတိုင်းကြောင့် ဖြစ်နိုင်သည်။

မိမိဒေသတွင် ဖြစ်လေ့ရှိသော ရောဂါနှင့် ဖြစ်စေသောအကြောင်းကို ကောင်းစွာနားလည်ထားမှသာ ရောဂါကို အောင်မြင်စွာ ကာကွယ်ကုသနိုင်မည်။

စာအုပ်တွင် ညွန်ကြားထားသော ဆေးဝါးများကို ဘေးကင်းစွာ သုံးစွဲနိုင်ရန်နှင့် စာအုပ်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရောဂါအကြောင်းနှင့် ဖြစ်စေသော အကြောင်းရင်းများကို နားလည်ထားရန် လိုအပ်သည်။

ရောဂါအမျိုးမျိုးနှင့် ၄င်းရောဂါဖြစ်စေသောအကြောင်းရင်းများ

ရောဂါများကိုနှစ်မျိုးခွဲခြားကာ လေ့လာနိုင်သည်။ ကူးစက်နိုင်သောရောဂါနှင့် မကူးစက်နိုင်သောရောဂါဟူ၍ ဖြစ်သည်။

ကူးစက်နိုင်သောရောဂါ လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်နိုင်သည်။ လူကောင်းကို ရောဂါမကူးစေရန် ကာကွယ်ပေးရမည်။

မကူးစက်နိုင်သောရောဂါ လူတစ်ဦးမှ အခြားတစ်ဦးသို့ မကူးစက်နိုင်။ အခြားသော အကြောင်းကြောင့် ဖြစ်သည်။ ထိုနှစ်ခုကိုခွဲခြားနိုင်ရန်အရေးကြီးသည်။

မကူးစက်နိုင်သောရောဂါ

မကူးစက်နိုင်သောရောဂါသည် ရောဂါပိုးများ ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားခြင်း မဟုတ်။ လူတစ်ဦးမှ အခြားတစ်ဦးသို့ မကူးစက်နိုင်ပါ။ ပဋိဇီဝပိုးသတ်ဆေးဖြင့် မပျောက်ကင်းနိုင်ပါ။

သတိပြုရန်။  ။ မကူးစက်နိုင်သော ရောဂါအား ကုရန် ပဋိဇီဝပိုးသတ်ဆေး (antibiotics) ကို မသုံးပါ။


ခန္ဓာကိုယ်ပြင်ပမှ
အရာဝတ္ထုကြောင့်
ဖြစ်သောရောဂါများ

  • ဓာတ်မတည့်ခြင်း
  • ပန်းနာရင်ကြပ်
  • အဆိပ်သင့်ခြင်း
  • မြွေဆိပ်
  • ချောင်းဆိုးခြင်း (ဆေးလိပ်သောက်၍)
  • အစာအိမ်အနာဖြစ်ခြင်း
  • အရက်စွဲခြင်း

ခန္ဓာကိုယ်အစိတ်အပိုင်း
ပျက်စီးခြင်းကြောင့်
ဖြစ်သောရောဂါများ

  • လေးဘက်နာ
  • နှလုံးရောဂါ
  • ဝက်ရူးပြန်ခြင်း
  • လေဖြတ်ခြင်း
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
  • မျက်စိအတွင်းတိမ်
  • ကင်ဆာရောဂါ

ခန္ဓာကိုယ်အတွက်လိုအပ်သော
ဓာတ်ပစ္စည်းချို့ယွင်းခြင်းကြောင့်
ဖြစ်သောရောဂါများ

  • အာဟာရချို့တဲ့ခြင်း
  • သွေးအားနဲခြင်း
  • ကြက်မျက်သင့်ခြင်း
  • လည်ပင်းကြီးခြင်း
  • အသည်းခြောက်ခြင်း

မွေးရာပါရောဂါများ

  • နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ
  • မျက်စိစွေခြင်း
  • မွေးရာပါဝက်ရူးပြန်ခြင်း
  • ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်း
  • မွေးရာပါအမှတ်များ
  • ကိုယ်လက် အင်္ဂါချို့ယွင်းခြင်း

စိတ်ရောဂါများ

  • အန္တရာယ်ရှိသည်ဟု စိတ်စွဲနေခြင်း
  • စိတ်လှုပ်ရှားခြင်း
  • စုန်းအတတ်ကိုယုံကြည်ခြင်း
  • ကြောက်ရွံ့ခြင်း

ကူးစက်နိုင်သောရောဂါ

ကူးစက်ရောဂါများသည် ခန္ဓာကိုယ်ကို ဘေးဖြစ်စေတတ်သော ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သည်။ ၎င်းပိုးများသည် နည်းမျိုးစုံဖြင့် ပြန့်နှံ့တတ်သည်။ ရောဂါပိုးနှင့် ရောဂါများစာရင်းကို အောက်တွင် ဖော်ပြထားသည်။

ရောဂါဖြစ်စေသော ပိုး ရောဂါအမည် ကူးစက်နည်း လိုအပ်သောဆေးဝါး
ဘက်တီးရီးယား bacteria တီဘီ လေမှတဆင့် (ချောင်းဆိုးခြင်း) ပိုးအလိုက် သီးသန့် ပိုးသတ်ဆေး antibiotics ရှိသည်။
မေးခိုင် မသန့်ရှင်းသော ဒဏ်ရာ
ဝမ်းလျှော မသန့်ရှင်းသော လက်၊ ရေ၊ ယင်ကောင်
အဆုပ်ရောင် လေမှတဆင့် (ချောင်းဆိုးခြင်း)
ဂနို ဆီးပူညောင်းကျ၊ ဆစ်ဖလစ် လိင်ဆက်ဆံခြင်း
နားကိုက် အအေးမိခြင်း
ဒဏ်ရာပိုးဝင်ခြင်း မသန့်ရှင်းသော ပစ္စည်းများနှင့် ထိမိခြင်း
ပြည်တည်နာ မသန့်မရှင်း ကိုင်တွယ်ခြင်း
ဗိုင်းရပ်စ်ပိုး (ဘက်တီးရီးယား ထက်သေးငယ်သည်) virus နှာစေး အအေးမိခြင်း၊ ဝက်သက်၊ ပါးချိတ်ရောင်၊ သူငယ်နာအကြောသေ၊ ဝမ်းလျှော ပိုးရှိနေသောသူထံမှ လေမှတဆင့်သော်၎င်း၊ ချောင်းဆို၍သော်၎င်း ပါရာဆီတမောနှင့် အကိုက်ခဲပျောက်ဆေး (ပိုးသတ်ဆေးများက မကုနိုင်ပါ။)
ခွေးရူးပြန် တိရိစ္ဆာန်ကိုက် ကာကွယ်ဆေးရှိသည်။
ကြွက်နို့ ထိမိခြင်း
HIV ကိုယ်ခန္ဓာမှ ထွက်သော အရည်က ကိုယ်အတွင်းသို့ တနည်းနည်းဖြင့် ဝင်ခြင်း HIV ပိုးကို သတ်သော အေအာတီ ART ဆေး ရှိသည်။
မှိုရောဂါ ပွေး၊ ခြေချောင်းပွေး ထိမိခြင်း၊ အဝတ်အစားမှတဆင့် ဆာလဖာ၊ vinegar လိမ်းဆေး၊ undecylenic, benzoic, salicylic and griseofulvin
ကပ်ပါးပိုး
(ခန္ဓာကိုယ်အတွင်း နေထိုင်သော)
အူတွင်းရှိ သန်ကောင်များ မစင်မှတဆင့်၊ မသန့်ရှင်းခြင်း သီးသန့်ဆေးဝါးများဖြင့် ကုရသည်။
ငှက်ဖျားပိုး(သွေးအတွင်းနေထိုင်) ခြင်ကိုက် ငှက်ဖျားဆေးပေါင်းရှိသည်။
ကပ်ပါးပိုး
(ခန္ဓာကိုယ်ပြင်ပ နေထိုင်သော)
သန်း၊ ဝဲ ထိမိခြင်း၊ အဝတ်အစားမှတဆင့် သန့်သန့်ရှင်းရှင်း နေပါ။ permethrin

ရောဂါဖြစ်စေသော ဘက်တီးရီးရားပိုးများ (bacteria) သည် အလွန်သေးငယ်သဖြင့် အနုကြည့်မှန်ပြောင်း microscope (သေးငယ်သော အရာကို အကြီးချဲ့ပြီး ကြည့်နိုင်သော ကိရိယာ) နှင့်သာ မြင်နိုင်သည်။ ဗိုင်းရပ်ပိုး (virus) များသည် ဘက်တီးရီးယားပိုးများထက် ပို၍ပင် သေးငယ်သည်။

ပဋိဇီဝပိုးသတ်ဆေးများသည် (ပင်နီဆလင်၊ တက်ထရာဆိုက်ကလင်း ကဲ့သို့သော) ဘက်တီးရီးရားပိုးများကို သေစေနိုင်သည်။ ပဋိဇီဝဆေးသည် ဗိုင်းရပ်ပိုး အများစုကို မသတ်နိုင်ပါ။ ဗိုင်းရပ်ကြောင့်ဖြစ်သော အအေးမိခြင်း၊ ပါးချိတ်ရောင်ခြင်း၊ တုပ်ကွေး စသည့် ရောဂါများတွင် ပဋိဇီဝပိုးသတ်ဆေးများကို မသုံးသင့်ပါ။ အကျိုးမရှိပါ။

သီးခြားဖော်ပြရန် ခက်ခဲသော ရောဂါများ

အချို့သောရောဂါများသည် ဖြစ်စေသော အကြောင်းရင်း မတူ၊ ကုထုံးလည်း မတူ။ သို့သော် ရောဂါလက္ခဏာများ တူနေ၍ ခွဲခြားရန် ခက်ခဲသည်။

၁။ ဖြည်းဖြည်းပိန်လှီကာ ဗိုက်ဖောင်းလာသော ကလေးတယောက်သည် အောက်ပါရောဂါတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုသော ရောဂါရှိနေနိုင်သည်။

  • သန်ကောင်
  • အဟာရချို့တဲ့ခြင်း
  • ပြင်းထန်တီဘီ
  • နာတာရှည်ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • အသဲ သို့မဟုတ် သရက်ရွက်ရောဂါ
  • သွေးကင်ဆာ

၂။ လူကြီးတစ်ယောက် ခြေကျင်းဝတ်တွင် အနာပေါက်ကာ၊ ထိုအနာ တဖြည်းဖြည်းကြီးထွားလာလျှင်

  • အရေပြားတီဘီ
  • ဆီးချို
  • အနာကြီးရောဂါ
  • သွေးကြောရောဂါ
  • အရိုးပိုးဝင်ခြင်း
  • ကျွမ်းနေသော ကာလသားရောဂါ

ရောဂါများ၏ ကုထုံးများမတူညီကြ။ ထို့ကြောင့်ရောဂါများကို ခွဲခြားသိရန် အရေးကြီးသည်။

အစတွင်ရောဂါများသည် ခပ်ဆင်ဆင် ဖြစ်နေတတ်သည်။ သို့သော်ရောဂါဖြစ်စဉ်ကို သေချာမေးမြန်းကာ ရောဂါလက္ခဏာများ ကို ရှာကြည့်ခြင်းဖြင့် ရောဂါများကို ခွဲခြားဖော်ထုတ်နိုင်သည်။

စာအုပ်တွင်ရောဂါဖြစ်စဉ်နှင့် ရောဂါလက္ခဏာများကို ဖော်ပြထားသည်။ သို့သော်ရောဂါများသည် ဖော်ပြထားသည့်အတိုင်း မဟုတ်ဘဲ ရှုပ်ထွေးနိုင်သည်။ ခက်ခဲသောရောဂါများအတွက် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ဆရာဝန်လိုအပ်သည်။ တခါတရံ အထူးစစ်ဆေးမှုများလည်း လိုကောင်းလိုမည်။

သင့်ရဲ့ ကန့်သတ်ချက်ကို သိပါ။
ဤစာအုပ်ကို သုံး၍ ဆေးကုလျှင် မှားနိုင်သည်ကို သတိထားပါ။
သင်မသိသော အရာကို သိသလို ဟန်မဆောင်ပါနှင့်။
သင်မသိသော ရောဂါ၊ ပြင်းထန်ဆိုးရွားသော ရောဂါတစ်ခုကို ရမ်းမကုပါနှင့်။ ကျန်းမာရေးဝန်ထမ်းထံ လွှဲပေးပါ။

ခွဲခြားရန်ခက်ခဲသော ရောဂါများ (သို့မဟုတ်)
အမည်တူရောဂါများ

ရှေးပဝေသဏီကပင် ရောဂါ၏ အကြောင်းကို သိပ္ပံနည်းကျ မသိရှိခင်ကပင် ထိုရောဂါများ၏ အမည်ကို ပေးနှင့်ပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ ထိုအမည်ကို ခေါ်ခဲ့ကြသည်။ ဥပမာ ကိုယ်ပူခြင်းနှင့် ဗိုက်နာခြင်းတို့သည် ရောဂါတိုင်းတွင် တွေ့ရလေ့ရှိသည်။ ဗိုက်နာစေသော၊ ကိုယ်ပူစေသော အကြောင်းရင်းများစွာ ရှိသည့်အနက်၊ အဆိုပါအကြောင်းရင်းတို့ကို ခွဲခြားမသိခဲ့သောကြောင့် ဖျားသည်၊ ဗိုက်နာသည်ဟုသာ ပြောကြသည်။ အိမ်တွင်းရှိ ဆေးမြီးတိုများနှင့်သာ ကုလိုက်ကြကာ၊ ထိုအဖျားအနာတို့ကိုလည်း အိမ်တွင်းဖြစ်လေ့ရှိသော အဖျားအနာ home sicknesses ဟုသာ သတ်မှတ်လိုက်ကြသည်။

ရောဂါအများစုအတွက် ရှေးဆေးနည်းသည် အသုံးဝင်ကောင်းဝင်မည်။ သို့သော် အချို့သော ရောဂါမှာမူ ခေတ်သစ်ဆေးဝါးများနှင့် ကုမှသာ ကောင်းမွန်နိုင်ပြီး အသက်အန္တရာယ်မှ ကယ်တင်နိုင်မည်။ အထူးသဖြင့် ပြင်းထန်သော ကူးစက်ရောဂါဖြစ်သည့် အဆုတ်ရောင်ရောဂါ၊ တီဘီ၊ အူရောင်ငန်းဖျားရောဂါနှင့် မီးဖွားပြီးပိုးဝင်ခြင်းတို့ဖြစ်သည်။

ခေတ်မီဆေးဝါးဖြင့် ကုသရန်လိုအပ်သော ရောဂါကို သိရှိရန်နှင့်မည့်သည်ဆေးဝါး ရွေးချယ်သင့်သည်ကို ဆုံးဖြတ်နိုင်ရန် ဤစာအုပ်တွင် ဖော်ပြထားသော ရောဂါအမည်များကို သိရှိထားရမည်။

သင်ရှာဖွေလိုသော ရောဂါကို စာအုပ်တွင် မတွေ့ပါကရောဂါ လက္ခဏာတူသော အခြားရောဂါများကို ရှာဖွေပါ။ မာတိကာ၊ အညွှန်းများတွင် ကြည့်နိုင်သည်။

ရောဂါကိုသေချာမသိလျှင် အထူးသဖြင့် ပြင်းထန်သည်ဟုထင်လျှင် ကျန်းမာရေးဌာနသို့ အကူညီတောင်းပါ။

ဤစာအုပ်တွင် ရောဂါအမည်ကို အသုံးများသော ဒေသနှင့် မိရိုးဖလာအခေါ်အဝေါ် များဖြင့် ဖော်ပြထားသည်။

ရောဂါများ၏ ဒေသအခေါ်အဝေါ်များ

အူပိတ်ခြင်း သို့မဟုတ် အူအလုပ်မလုပ်ခြင်း

ဆေးလောကမှ impaction (ဒေသအခေါ် empacho) ဟုခေါ်သောရောဂါသည် အူပိတ်ခြင်းကို ဆိုလိုသည်။ သို့သော် မက္ကဆီကိုနိုင်ငံတွင် မည်သည့်အတွက်ကြောင့်ပဲ ဗိုက်နာနာ၊ ဝမ်းလျှောလျှော empacho ဟုပင်ခေါ်သည်။ ထို့အပြင် အူအစိတ်အပိုင်းတခုတွင် ဆံပင်အထွေး သို့မဟုတ် တစုံတရာပိတ်ဆို့နေသည်ဟု ဆိုကာ နတ်ပြုစားသည်ဟုယိုးဆွတ်ပြီး၊ ပရောဂဆရာများသွား၍ ပုံပါအတိုင်း ဝမ်းဗိုက်ပေါ်တွင် ခွက်ဖြင့်စုပ်ကာ ကုသကြသည်။ အချို့သော ဒေသခံဆေးဆရာ များသည် ဆံပင်အထွေးကို ဖွက်၍ ယူလာပြီး၊ ခွက်မှ စုပ်၍ ထွက်လာသယောင် လိမ်တတ်ကြသေးသည်။

  • ဗိုက်နာ၊ ဗိုက်အောင့်၊ ဗိုက်မအီမသာဖြစ်ခြင်း ဖြစ်နိုင်သော အခြေအနေများမှာ
  • ဝမ်းကိုက်ခြင်း (ဗိုက်ရစ်ပြီးနာမည်)
  • သန်ကောင်များ
  • အဟာရချို့တဲ့ခြင်း (ဝမ်းဖောလျှင်လည်း နာမည်)
  • အစာမကျေခြင်း သို့မဟုတ် အစာအိမ်အနာရှိခြင်း
  • အူပိတ်ခြင်း (အလွန်ဖြစ်ခဲသည်) သို့မဟုတ် အူအတက်ရောင်ခြင်း

အထက်ပါ ရောဂါများသည် ပရောဂနည်းဖြင့် ဥုံဖွကု၍ မပျောက်ကင်းနိုင်ပါ။ ရောဂါဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေပြီး ကုမှသာ ပျောက်ကင်းမည်။

အမျိုးသမီးများဗိုက်တခြမ်းအောင့်ခြင်း

အမျိုးသမီးများ ဗိုက် ဘေးဖက်တခြမ်းအောင့်ခြင်းဖြစ်သည်။ တခါတရံ ဝမ်းဗိုက်အလယ် နှင့် ခါးအောက်ပိုင်းတွင်လည်း နာတတ်သည်။ အကြောင်းရင်းများမှာ

  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (ကျောက်ကပ်၊ ဆီးအိမ်နှင့် ၄င်းနှစ်ခုကို ဆက်သောပြွန်)
  • လေထိုးခြင်း
  • ရာသီလာချိန်နာခြင်း
  • အူအတက်ရောင်ခြင်း
  • သားအိမ်နှင့် သားဥပိုးဝင်ခြင်း
  • အရည်အိတ် သို့မဟုတ် အကြိတ်ရှိခြင်း
  • နေရာမှား သန္ဓေတည်ခြင်း

တင်းခဲနေခြင်း Congestion

ဦးခေါင်း၊အစာအိမ်၊ ရင်ဘတ်နှင့် တစ်ကိုယ်လုံးတွင်ဖြစ်တတ်သည်။

မီးနေသည် အစာမှားလျှင် ဖြစ်မည်ဟု ယူဆကြသည်။ မီးနေသည်များ ရှောင်ရမည့်အစာကို မရှောင်ပဲစားလျှင်၊ ဆေးတစ်မျိုးမျိုးကို သောက်လျှင် ဖြစ်သည် ဟုယူဆကြသည်။ အမှန်တွင် အစားအစာသည် အန္တရာယ်မပေးပါ။ အများစုက အစာမှားမည် ဆိုးသောကြောင့် မိမိအတွက် အဟာရရှိသော အစာကိုပင် မစားကြတော့ပေ။

တင်းခဲခြင်းကို ဖြစ်စေသော အခြေအနေများမှာ

အစာအဆိပ်သင့်ခြင်း၊ သိုးသောအစာများစားမိခြင်း - ရုတ်တရက်အော့အန်မည်။ ဝမ်းလျှောမည်။ ဗိုက်အောင့်၊ ဗိုက်နာမည်။ နှုံးမည်။

အစားမှားခြင်း၊ ပြင်းထန်သောဓာတ်မတည့်ခြင်း- ပင်လယ်စာနှင့်မတည့်ခြင်း၊ အချို့သော ဆေးဝါး(ပင်နီဆလင်)နှင့် မတည့်ခြင်းတို့ကြောင့်ဖြစ်မည်။ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ယားယံခြင်း၊ အနီကွက်ထွက်ခြင်း၊ အသက်ရူကျပ်ခြင်းစသည့် ဝေဒနာများခံစားရမည်။

အစာအိမ် မအီမသာဖြစ်ခြင်း- အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်တို့ဖြစ်မည်။

ရုတ်တရက်ပြင်းထန်စွာ အသက်ရူကျပ်ခြင်း- ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောင်ခြင်း၊ လည်ချောင်းတွင်း တစ်ခုခုပိတ်ခြင်း တို့ကြောင့်ဖြစ်မည်။

တက်ခြင်း(ငန်းဖမ်းခြင်း)၊ သွက်ချာပါဒနှင့် လေဖြတ်ခြင်း - တက်ခြင်း၊ မေးခိုင်ပိုးဝင်ခြင်း၊ ဦးနှောင်အမှေးရောင်ခြင်း၊ ပိုလီယို လေဖြတ်ခြင်း တို့ကြောင့် ဖြစ်မည်။

နှလုံးရောဂါ - အထူးသဖြင့်အသက်ကြီးသူများ တွင်ဖြစ်လေ့ရှိသည်။

အစာအိမ်နေရာတွင်ခုန်နေခြင်း pulsing

ရင်ညွန့်တည့်တည့်တွင် ခုန်နေမည်။ အမှန်တွင် ၎င်းနေရာတွင်ရှိသော သွေးကြောမကြီး ခုန်နေခြင်း ဖြစ်သည်။ အလွန်ပိန်၍ ဆာလောင်နေသော သူများတွင် တွေ့နိုင်သည်။ ဤသို့ဖြစ်ခြင်းသည် အဟာရချို့တဲ့ခြင်း ၏ လက္ခဏာတစ်ခု ဖြစ်သည်။ ကုသနည်းမှာ အစာအာဟာရများကို လုံလောက်မျှတစွာ စားသုံးခြင်းသည် တစ်ခုတည်းသော ကုသနည်းဖြစ်သည်။

လိပ်ပြာလွင့်ခြင်း Hysteria

လိပ်ပြာလွင့်ခြင်းသည် ရုတ်တရက် ကြောက်လန့်ခြင်းကြောင့် ဖြစ်သည်။ အချို့ကစုန်းပြုစားသည်၊ မကောင်းဆိုးဝါး ကပ်သည်ဟု ထင်ကြသည်။ ကြောက်လန့်တုန်ယင်ပြီး အပြုအမူ ထူးခြားနေမည်၊ ညဘက်အိပ်မရခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်းနှင့် အသက်ဆုံးရှုံးခြင်းထိ ဖြစ်နိုင်သည်။

အကြောက်လွန်ခြင်းသည်ယုံမှားလွန်ခြင်းကြောင့်ဖြစ်သည်။ မိမိကိုတစုံတဦးကမကောင်းကြံမည်၊ (စုန်းပြုစားမည်)ကို ကြောက်ရွံ့ပြီး၊ အစားပျက် အအိပ်ပျက်ကာ အားနည်းလာသည်၊ ဤသို့ဖြစ်သည်ကို စုန်းပြုစားဟု ယုံကြည်ကာ ပို၍ ကြောက်ရွံ့ကာ ရောဂါပိုဆိုးလာသည်။

ကလေးငယ်များတွင် အိပ်မက်ဆိုးမှ ကြောက်ရွံ့စွှာ လန့်နိုးလာတတ်သည်။ အဖျားကြီးချိန်တွင် ကယောင်ကတန်း ပြောဆိုခြင်း၊ ထူးဆန်းစွာ ပြုမူခြင်းတို့ ဖြစ်သည်။ အမြဲစိုးရိမ် သောကရောက်နေသော ကလေးတွင် အဟာရ ချို့တဲ့နေတတ်သည်။ တခါတရံ မေးခိုင်ပိုးဝင်ခြင်း သို့မဟုတ် ဦးနှောက်မြှေးရောင်ခြင်းတို့ကြောင့် လိပ်ပြာလွင့်ခြင်း ဖြစ်တတ်သည်။

ကုသခြင်း

အကြောက်လွန်ခြင်းသည် ရောဂါတခုခုကြောင့်ဖြစ်လျှင် ထိုရောဂါကို ကုသရမည်။ လိုအပ်လျှင် ကျန်းမာရေး အကြံပြုချက် ယူပါ။

ကြောက်ရွံ့ခြင်းကြောင့်ဖြစ်လျှင် လူနာအား နှစ်သိမ့်ပေးရမည်။ ကြောက်ရွံ့ခြင်းကြောင ဖြစ်ကြောင်းကို နားလည်အောင် ပြောပြပေးရမည်။ တခါတရံပရောဂနည်းနှင့် ဆေးမြီးတိုများသည်လည်း အသုံးဝင်သည်။

ကြောက်ရွံ့ကာ အသက်ကို မြန်မြန်ရူခြင်းဖြင့် ခန္ဓာကိုယ်တွင်း လေဝင်များခြင်းသည်လည်း ပြဿနာ ပေးနိုင်သည်။

အကြောက်လွန်ခြင်း Hyperventilation

လက္ခဏာ

  • တစ်စုံတစ်ခုကို ကြောက်နေမည်
  • အသက်ရူမြန်ခြင်း
  • နှလုံးခုန်နှုန်းမြန်နေခြင်း
  • မျက်နာခြေလက်ထုံကျင်ခြင်း
  • ကြွက်တက်ခြင်း

ကုသခြင်း

လူနာကိုငြိမ်အောင်ထားပါ။

ပါးစပ်နှင့်နာခေါင်းကို အိတ်ဖြင့် စွတ်ထားပါ။ (၂-၃မိနစ်ခန့်ထားပါ)

လူနာအား အန္တရာယ် မရှိကြောင်းနှင့် မကြာမီကောင်းသွားမည် ဖြစ်ကြောင်း ရှင်းပြပါ။

ရောဂါအမည် ရောထွေးမှုကြောင့် နားလည်မှုလွဲခြင်း

ကင်ဆာနှင့် အနာကြီးရောဂါ (ကုဌနူနာရောဂါ) ၂ ခုကို ဥပမာထား၍ လူအများအကြား ရောဂါအမည် ခေါ်ဝေါ်သုံးစွဲမှု မည်မျှထိ နားလည်မှုလွဲစွာ မှားယွင်းနေသည်ကို ဆွေးနွေးသွားမည်။ ဆေးပညာရှင်၏အမြင်၊ သာမာန်လူတဦး၏အမြင်၊ ရွာသားတဦး၏အမြင် စသဖြင့် လေ့လာသွားမည်။

အခေါ်အဝေါ်နားလည်မှု မမှားအောင်၊ လူနာ၏ ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာများကို သေချာစွာစစ်ဆေးပါ။ လူအများခေါ်သောအမည်နှင့် မဆုံးဖြတ်ပါနှင့်။

ကင်ဆာရောဂါ cancer

မက္ကဆီကိုနိုင်ငံရှိရွာများတွင် ကင်ဆာဟုဆိုလိုက်သည်နှင့် အရေပြားရောဂါ အကြီးစားတစ်မျိုးဟု ယူဆကြသည်။ ဥပမာ အရောပြားပိုးဝင်ခြင်း၊ အသားပုပ်ခြင်း (gangrene) စသည်တို့ကို ကင်ဆာဟု ခေါ်လိုက်သည်။

အနောက်တိုင်းဆေးပညာအရ ကင်ဆာဆိုသည်မှာ ရောဂါပိုးဝင်ခြင်းကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အကြိတ်များ ကြီးထွားလာခြင်း ကိုဆိုသည်။ အဖြစ်များသော ကင်ဆာများမှာ

အရေပြားရောဂါ၊ ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာ၊ အသည်းကင်ဆာ တို့ဖြစ်သည်။

ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုတွင် နာကျင်ခြင်းမရှိသော မာကြောသော အလုံးအကြိတ် ပေါ်လာလျှင် ကင်ဆာဖြစ်နိုင်သည်။ ကင်ဆာသည် အန္တရာယ်ရှိပြီး ခွဲစိတ်ကုသရန် လိုအပ်သည်။

ကင်ဆာဟု သံသယရှိလျှင် ကျန်းမာရေး အကူအညီ ရယူပါ။


အနာကြီးရောဂါ lepra; leprosy

မက်ဆီကန် လူမျိုးများက ပြန့်ကျဲနေသောအနာကို အနာကြီးရောဂါ lepra ဟုခေါ်တတ်ကြသည်။ ဆေးပညာအရမူ အနာကြီးရောဂါအစစ်ဖြစ်သော (Hansens disease) မှသာ အနာကြီးရောဂါ leprosy ဟုသည်။ သာမာန်လူတို့က အနာကြီးရောဂါ lepra ဟုမှားယွင်းခေါ်နေသော ရောဂါများမှာ -

  • အနာစက် impetigo နှင့် အခြားအရေပြားရောဂါ
  • ပိုးမွှားကိုက်ခြင်းနှင့် ဝဲကြောင့်ဖြစ်သောအနာများ
  • သွေးလည်ပတ်မှု မကောင်းခြင်းကြောင့် ဖြစ်သော နာတာရှည် အရေပြားအနာများ
  • အရေပြား ကင်ဆာ
  • အနာကြီးရောဂါ၊ အရေပြားတီဘီ

အဖျားကြီးစေသောရောဂါများ

ရောဂါအလိုက်အဖျားအတက်အကျပုံစံကိုအောက်တွင်ပုံဖြင့်ဖော်ပြထားသည်။

အဖျားကြီးခြင်းသည် ခန္ဓာကိုယ် အပူချိန် ပုံမှန်ထက် မြင့်တက်ခြင်းဖြစ်သည်။ ရုတ်တရက် အဖျားကြီးစေတတ်သော ရောဂါများမှာ-

ငှက်ဖျားရေဂါ malaria

အစပိုင်းတွင် အားနည်းခြင်း၊ ချမ်းတုန်ဖျားခြင်းဖြစ်ပြီး၊ ရက်အနည်းငယ် ကြာတတ်သည်။ အဖျားတက်ချိန်တွင် ချမ်းတုန်ပြီး၊ ချွေးပျံကာ အဖျားကျသွားသည်။ ဒုတိယ၊ တတိယရက်များထိ အဖျားရှိတတ်ပြီး နောက်ရက်တွင် သက်သာလာမည်။

တိုက်ဖွိုက်ရောဂါ အူရောင်ငန်းဖျား typhoid

အအေးမိခြင်းနှင့် စသည်။ တစ်ရက်ထက် တစ်ရက် အဖျားပိုကြီးလာမည်။ သွေးခုန်နှုန်း နှေးနေမည်။ တစ်ခါတစ်ရံ ဝမ်းသွားခြင်းနှင့် ရေဓါတ်ဆုံးရှုံးခြင်း ဖြစ်မည်။ ကယောင်ကတန်း ဖြစ်တတ်သည်။

အသည်းရောင်ခြင်း hepatitis

အစားအသောက်ပျက်မည်၊ ပျို့မည်၊ အသားနှင့် မျက်သားဝါလာမည်။ ဆီးအရောင် ရင့်လာမည်။ တခါတရံ အသည်းကြီး၍ နာလာမည်။ ငွေ့ငွေ့ ဖျားမည်။ အလွန် အားနည်းနေမည်။

အဆုတ်ရောင်ခြင်း pneumonia

အသက်ရှု မြန်လာမည်။ အဖျားရုတ်တရက် တက်လာမည်။ ချောင်းဆိုးကာ အစိမ်းရောင်၊ အဝါရောင်သလိပ် သို့မဟုတ် သွေးပါတတ်သည်။ ရင်ဘတ်အောင့်မည်။ အလွန် အားနည်းနေမည်။

လေးဘက်နာရောဂါ rheumatic fever

ကလေးနှင့် အပျိုဖော်ဝင်စအရွယ်တွင် ဖြစ်များသည်။ အဆစ်နာခြင်း၊ အဖျားကြီးခြင်း၊ ဖြစ်မည်။ လည်ချောင်းနာပြီးနောက် ဖြစ်တတ်သည်။ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း ဖြစ်မည်။ ခြေလက်မထိန်းနိင်ခြင်း ဖြစ်တတ်သည်။

Brucellosis

ပင်ပန်းနွမ်းနယ်ခြင်း ခေါင်းကိုက်ခြင်း အရိုးကိုက်ခြင်း စဖြစ်မည်။ ညဘက် အဖျားကြီးခြင်း ချွေးပြန်ခြင်း ဖြစ်မည်။ ရက်အနည်းငယ် လောက် အဖျားကျကာ မကြာခင် ပြန်ဖျားလာမည်။ လ သို့မဟုတ် နှစ်ချီ ကြာတတ်သည်။

မီးတွင်းဖျားခြင်း

မီးဖွားပြီး တစ်ရက် သို့မဟုတ် ရက်အနည်းငယ်တွင် စဖြစ်သည်။ အစပိုင်းတွင်ငွေ့ငွေ့ဖျားပြီး၊ တဖြည်းဖြည်း အဖျားတက်လာသည်။ မိန်းမကိုယ်မှ နံသော အကျိအချွဲဆင်းခြင်း၊ နာခြင်း၊ သွေးဆင်းခြင်း တို့ဖြစ်သည်။

အထက်ပါ ဖျားနာမှု အားလုံးသည် အန္တရာယ်ရှိသည်။ ယခုဖော်ပြသော လက္ခဏာနှင့် ဆင်တူသော အခြားရောဂါများလည်း ရှိသည်။ ရက်ရှည်ဖျားကာ ညချွေးပြန်ခြင်းသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS) ဖြစ်နိုင်သည်။ ကျန်းမာရေးဌာနသို့ သွားပြသင့်သည်။