ဖျားနာလျှင် ကိုယ်ခန္ဓာအားနည်းစေသည်။ လျင်မြန်စွာ ပြန်နေကောင်းလာစေရန် ပြုစုရန် လိုအပ်သည်။
လူနာအား ပြုစုပေးခြင်းသည် အလွန်အရေးကြီးသည်။
လူနာအား ဆိတ်ငြိမ်၍၊ လေကောင်းလေသန့်ရရှိပြီး၊ အလင်းရောင်ကောင်းစွာရရှိသော နေရာတွင်ထားရမည်။ ပူလွန်း၊ အေးလွန်းခြင်း မရှိစေရ။ ရာသီဥတုအေးစက်ပြီး၊ လူနာက ချမ်းတုန်နေလျှင် နွေးထွေးအောင် စောင်ချုံပေးရမည်။ သို့သော် ရာသီဥတုပူအိုက်၍သော်၎င်း၊ ကိုယ်ပူနေလျှင်သော်၎င်း မည်သည့်အရာမျှ မချုံပေးရပါ။
လူနာတိုင်း၊ အထူးသဖြင့် ကိုယ်ပူလျှင်သော်၎င်း၊ ဝမ်းလျှောလျှင်သော်၎င်း ထိုသူကို အရည်များများ သောက်စေရမည်။ ရေကျက်အေး၊ လ္ဘက်ရည်ကြမ်း၊ ဖျော်ရည်၊ စွပ်ပြုတ်ရည် စသည့် အရည်များ သောက်နိုင်သည်။
လူနာ တစ်ယောက် သန့်သန့်ရှင်းရှင်းရှိနေစေရန် အရေးကြီးသည်။ နေ့တိုင်း ရေချိုးသင့်သည်။ အိပ်ရာမှ မထနိုင်ပါက၊ ရေပတ်တိုက်ပေးရမည်။ လူနာ၏ အဝတ်အစားများ၊ အိပ်ရာခင်းနှင့် စောင်များလည်း သန့်သန့်ရှင်းရှင်းရှိရမည်။ အိပ်ရာပေါ် အစားအစာများ မဖိတ်စင်အောင်လည်း ဂရုပြုပါ။
လူနာဗိုက်ဆာလျှင် စားပါစေ။ ပုံမှန်အစားအစာများ ကျွေးလျှင်လုံလောက်သည်။ အထူးချက်ပြုတ်စရာ မလိုပါ။ လူနာတိုင်း ရေများများသောက်သင့်ပြီး၊ အာဟာရရှိသော အစာများ စားရန်လိုအပ်သည်။ အားမရှိလျှင် အာဟာရမျှတသော အစားအစာများ လူနာစားနိုင်သလောက် အကြိမ်များများ ကျွေးပေးပါ။ လိုအပ်ပါက အစာများကို ကြိတ်၍သော်၎င်း၊ စွပ်ပြုတ်လုပ်၍သော်၎င်း၊ အရည်ဖျော်၍သော်၎င်း ပြင်ဆင်ပေးပါ။ အားအင်ဖြစ်စေသောအစာများဖြစ်သည့် ဆန်ပြုတ်၊ ဂျုံ၊ အာလူး၊ ပြောင်း တို့ကို များများကျွေးရမည်။ သကြား၊ ပဲဆီ၊ နှမ်းဆီအနည်းငယ်ထည့်ကျွေးနိုင်သည်။ ခံတွင်းပျက်ပါက အချိုရည်များများ တိုက်ပါ။ အောက်ပါဝေဒနာ ခံစားနေရသော လူနာများအတွက် အထူးအစာများကျွေးပေးရမည်။
လူနာ(အပြင်းဖျားသူ)တစ်ယောက်အတွက် ရေဓာတ်လုံလောက်စွာ ရရှိရန် အလွန်အရေးကြီးသည်။ အနည်းငယ်သာသောက်နိုင်ပါက နည်းနည်းနှင့် မကြာခဏတိုက်ပေးပါ။ မျိုချရန်ခက်ခဲသူများကို ၅ မိနစ်လျှင်တစ်ကြိမ် အာဆွတ်ပေးပါ။ တစ်နေ့တာ အရည်မည်မျှဝင်သည်ကို နေ့တိုင်းမှတ်သားရမည်။ လူကြီးတစ်ဦးလျှင် နေ့စဉ်ရေ နှစ်လီတာ (ရေသန့်ဘူး နှစ်လုံး)နှင့်အထက် သောက်ရမည်ဖြစ်ပြီး၊ ဆီး တစ်ခါသွားလျှင် တစ်ခွက် (၂၄၀ စီစီ)၊ ၃၄ ခါသွားရမည်။ ရေသောက်နည်းလျှင်သော်၎င်း၊ ဆီးအသွားနည်းလျှင် သော်၎င်း (သို့မဟုတ်) ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ ပေါ်လာလျှင်သော်၎င်း၊ ရေများများသောက်စေရမည်။ အာဟာရရည် nutritious liquids (ဆားခတ်ထားသော ရေ) သောက်သင့်သည်။ ဓာတ်ဆားဖျော်ရည် (Dehydration Drink) လည်းသောက်နိုင်သည်။ အရည်လည်း မသောက်နိုင်၊ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာ များလည်းပေါ်လာပါက အကြောဆေးရည်သွင်းရန် လိုအပ်သည်။ သို့သော် လူနာက နည်းနည်းနှင့် အကြိမ်များများ စုပ်သောက်နိုင်ပါက အကြောဆေးရည်သွင်းဖို့ မလိုပါ။
အဖတ်မစားနိုင်သောလူနာများကို စွတ်ပြုတ်ရည်၊ နွားနို့၊ သစ်သီးဖျော်ရည်၊ ကြက်စွတ်ပြုတ်ရည်နှင့် အခြား အာဟာရဖြစ်စေသော အခြားအရည်တစ်မျိုးမျိုးကို တိုက်ရမည်။ ဆန်ပြုတ်၊ ပြောင်းဖူးမှုန့်ပြုတ် (porridge of cornmeal, oatmeal) တို့ကိုလည်း တိုက်နိုင်သည်။ ကိုယ်ခန္ဓာကြီးထွားစေသော အစာ (bodybuilding foods; protein) တို့နှင့်လည်း ရောနှောနိုင်ပါက ပိုကောင်းသည်။ ကြက်ဥ၊ ပဲ၊ အသားနုတ်နုတ်စင်း၊ ငါးနှင့် ကြက်သားတို့နှင့် ရောချက်နိုင်သည်။ အစာသိပ်မစားနိုင်ပါက နည်းနည်းနှင့် အကြိမ်များများကျွေးရမည်။
လူနာအား သန့်သန့်ရှင်းရှင်းရှိစေခြင်းကလည်း အလွန်အရေးကြီးသည်။ ရေနွေးနှင့် နေ့စဉ် ချိုးပေးရမည်။ အိပ်ယာခင်းများ ညစ်ပေပါက လဲလှယ်ပေးရမည်။ သွေးပေနေသော အဝတ်အစားများ၊ အိပ်ရာခင်းများနှင့် ကူးစက်ရောဂါရှိသည့်လူနာ၏ မျက်နှာသုတ်ပုဝါများကို သတိထားကိုင်တွယ်ရမည်။ ရောဂါပိုးများသေအောင် ဆပ်ပြာရည်နှင့် ပြုတ်လျှော်ရမည်။ ကလိုရင်းအမှုန့် (Chlorine Bleach) ထည့်လျှော်နိုင်သည်။
အားနည်း၍ မိမိဖာသာ အိပ်သည့် အနေအထား မပြောင်းနိုင်သောလူနာများကို အိပ်သည့် အနေအထားပြောင်းနိုင်အောင် ကူညီပေးရမည်။ အိပ်ရာပူနာ (bed sore) မဖြစ်အောင် ကာကွယ်ပေးခြင်းဖြစ်သည်။
နာတာရှည် အိပ်ရာထဲလဲနေသော ကလေးငယ်ကို မကြာမကြာ ချီ၍ အမေပေါင်ပေါ်တွင် နေပါစေ။
အိပ်သည့် အနေအထား မကြာခဏပြောင်းပေးခြင်းသည် အဆုပ်ရောင်ခြင်းကို ကာကွယ်ရာလည်း ရောက်သည်။ အားအင်ချိနဲ့၍ အိပ်ရာထဲ လဲနေသူများတွင် အဆုပ်ရောင်ရောဂါ အဖြစ်များသည်။ အဖျားတက်ခြင်း၊ ချောင်းစဆိုးလာခြင်း၊ အသက်ရှုမြန်လာခြင်း၊ အသက်ရှုတိမ်လာခြင်း (shallow breath) တို့သည် အဆုပ်ရောင်ခြင်း၏ လက္ခဏာများဖြစ်သည်။
လူနာအခြေအနေ ကောင်းလာခြင်း၊ ဆိုးသွားခြင်းတို့ကို သိရှိနိုင်ရန် အမြဲသတိထားကြည့်ရမည်။ အောက်ပါ အရေးကြီးလက္ခဏာများ (vital sign) ကို နေ့စဉ်မှတ်သားရမည်။
အရည်မည်မျှဝင်သည်၊ ဆီးမည်မျှသွားသည်၊ ဝမ်းသွားမသွား၊ စသည်တို့ကို နေ့စဉ်မှတ်သားထားရမည်။ ဤအချက်များကို ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်တို့အား ပြနိုင်ရန် ဖြစ်သည်။
အသက်အန္တရာယ်ရှိသည့် လက္ခဏာ များကို သိရှိနိုင်ရန် အလွန်အရေးကြီးသည့်အတွက် အောက်ပါစာပိုဒ်တွင် ဖော်ပြထားသည်။ ၎င်းလက္ခဏာ များမှ တစ်ခုခုဖြစ်နေလျှင် ဆေးကုသမှု ချက်ချင်း ရရှိရန် လိုအပ်သည်။
အောက်ပါအချက်များကို တစ်ချက် (သို့) တစ်ချက်ထက်ပိုတွေ့ရှိပါက လူနာအား အိမ်တွင်ဆက်ကုရန် မဖြစ်နိုင်တော့ပါ။ အသက်အန္တရာယ်ရှိသဖြင့် ဆေးကုသမှု ချက်ချင်းရရှိရန် လိုအပ်သည်။ ဆေးကုသမှုမရခင် ညွှန်းထားသည့် စာမျက်နှာရှိ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါလေ။
အထက်ပါ အသက်အန္တရာယ်ရှိသည့် လက္ခဏာ များပေါ်လာလျှင် ဆေးခန်း၊ ဆေးရုံသို့ပို့ရမည်။ အချိန်ဆွဲ၍ မရတော့ပါ။
ဆေးခန်း၊ ဆေးရုံသို့ပို့ရာတွင် ကြုံတွေ့မည့် အခက်အခဲများကြောင့် လူနာအခြေအနေပိုဆိုးစေမည်ဆိုပါက ကျန်းမာရေး ဝန်ထမ်းတစ်ဦးဦးကို လူနာထံသို့ ပင့်ဆောင်ပေးရမည်။ သို့သော် အထူးကြပ် မတ် စောင့်ကြည့် ကုသရမည့် ရောဂါ (သို့မဟုတ်) ခွဲစိတ်ကုသရမည့် ရောဂါ (ဥပမာ အူအတက်ပေါက်ခြင်း) စသည့် အရေးပေါ် ရောဂါတစ်ခုခုခံစားနေရမည်ဆိုပါက ကျန်းမာရေးဝန်ထမ်းအလာကို စောင့်မနေတော့ပဲ၊ ဆေးခန်း၊ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးရမည်။
လူနာအား ထမ်းစင်နှင့် သည်မည်ဆိုပါက လူနာသက်တောင့်သက်သာရှိစေရန်နှင့် ထမ်းစင်ပေါ်မှ ပြုတ်မကျ စေရန် ဂရုပြုပါ။ အရိုးကျိုးလူနာဖြစ်ပါက အရိုးကျိုးသည့်အပိုင်းကို ကြပ်စည်းပေးရမည်။ နေပူထဲ သယ်ရမည်ဆိုပါက ပေါင်းမိုးပြုလုပ်ပေးပါ။ ပေါင်းမိုးလုပ်ခြင်းသည် အရိပ်ရစေပြီး၊ လဝေင်လေထွက် ကောင်းနေ စေမည်။
ကျန်းမာရေးဝန်ထမ်း/ဆရာဝန်သည် လူနာကို ထိရောက်စွာ ကုသပေးနိုင်ရန်၊ လူနာကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ရန်လိုအပ်သည်။ လူနာမသွားနိုင်ပါက ကျန်းမာရေးဝန်ထမ်း/ဆရာဝန်ကို ပင့်ပေးရမည်။ ကျန်းမာရေး ဝန်ထမ်း/ဆရာဝန်ကလည်း လူနာထံမလာနိုင်ပါက လူနာအကြောင်း အသေးစိတ်သိသော၊ လူနာအတွက် တာဝန်ခံ ပေးနိုင်သောသူ တစ်ယောက်ကို ကျန်းမာရေးဝန်ထမ်း/ ဆရာဝန်ထံ အတိုင်ပင်ခံရန် သွားတွေ့စေနိုင်သည်။ ကလေးနှင့် စိတ်မနှံ့သူအား အတိုင်ပင်ခံရန် တာဝန်မပေးရ။
ဆေးရုံ၊ ဆေးခန်းသို့ လူနာအားပို့မည်ဆိုပါက လူနာအကြောင်းရေးမှတ်ထားသော ဖောင်ပုံစံကို တစ်ပါတည်း ထည့်ပေးရမည်။
လူနာရောဂါရာဇဝင်ကို .jpg ဂျေပက် ၊ .pdf ပီဒီအက်ဖ် ၊ .docx ဒေါ့စ် ရယူရန် သက်ဆိုင်ရာကို နှိပ်ပါ။