ဆေးဆိုင်နှင့် ကျေးရွာဈေးဆိုင်များတွင် ရောင်းချနေသော ဆေးများသည် ကျန်ုပ်တို့အတွက် အဆင်ပြေစေပါသည်။ သို့သော် ဤသို့ ရောင်းချနေသော ဆေးဝါးများမှ အများစုသည် မရှိမဖြစ်ဆေးဝါးများ မဟုတ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်တော်များများတွင် ရောင်းချနေသော ဆေးဝါးအမျိုးပေါင်း ၆၀,၀၀၀ အနက် ၂၀၀ ခန့်သာ အမှန်တကယ်လိုအပ်သည့် ဆေးဝါးများဖြစ်ကြောင်း သိရသည်။
တစ်ခါတစ်ရံ လူအချို့သည် အကောင်းဆုံးဆေးဝါးများကို နည်းမှန်လမ်းမှန်မသုံးကြသဖြင့်၊ ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်။ ဆေးဝါးများကို နည်းမှန်လမ်းမှန်သုံးမှသာ ဆေးဝါး၏ အကျိုးကျေးဇူးကို ရရှိမည်။
လူအများစု၊ အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးလုပ်သားများ အပါအဝင်၊ ဆေးပေးရာတွင် လိုအပ်သည်ထက် ပို၍ပေးတတ်ကြသည်။ ထို့ကြောင့် မလိုအပ်ပဲ၊ ပိုနာမကျန်းဖြစ်ကာ နောက်ဆုံး အသက်အန္တရာယ်ပင် ဖြစ်တတ်သည်။
မည်သည့်ဆေးမဆို အန္တရာယ် အနည်းနှင့် အများရှိသည်သာ။
အချို့ဆေးများဆိုလျှင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသည်။ လူအချို့သည် အဆိုပါ အန္တရာယ်များသော ဆေးဝါးကို ရောဂါအသေးအမွားလေးများအား ကုသရာတွင် လှိုင်လှိုင်ကြီးသုံးနေတတ်သည်။ (မိဘများက နှာစေးနေသော မိမိ၏ကလေးကို ကလိုရိုဖီနီကော Chloramphenicol တိုက်လိုက်သဖြင့် ကလေးအသက်ဆုံးရှုံးလိုက်ရသော မိသားတစ်စုကို ကျန်ပ်ကိုယ်တိုင် ကြုံဘူးသည်။) အန္တရာယ်များသော ဆေးဝါးများကို ရောဂါငယ်များ ကုရာတွင် လုံးဝ မသုံးပါနှင့်။
ဆေးက လူသတ်တတ်တယ်ဆိုတာ မှတ်ထားပါ။
မှတ်စု။ ။ အချို့သော ကျန်းမာရေးလုပ်သားများနှင့် ဆရာဝန်များသည် လူနာများသည် ဆေးပေးတာကို ခံချင်ကြသည်ဟု အထင်ရောက်လျှက်၊ လူနာများစိတ်ကျေနပ်အောင် ဆေးဝါးကို မလိုအပ်ပဲပေးတတ်ကြသည်။ လိုအပ်မှသာ ဆေးပေးရန် သင်၏ ကျန်းမာရေးလုပ်သားနှင့် ဆရာဝန်တို့ကို ပြောပြပါ။ သင့်အတွက်လည်း အန္တရာယ်ကင်း၊ ငွေကုန်လည်းသက်သာမည်။
လိုအပ်တယ်၊ သုံးနည်းအမှန် သိတယ်ဆိုတာ သေချာမှ ဆေးတစ်ခုကို သုံးပါ။
အောက်ပါခေတ်ပေါ်ဆေးဝါးများကို လူအများက တလွဲသုံးလေ့ရှိသောဆေးဝါးများ ဖြစ်သည်။ထိုကဲ့သို့ မှားသုံးခြင်းကြောင့် လူများ နှစ်စဉ် သေဆုံးကြသည်။ သတိထားကြပါလေ။
ဝမ်းလျှောရုံ၊ သာမာန်ဖျားနာရုံလောက်နှင့် ဤဆေးကို သုံးစွဲကြခြင်းသည် အလွန် အန္တရာယ်များသည်။ ဤဆေးသည် အူရောင်ငန်းဖျားဟုခေါ်သည့် တိုက်ဖွိုက်(Typhoid) ရောဂါအတွက်သာ သုံးရသည် ။ တစ်နှစ်အောက် ကလေးငယ်များကို လုံးဝမပေးရ။
အချို့ သားဖွားဆရာမများသည် ဤဆေးများကို ကလေးအမြန်မွေးရန်၊ ကိုယ်ဝန်သည်အား အားဆေးအဖြစ် တစ်လွဲသုံးလေ့ရှိသည်။ အလွန် အတရများသည်။ မိခင်နှင့် ကလေးနှစ်ဦးစလုံးကို သေစေနိုင်သည်။ ကလေးမွေးပြီး၊ သွေးဆင်းမရပ်သော အခြေအနေတွင်သာ သုံးရသည်။
ထိုးဆေးများသည် သောက်ဆေးများထက် ပိုမို အစွမ်းထက်သည်ဟု ထင်မှတ်ခြင်းသည် မှားယွင်းသော အယူအဆ ဖြစ်သည်။ သောက်ဆေးများသည် ထိုးဆေးများနည်းတူ အစွမ်းထက်သည်။ အချို့ဆိုလျှင် ပို၍ပင် သာသေးသည်။ အချို့ဆေးများ၏ ထိုးဆေးသည် သောက်ဆေးထက် အတရပိုများသည်။ အပျော့စား ပိုလီယိုရောဂါ ဖြစ်နေသော ကလေးများကို (နှာစေးနေသည့်အတွက်) ဆေးထိုးမိလျှင် အကြောသေသွားနိုင်သည် (စာမျက်နှာ ၇၄)။ ထိုးဆေးများကို နေရာတကာ မသုံးသင့်ပေ(အခန်း ၉ တွင် ဆက်လေ့လာပါ) ။
ပင်နီဆီလင်ဆေးသည် အချို့သော ကူးစက်ရောဂါများကို ကုသရာတွင် သုံးသည်။ အကြောညှပ်၊ အနီကွက်ထ၊ နာကျဉ်ခြင်း၊ ဖျားခြင်း စသည်တို့အတွက် မသုံးရပေ။ အရေပြားပေါက်ပြဲခြင်း မရှိသည့် မည်သည့် ထိခိုက်ဒဏ်ရာမျှ၊ ရောဂါပိုး ဝင်စရာ အကြောင်း မရှိပေ။ ယင်းအတွက် မည်သည့် ပဋိဇီဝဆေးမျှ (ပင်နီဆီလင်အပါအဝင်) သုံးစရာ မလိုပေ။ အအေးမိနှာစေးအတွက်လည်း ပင်နီဆီလင်သော်၎င်း၊ အခြား ပဋိဇီဝဆေးတစ်ခုခုသော်၎င်း သုံးစရာ မလို။
ဤဆေးများကို ကလေးများတွင် အလွန်အကျွံသုံးမိပါက နားပင်းတတ်သည်။ အသက်အန္တရာယ်ရှိသော ရောဂါများတွင်သာ သုံးသည်။ မွေးကင်းစ ကလေးငယ်များအတွက် အင်ပီဆလင် (Ampicillin) ကလည်း ထိရောက်မှုရှိပြီး၊ အတရပိုကင်းပါသည်။
ဤဆေးများကို ယခင်က ဝမ်းပိတ်ဆေးအဖြစ် သုံးခဲ့ကြသည်။ ယခုအခါ ပိတ်ပင်ထားသော်လည်း အချို့နိုင်ငံများတွင် ရောင်းချနေဆဲ ဖြစ်သည်။ ၎င်းဆေးများသည် အကြောသေခြင်း (permanent paralysis)၊ မျက်စိကန်းခြင်းနှင့် သေစေသည်အထိပင် ဖြစ်စေတတ်သည်။ ဝမ်းလျှောရောဂါကုထုံးများကို အခန်း ၁၃ တွင် လေ့လာပါ။
အလွန် အစွမ်းထက်သော အရောင်ကျဆေးများဖြစ်သည်။ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါနှင့် အဆစ်ရောင်ရောဂါများ အတွက် အလွန်အသုံးတည့်သည်။ အချို့ဒေသများတွင် သာမာန်ကိုက်ခဲခြင်းများအတွက်ပင် သုံးနေကြသည်မှာ မှားယွင်းသော ကုထုံးများဖြစ်သည်။ စတီရွိုက်ဆေး ပမာဏများများကို ရက်ပိုင်းအတွင်းသုံးလျှင်ပင် အလွန်ဆိုးရွား၊ အလွန်အန္တရာယ်များသော ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ ခုခံအားစနစ်ကို ကျဆင်းစေသည်။ တီဘီရောဂါကို ပိုဆိုးစေသည်။ အစာအိမ်အနာမှ သွေးယိုစေသည်။ အရိုးပျော့စေသဖြင့် အလွယ်တကူ ကျိုးစေသည်။
အနာဘောလစ်စတီရွိုက်ကို ယောက်ျားဟော်မုန်းမှ ထုတ်လုပ်ထားပြီး၊ ကလေးကြီးထွားရန်၊ ကလေးအလေးချိန်တိုးရန် အားဆေးအဖြစ် တစ်လွဲသုံးနေကြသည်။ အစပိုင်းတွင် ကလေးသည် သိသိသာသာ ကြီးထွားလာသော်လည်း၊ နဂိုကြီးရမည့် အရပ်သို့ပင် မရောက်လိုက်ပဲ၊ များမကြာမီမှာပင် ကြီးထွားမှုရပ်တန့်သွားသည်။ အခြားဆိုးကျိုးများလည်း ရှိသေးသည်။ မိန်းကလေးများသုံးလျှင် ယောက်ျားများကဲ့သို့ မျက်နှာတွင် အမွေးအမှင်များပေါက်လာမည်။ ဆေးအသုံးရပ်သော်လည်း၊ အမွေးများ ဆက်ပေါက်နေမည်ဖြစ်သည်။ ကလေးကြီးထွားရန်အတွက် ဤကဲ့သို့သော အနာဘောလစ် စတီရွိုက်ဆေးများကို မသုံးပါနှင့်။ ။ အစားအစာသာ များများဝယ်ကျွေးပါ။
အဆစ် အရောင်ကျဆေးများသည် အန္တရာယ်များသည်။ သေစေတတ်သည်။ သွေးရောဂါ (agranulocytosis) ဖြစ်စေသည်။ အစာအိမ်၊ အသည်းနှင့် ကျောက်ကပ်တို့ကို ဖျက်ဆီးသည်။ မသုံးပါနှင့်။ အဆစ်ရောင်ပါက အက်စပရင်(aspirin) သို့မဟုတ် အိုင်ဗျူပရိုဖင် (ibuprofen) တို့က အန္တရာယ်ပိုကင်းပြီး၊ ဈေးလည်းပေါသည်။ ကိုယ်ပူခြင်းနှင့် ကိုက်ခဲခြင်းအတွက်ဆိုလျှင် ပါရာဆီတမော (acetaminophen) သာသုံးပါ။
ဗီတာမင် ဘီ ၁၂၊ အသည်းအနှစ်ရည်တို့သည် သွေးအားနည်းရောဂါနှင့် အားနည်းခြင်းကို ကုသရန် မပေးနိုင်ပါ။ အဆိုပါထိုးဆေးများကိုယ်တိုင် ထိုးနှံပါက အန္တရာယ်ရှိတတ်သည်။ အထူးကုဆရာဝန်တစ်ဦးက ညွှန်ကြားမှသာ သုံးသင့်သည်။ သံဓာတ်ထိုးဆေးများလည်း မထိုးသင့်ပေ။ သံဓာတ်ဆေးပြားသောက်ခြင်းက ပို၍ပင် အကျိုးရှိသည်။ အန္တရာယ်လည်း ကင်းသည်။
ယေဘူယျအားဖြင့် ဗီတာမင်(သက်စောင့်အားဆေး)ထိုးဆေးများကို မထိုးသင့်။ အန္တရာယ်များ ဈေးကြီးပြီး၊ သောက်ဆေးထက်လည်း သိသိသာသာကြီး ပိုမစွမ်းပေ။
သို့သော် လူအများက ဗီတာမင်ပါသော ပုံစံအမျိုးမျိုးသော အားဆေးများကို ငွေကုန်ကြေးကျခံကာ သုံးစွဲနေကြသည်။ အချို့သော တံဆိပ်များတွင် ဗီတာမင်ပင် ဟုတ်တိပတ်တိ မပါပေ။ ၎င်းတို့တွင် ကုန်မည့်ငွေကြေးအား အစာကောင်းကောင်းဝယ်စားခြင်းက ပိုအကျိုးရှိလိမ့်မည်။ (ကိုယ်ခန္ဓာကြီးထွားစေသည့်) ပဲ၊ ဥ၊ အသား၊ (ရောဂါကာကွယ်ပေးသည့်ဓာတ်များပါသော) အသီးအနှံ၊ ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်နှင့် အာဟာရဓာတ် အများအပြား ပါဝင်ပြီး ဖြစ်သည်။ ပိန်လှီ၊ အားနည်းနေသော လူတစ်ဦးကို ဗီတာမင်များတိုက်ခြင်းထက် အစာများများကျွေးခြင်းက ပို၍ မြန်မြန် အားပြည့်စေလိမ့်မည်။
အစားအသောက် ကောင်းနေသူအတွက် ဗီတာမင် ထပ်မလိုပါ။
ဗီတာမင်အကြောင်းနှင့် မည်သည့် အစားအစာက မည်သည့် ဗီတာမင်ပါဝင်ကြောင်း အခန်း ၁၁ လေ့လာပါ။
အချို့သောဆေးများသည် ဆေးနှစ်မျိုးနှင့် အထက် ရောစပ်ထားသည်။ အာနိသင်နည်းတတ်ပြီး၊ ဈေးလည်းပိုပေးရတတ်သည်။ တစ်ခါတစ်ရံ အန္တရာယ်ပေးတတ်သည်။ အဆိုပါဆေးပေါင်းများ ညွှန်လာပါက၊ အလိုအပ်ဆုံး ဆေးတစ်မျိုးကိုသာ ညွှန်ပေးပါရန် ပြောပြပါ။ ဆေးပေါင်းတွင်းပါသော အခြားဆေးများအတွက် ငွေကုန်သက်သာမည်။
အိပ်ချ်အိုင်ဗွီ (HIV) ဆေးများတွင်မူ သောက်ရမည့် ဆေးအလုံးရေ နည်းသွားအောင်၊ သောက်ရလွယ်အောင် ဆေးပေါင်းများ အဖြစ်ပြုလုပ်ထားသည်။
ရှောင်သင့်သည့် ဆေးပေါင်းများမှာ
ကယ်လ်ဆီယမ် အကြောဆေးထိုးခြင်းသည် အန္တရာယ်အလွန်များသည်။ အနည်းငယ်မြန်သွားပါက လူကို သေစေနိုင်သည်။ အသားဆေး (တင်ပါး) ထိုးပါက ပြည်တည် အနာစိမ်းဖြစ်တတ်သည်။ ပိုးဝင်တတ်သည်။
အမှန်တကယ် မလိုအပ်ပါပဲ ကယ်လ်ဆီယမ် မထိုးပါနှင့်။
မှတ်စု။ ။ အချို့သောနိုင်ငံများတွင် ပြောင်းနှင့် ထုံးဓာတ်ပါသော အစာများကို အဓိကထားစားလေ့ရှိကြသည်။ ထိုသို့သောဒေသများတွင် ကယ်လ်ဆီယမ်ထိုးဆေးကို (ကလေးထွားရန်၊ အားပိုရှိရန်) အားဆေးအဖြစ် ထိုးနေခြင်းက အလွန်မှားသော လုပ်ရပ်ဖြစ်သည်။ အစားအစာများမှ ကယ်လ်ဆီယမ်ကို အလုံအလောက်ရရှိပြီးသား ဖြစ်သည်။
လူအတော်များများသည် သွေးအားနဲရောဂါဖြစ်ပါက၊ အားနည်းနေသည်ဟုခံစားမိပါက အကြောဆေး ပုလင်းကြီး သွင်းလေ့ရှိသည်။ အကြောဆေးသွင်းလိုက်ပါက ပို၍အားရှိလာမည်ဟု ယုံကြည်ကြသည်။ မှားယွင်းသော အယူအဆဖြစ်သည်။ အကြောဆေးတွင် ရေဓာတ်၊ ဆားနှင့် သကြားအနည်းငယ်သာ ပါဝင်သည်။ သကြားလုံးတစ်လုံးနှင့် ညီမျှသော အားအင်ဖြစ်စေသည့်ဓာတ် (သကြားဓာတ်)သာ ရရှိပြီး၊ သွေးကို ကျဲသွားစေသည်။ သွေးအားနဲရောဂါကိုလည်း မကောင်းစေပါ။ အားလည်း ပြန်မပြည့်စေပါ။
မကျွမ်းကျင်သော သူက ထိုးပေးလျှင် ရောဂါပိုးများ သွေးကြောအတွင်းသို့ သွင်းလိုက်သလို ဖြစ်သွားတတ်သည်။ လူအသက် အန္တရာယ်ရှိသည်။
အကြောဆေးကို ပါးစပ်မှ မည်သည့်အရာမျှ စား၍မဝင်သော သူများနှင့် ရေဓာတ်လွန်စွာ ခန်းခြောက်နေသောသူများကိုသာ ထိုးပေးရန် လိုသည်။
လူနာက စားနိုင်၊ သောက်နိုင်ပါက ပုလင်းကြီးချိတ်မည့်အစား၊ ရေသန့်ဗူးတစ်လီတာတွင် ဆား၊ သကြားထည့်ဖျော်၍ တိုက်လိုက်သည်က ပိုကောင်းသည်။ ပါးစပ်မှ စားနိုင်ပါက အစာစားခြင်းက ပုလင်းကြီးချိတ်ခြင်းထက် အာဟာရပိုရစေသည်။
အချို့သောလူများသည် ဆေးသောက်နေပါက အနေအထိုင်ဆင်ခြင်ရမည်၊ အစားရှောင်ရမည်ဟု မှတ်ယူကြသည်။ ထို့ကြောင့် ဆေးသောက်ရန် တွန့်ဆုတ်နေတတ်ကြသည်။ စင်စစ်အားဖြင် ဆေးမသောက်ခင်နှင့် ဆေးသောက်ပြီး၊ အစားအစာတစ်ခုခု စားမိ၍ အန္တရာယ်ဖြစ်တတ်သော ဆေးဟူ၍၊ မရှိချေ။ ဝက်သား၊ ငြုတ်သီး၊ ငရုတ်ကောင်း၊ လိမ္မော်သီး၊ စသည် မည်သည့် အစားအစာမျှ အန္တရာယ် မရှိချေ။ သို့သော် ဆေးသောက်ထားလျှင်ဖြစ်စေ၊ မသောက်ထားလျှင်ဖြစ်စေ၊ အဆီများသော၊ စပ်သောအစာများသည် အစာအိမ်နှင့် အူလမ်းကြောင်းကို ဒုက္ခပေးတတ်သည်။ အချို့ဆေးများသည် အရက်နှင့် မတည့်ပေ (မက်ထရိုနိုက်ဒါဇော metronidazol တွင်ရှု)။
ဆေးလုံးဝမသောက်ရမည့် အခြေအနေများကိုလည်း သိထားရမည်။
၁။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မလိုအပ်ပဲ၊ ဆေးမသောက်ရ။ (သို့ရာတွင် ဗီတာမင် အချို့နှင့် သံဓာတ်အားဆေးများကိုမူ အနည်းငယ် သောက်နိုင်သည်။ အိပ်ချ်အိုင်ဗွီ HIV ပိုးရှိသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် ကလေးသို့ ရောဂါပိုးမကူးရန်၊ ဆေးသောက်နိုင်သည်။ သောက်သင့်သည်။)
၂။ မွေးကင်းစကလေးငယ်များကိုလည်း လွယ်လင့်တကူ ဆေးမတိုက်ရ။ ဆရာဝန်များထံတွင် အကြံဉာဏ်ယူပါ။ ပမာဏများများ မတိုက်မိပါစေနှင့်။
၃။ ဆေးမတည့်သည့် အဖြစ်မျိုးရှိဘူးလျှင် ထိုလူသည် အလားတူဆေးကို တစ်သက်လုံး မည်သည့်အခါမျှ မသောက်၊ မထိုးရ။ ပင်နီဆလင် (penicillin)၊ အမ်ပီဆလင် (ampicillin)၊ ဆာဖိုနမိုဒ်(sulfonamide) စသည့်ဆေးများတွင် အတွေ့များသည်။ (အန္တရာယ်ဖြစ်စေတတ်သော ထိုးဆေးနှင့် ဓာတ်မတည့်မှုများ တွင်ရှု။)
၄။ အစာအိမ်အနာရှိသူသည် အက်စပရင် (aspirin) ပါသောဆေးများကို ရှောင်သင့်သည်။ အကိုက်အခဲ ပျောက်ဆေး အများစုနှင့် စတီရွိုက်ပါသော ဆေးအားလုံးသည် အစာအိမ်အနာနှင့် အစာအိမ်အချဉ်ခြင်းကို ပိုဆိုးစေသည်။ ပါရာစီတမော paracetamol ဟူသည့် အကိုက်အခဲပျောက်ဆေး တစ်မျိုးတည်းသာ အစာအိမ်အား ဒုက္ခမပေးပေ။
၅။ အချို့သော ရောဂါများရှိနေ၊ ဖြစ်နေပါက အချို့သောဆေးများကို သုံးစွဲမိပါက အသက်အန္တရာယ်ဖြစ်စေတတ်သည်။ ဥပမာ အသည်းရောင်ရောဂါဖြစ်နေသူသည် အသည်းပျက်ဆီးနေသဖြင့် ပဍိဇီဝဆေးပြင်းများ မပေးရ။ ထိုဆေးများသည် အဆိပ်အဖြစ် ဓာတ်ပြောင်းသွားတတ်သည်။ ထိုအသည်းဝေဒနာရှင်ကို ပါရာစီတမော paracetamol အကိုက်အခဲ ပျောက်ဆေးကလည်း သေစေနိုင်သည်။
၆။ ရေဓာတ်ခမ်းခြောက်နေသူ၊ ကျောက်ကပ်ရောဂါရှိသူများကို ဆေးပေးမည်ဆိုပါက အထူးသတိထားရမည်။ ဤကဲ့သို့သော လူနာများ ဆီးပုံမှန်မသွားမချင်း မည်သည့်ဆေးမျှ တစ်ကြိမ်ထက်ပိုမပေးရ။ ဥပမာ ကိုယ်ပူပြီး၊ ရေဓာတ်ခမ်းခြောက်နေသော ကလေးငယ်အား အဖျားကျစေရန် အလို့ငှာ၊ ပါရာစီတမော (paracetamol) သို့မဟုတ် အက်စပရင် (aspirin) တစ်ကြိမ်ထက် ပိုမပေးရ။ ရေဓာတ်ခမ်းခြောက်(dehydrated)နေသူအား မည်သည့်အခါမျှ ဆာဖာ (sulfa) မပေးရ။