home

အခန်း ၇ ပဋိဇီဝဆေးအကြောင်းနှင့် ၎င်းတို့ကိုအသုံးပြုပုံ



ခေါင်းစဉ်များ


ပဋိဇီဝဆေးကို မှန်ကန်စွာ အသုံးပြူပါက အလွန် အသုံးဝင်သော ဆေးဝါးဖြစ်ပါသည်။ ဘက်တီးရီးယား ကြောင့် ဖြစ်သော ရောဂါများကို တိုက်ခိုက်နိုင်သည်။ ထင်ရှားသော ပဋိဇီဝဆေး များမှာ ပင်နီဆလင် (penicillin)၊ တက်ထရာဆိုင်ကလင်း (tetracycline)၊ စထရပ်တိုမိုင်စင် (streptomycin)၊ ကလိုရမ်ဖီနီကော (chloramphenicol)၊ နှင့် ဆာလဖာဆေးများ (sulphur drugs) တို့ဖြစ်သည်။

မတူညီသော ပဋိဇီဝဆေးများသည် ကွဲပြားသော နည်းလမ်းဖြင့် ရောဂါအမျိုးမျိုးကို တိုက်ခိုက်ကြသည်။ ပဋိဇီဝဆေး သုံးစွဲရာတွင်လည်း အန္တရာယ်ရှိသည်။ မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်သည်။

ပဋိဇီဝဆေး အမျိုးမျိုးကို တံဆိပ်အမျိုးမျိုးဖြင့် ရောင်းချကြသောကြောင့် ရောထွေးနိုင်သည်။

ယေဘုယျအမည် တံဆိပ်အမည် သင့်ဒေသတွင်ရနိုင်သော တံဆိပ်
ပင်နီဆလင် PENICILLINS Pen-V-K
အမ်ပီဆလင် AMPICILLINS Penbritin
တက်ထရာဆိုင်ကလင်း TETRACYCLINE Terramycin
ဆာလ်ဖာ SULFAS (Sulfonamides) Gantrisin
ကိုထရိုင်မိုဇာဇော COTRIMOXAZOLE Bactrim
စထရက်တို မိုင်စင် STREPTOMYCIN Ambistryn
ကလိုရမ် ဖီနီကော CHLORAMPHENICOL Chloromycetin
အရီထရိုမိုင်စင် ERYTHROMYCIN Erythrocin
ကက်ဖလို စပိုရင် CEPHALOSPORIN Keflex

အမ်ပီဆလင် သည် ပင်နီဆလင် အမျိုးအစားဖြစ်ပြီး ပင်နီဆလင် ထက်ရောဂါပိုးများ ပိုသတ်နိုင်သည်။

ကုန်တံဆိပ် အမည်များ မသိပါက ဆေးဘူးတွင် ယေဘုယျ အမည်ကို ရှာဖွေရပါမည်။

0701

ဆေးများသည် မည်သည့် အုပ်စုတွင် ပါဝင်ပြီး မည်သည့် ရောဂါပိုးများကို တိုက်ခိုက်နိုင်သည်၊ မည်သည့်အရာ မည်သို့ သတိထားပြီး သုံးစွဲရမည်ကို မသိလျှင် လုံးဝ မသုံးစွဲသင့်ပါ။

ပဋိဇီဝ ဆေးသုံး စွဲရန်လမ်းညွန်ချက်များ

  1. ပဋိဇီဝဆေးကို မည်သို့သုံးစွဲရမည်နှင့် မည်သည့်ရောဂါအတွက် သုံးစွဲရမည် မသိလျှင် မသုံးစွဲသင့်ပါ။
  2. သင်ကုသလိုသော ရောဂါအတွက် ညွှန်ထားသော ပဋိဇီဝဆေးကိုသာ သုံးစွဲသင့်သည်။
  3. ပဋိဇီဝဆေးသုံးစွဲရာတွင် ဖြစ်နိုင်သော အန္တရာယ််နှင့် သတိပြုရမည့် အချက်များကို သိထားရမည်။
  4. ပဋိဇီဝဆေးကို ညွှန်ထားသော ပမာဏသာ သုံးစွဲသင့်သည်။ ပိုမသုံးသင့်၊ လျော့မသုံးသင့်ပါ။ ဆေးပမာဏသည် လူနာ၏ ရောဂါအခြေအနေ၊ အသက်နှင့် ကိုယ်အလေးချိန် ပေါ်မူတည်သည်။
  5. ပဋိဇီဝဆေး သောက်ရုံဖြင့် ကောင်းနိုင်သောရောဂါတွင်ဆေးမထိုးပါနှင့်။
  6. ပဋိဇီဝဆေးကို ရောဂါလုံးဝ ပျောက်ကင်းသည် အထိ သို့မဟုတ် အဖျားကျပြီး ၂ရက်ထိပေးသင့်သည်။ (တီဘီရောဂါနှင့် အနာကြီးရောဂါတို့သည် ပဋိဇီဝဆေးကို လချီ၊ နှစ်ချီ သောက်ရတတ်သည်။
  7. ဆေးသောက်ပြီး အရေပြားတွင် အနီကွက် ဖြစ်ခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခြင်း ဖြစ်လျှင် ဆေးကို ချက်ချင်း ရပ်ရမည်။ နောင်တွင်လည်း မသုံးစွဲသင့်ပါ။
  8. ပဋိဇီဝဆေး ကို အမှန် တကယ် လိုအပ်မှသာ သုံးစွဲသင့်သည်။ ပဋိဇီဝဆေး သုံးစွဲဖန် များလာသော အခါ မထိရောက်သောကြောင့်ဖြစ်သည်။

အချို့ပဋိဇီဝဆေးသုံးစွရန် လမ်းညွှန်ချက်များ

  1. ပင်နီဆလင် သို့မဟုတ် အမ်ပီဆလင် ဆေးမထိုးခင် အဒရီနယ်လင် Adrenalline(epinephrine) အဆင်သင့်ရှိ နေသင့်သည်။ ဆေးမတည့်ခြင်းဖြစ်လာပါကချက်ချင်းသုံးစွဲနိုင်ရန်ဖြစ်သည်။
  2. ပင်နီဆလင် ဆေးနင့်မတည့်ပါက အရီထရိုမိုင်စင် သို့မဟုတ် ဆာလ်ဖာ သုံးစွဲရမည်။
  3. ပင်နီဆလင် သို့မဟုတ်အခြားရောဂါအနည်းငယ်ကိုနိုင်နင်းသောဆေးဖြင့် ထိန်းချုပ်နိုင်သောရောဂါများတွင် တက်ထရာဆိုင်ကလင်း၊ အမ်ပီဆလင်၊ နှင့်အခြားရောဂါပိုးများစွာနိုင်နင်းသောဆေးမသုံးစွဲပါနင့်။
  4. ကလိုရမ် ဖီနီကော ဆေးကို အလွန်ပြင်းထန်သော အသက်အန္တရာယ််ပေးနိုင်သောရောာဂါတွင်သာသုံးစွဲသင့်သည်။ အန္တရာယ််များသောဆေးဖြစ်ပါသည်။ ကြက်ညှာချောင်းဆိုးရောဂါမှလွဲပြီးမွေးကင်းစကလေးများတွင်မသုံးစွဲသင့်ပါ။
  5. တက်ထရာဆိုင်ကလင်း နှင့်ကလိုရမ် ဖီနီကောဆေးကိုလုံးဝမထိုးသင့်ပါ။သောက်ဆေးသည်ပိုစိတ်ချရပြီးအနာသက်သာသည်။အကျိုးပိုရှိသောကြောင့်ဖြစ်သည်။
  6. တက်ထရာဆိုင်ကလင်း ကို ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ၈နှစ်အောက်ကလေးများတွင် မသုံးစွဲသင့်ပါ။ သွားနင့် အရိုးများကို ထိခိုက်စေသောကြောင့် ဖြစ်သည်။
  7. စထရက်တို မိုင်စင် နှင့် ၎င်း ပါဝင်သော ဆေးကိုတီဘီရောဂါတွင် အခြားတီဘီဆေးများနှင့် တွဲ၍ အသုံးပြုသည်။ အူထိခိုက်ခြင်းနှင့် အူအတက်ရောင်ခြင်းတွင် အမ်ပီဆလင် မရှိပါက ပင်နီဆလင် နှင့်တွဲ၍ လည်း အသုံးပြုနိုင်သည်။ သာမန်နှာစေး၊ တုပ်ကွေးများတွင် မသုံးသင့်ပါ။
  8. စထရက်တို မိုင်စင် အုပ်စုတွင် ပါဝင်သော ကန်နာမိုင်စင် kanamycin နှင့် ဂျင်တာမိုင်ဆင် gentamycin တို့သည် အန္တရာယ််ရှိသည်။ ဤဆေးကို အလွန်ပြင်းထန်သော ရောဂါတွင်သာ သုံးသင့်သည်။
  9. ဒိန်ချဉ်၊ နို့ချဉ် သောက်ခြင်းဖြင့် အမ်ပီဆလင် ကြောင့် သေသွားသော ခန္ဓာကိုယ် အတွက် လိုအပ်သော ဘက်တီးရီးယားပိုး များကို ပြန်ဖြည့်နိုင်သည်။

ပဋိဇီဝဆေးဖြင့် မကောင်းမွန်လျှင်

ရောဂါပိုးအများစုသည် ပဋိဇီဝဆေးပေးပြီး ၂ ရက်အတွင်း ရောဂါအခြေနေ တိုးတက်လာသည်။

ပေးထားသော ပဋိဇီဝဆေးဖြင့် မကောင်းမွန် လာလျှင်

  1. သင်ထင်သောရောဂါမဟုတ်သဖြင့်ဆေးမှားနေခြင်း၊ ရောဂါလက္ခဏာကို သေချာပြန်သုံးသပ် သင့်သည်။
  2. ဆေးပမာဏမမှန်ခြင်း၊ ပြန်စစ်ဆေးသင့်သည်။
  3. ဘက်တီးရီးယားပိုးသည် ဆေးကို ခံနိုင်ရည်ရှိသွားခြင်း (ဆေးယဉ်ခြင်း၊ ညွှန်ထားသော အခြားဆေးများကို ပြောင်းသုံးခြင်း။
  4. ရောဂါ အခြေနေ ပိုမိုဆိုးရွားလာလျှင် ကျန်းမာရေးအဖွဲ့မှ အကူညီယူသင့်သည်။








အအေးမိ၊ နှာစေးတဲ့ ဒီကလေးတွေ ဘာကြောင့် သေသွားလဲ


အအေးမိခြင်းတွင် ပဋိဇီဝဆေး မသုံးစွဲသင့်ပါ။ အဟာရရှိသော အစားအသောက်၊ သစ်သီးဖျော်ရည်နှင့် ကောင်းစွာ အနားယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

ပဋိဇီဝဆေး သုံးစွဲရာတွင် အရေးကြီးသော ကန့်သတ်ချက်များ

ဆေးဝါးများကို သုံးစွဲရာတွင် အကန့်အသတ်နှင့် သုံးစွဲရမည်။ ဗုံးဘောလအော မသုံးရ။ အထူးသဖြင့် ပဋိဇီဝဆေး antibiotics များကို သုံးစွဲရာတွင် အထူးကန့်သတ်ရမည်။

  1. ဓါတ်ပြုခြင်းနင့် အဆိပ်ဖြစ်ခြင်း   ပဋိဇီဝဆေးသည် ဘက်တီးရီးယားကို သေစေရုံမက ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေသည်။ အဆိပ်သင့်ခြင်းနှင့် ဓါတ်မတည့်ခြင်းသည် အဖြစ်များသည့် အန္တရာယ်များ ဖြစ်သည်။ အများစုမှာ မလိုအပ်ဘဲ သောက်သုံးသဖြင့် အသက် ဆုံးရှုံးရသည်။
  2. သဘာဝ ဇီဝကမ္မ ဖြစ်စဉ်ကို အနှောက်အယှက်ပေးခြင်း   ဘက်တီးရီးယားများ အားလုံးသည် လူကို အန္တရာယ်ပေးသည် မဟုတ်ပါ။ ခန္ဓာကိုယ်အတွက် အကျိုးပြုသည်လည်း ရှိသည်။ ပဋိဇီဝဆေးသည် ကောင်းသော ဘက်တီးရီးယား များကိုပါ သေစေသည်။ ထို့ကြောင့် အချို့ ကလေးများတွင် ပဋိဇီဝဆေး သောက်ပြီး ပါးစပ်တွင် မှက်ခရုပေါက်ခြင်း၊ အရေပြားတွင် မှိုစွဲခြင်းများ ဖြစ်ကြသည်။ ပဋိဇီဝဆေးသည် မှိုကို ထိန်းချုပ်ပေးထားသော ဘက်တီးရီးယားများကို သေစေကုန်သောကြောင့် ဖြစ်သည်။ အမ်ပီဆလင် ကို ကြာရှည် သောက်သော လူနာများသည် ဝမ်းလျှောတတ်သည်။ အူလမ်းကြောင်း တလျှောက် အစာချေရာတွင် အသုံးဝင်သော ဘက်တီးရီးယားများကို သေကုန်သောကြောင့် ဖြစ်သည်။
  3. ဆေးယဉ်ပါးခြင်း   ပဋိဇီဝဆေးကို များများ၊ ကြာကြာသုံးလေ အစွမ်းကျလေ ဖြစ်သည်။

ပဋိဇီဝဆေး တစ်မျိုးတည်းကို ကြာကြာ သုံးလျှင် ဘက်တီးရီးယားများသည် ၎င်းဆေးကို ခံနိုင်ရည် ရှိသွားတတ်သည်။ ဆေးယဉ်ပါး သွားကြသည်။ ထို့ကြောင့် အူရောင်ငန်းဖျားကဲ့သို့သော အန္တရာယ််ကြီးသော ရောဂါများသည် ယခင်ကထက် ပိုကုသရခက်သွားသည်။ အချို့နေရာများတွင် အူရောင်ငန်းဖျားသည် ၎င်း အတွက် အကောင်းဆုံး ဆေးဖြစ်သည့် ကလိုရမ် ဖီနီကော ကို ခံနိုင်ရည် ရှိသွားသည်။ အခြားဆေးဖြင့် ပျောက်ကင်းနိုင်သော ရောဂါများတွင် မလိုအပ်ဘဲ များစွာ သုံးကြခြင်းကြောင့်ဖြစ်သည်။

အရေးကြီး ရောဂါများသည် ဆေးယဉ်ပါး လာကြသည်။ အသေးစား ဖျားနာမှုုများတွင် ဆေးကို မလိုအပ်ဘဲ ကျယ်ပြန့် စွာသုံးစွဲခြင်းကြောင့် ဖြစ်သည်။ ပဋိဇီဝဆေးသည် အသက်ကယ်ဆေး အဖြစ် သုံးလိုလျှင် ၎င်းသုံးစွဲခြင်းကို ကန့်သတ်ရန် အရေးကြီးသည်။ ဆရာဝန်၊ ကျန်းမာရေးလုပ်သားနှင့် ပြည်သူများ အပေါ် မူတည်သည်။

အသေးစား ဖျားနာမှုများတွင် ပဋိဇီဝဆေး မသုံးစွဲသင့်ပါ။ သာမန် အရေပြားရောဂါသည် ရေနှင့်ဆပ်ပြာဖြင့် ဆေးခြင်း၊ ဂျန်ရှင်းဝိုင်းလက် gentian violet ဆေးရည် လိမ်းခြင်းဖြင့် သက်သာသည်။ သာမာန် အဆုပ်အအေးမိခြင်းကို ရေများများသောက်ပေးခြင်း၊ အစားအသောက် ကောင်းကောင်းစားခြင်း လုံလောက်စွာ အနားယူခြင်းတို့ဖြင့် သက်သာသည်။ ဝမ်းပျက် ဝမ်းလျော အများစုတွင် ပဋိဇီဝဆေး ပေးရန် မလိုအပ်ပါ။

ခန္ဓာကိုယ် ခုခံအားဖြင့် တိုက်ခိုက်နိုင်သော ရောဂါအတွက် ပဋိဇီဝဆေး မသုံးပါနှင့်။
ပဋိဇီဝဆေးကို အမှန်တကယ် လိုအပ်သောအချိန်အတွက် ချန်ထားသင့်သည်။