home

အခန်း ၉ ဆေးထိုးခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက်များနှင့် သတိပြုရမည့် အချက်များ



ခေါင်းစဉ်များ


ဘယ်အချိန်အခါမျိုးမှာဆေးထိုးသင့်သလဲ။ ဘယ်အခါမှာမထိုးသင့်သလဲ။

ဖျားနာသောအခါ ဆေးထိုးရန် အမြဲမလိုပါ။ ရောဂါအများစုသည် သောက်ဆေးပေးခြင်းဖြင့် ကောင်းမွန်စွာ ပျောက်ကင်းစေနိုင်ကာ ထိုသို့ သောက်ဆေးပေးခြင်းသည် ပင်လျှင် ထိုးဆေးထက် ပိုမိုကောင်းမွန်စေနိုင်ပါသည်။နှစ်စဉ်နှစ်တိုင်း မလိုအပ်ပဲ ထိုးဆေးပေးခြင်းကြောင့် သန်းပေါင်းများစွာသော လူများ (အထူးသဖြင့် ကလေးငယ်များ) သည် နေမကောင်းခြင်း၊ မသန်စွမ်းခြင်း၊ သေဆုံးခြင်းတို့ဖြစ်ကြရသည်။ ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းသောရေကိုအသုံးပြုခြင်း၊ ယင်လုံအိမ်သာသုံးစွဲခြင်း တို့ကဲ့သို့ပင် ဆေးဝါးကိုမှားယွင်း အသုံးမပြုမိစေရန်၊ အလွန်အကျွံမသုံးမိစေရန် အလေးထား ဆောင်ရွက်ခြင်းသည်လည်း ကျန်းမာရေးအတွက် အရေးကြီးသည်။

ယေဘုယျအားဖြင့်

ဆေးထိုးခြင်းသည် ဆေးသောက်ခြင်းထက် ပို၍ အန္တရာယ် ရှိသည်။

ထိုးဆေးပေးခြင်းကို မဖြစ်မနေ လိုအပ်သောအခါမှ သာလျှင် ပြုလုပ်သင့်ပါသည်။ အရေးပေါ် ကိစ္စများမှလွဲလျှင် ဆေးထိုးခြင်းကို ကောင်းမွန်စွာ လေ့ကျင့်သင်ယူ ထားပြီးဖြစ်သော ကျန်းမာရေးဝန်ထမ်းများကသာ လုပ်ဆောင်သင့်သည်။

ထိုးဆေးပေးခြင်းကိုအောက်ပါအချိန်အခါများတွင်သာ လုပ်ဆောင်သင့်သည်။

  1. သုံးစွဲရန် အကြံပြုခံရသော ဆေးဝါးသည် သောက်သုံး၍ရသော အမျိုးအစားအဖြစ် မရနိုင်သောအခါ။
  2. ကုသမှုခံယူမည့် သူသည် မကြာခဏ အန်နေသော အခါ၊ မမျိုနိုင်သောအခါ၊ သတိလစ်နေသောအခါ။
  3. ပုံမှန်အားဖြင့် ဖြစ်လေ့ဖြစ်ထ မရှိသော အရေးပေါ် အခြေအနေများနှင့် အချို့သော ဖြစ်ပွားမှုများနှင့် ကြုံတွေ့ရသောအခါ (ထိုအခြေအနေများကို နောက်တွင်ဖော်ပြထားသည်)။

ဆရာဝန်က သင့်အား ထိုးဆေးပေးရန် ညွှန်ကြားသော်၊ အကြံပြုသော် ဘာလုပ်ရမည်နည်း

ဆရာဝန်များနှင့် အခြားသော ကျန်းမာရေး ဝန်ထမ်းများသည် တစ်ခါတစ်ရံတွင် မလိုအပ်ပဲ၊ ထိုးဆေးပေးတတ်ကြသည်။ ထိုးဆေးပေး ခြင်းဖြင့် သူတို့သည် ကုသခကိုပိုမိုရယူနိုင်သည်။ ထိုအခါ ကျေးလက်ဒေသများတွင် သူတို့သည် ထိုးဆေး၏ အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို မေ့လျော့ကာ ထိုးဆေးပေးခြင်းကို ပိုမို ပြုလုပ်လာတတ်ကြသည်။

  1. အကယ်၍ ကျန်းမာရေးဝန်ထမ်းတစ်ဦး (သို့) ကုသသူတစ်ဦးက သင့်အားထိုးဆေးပေးလျှင် ထိုဆေးသည်သင်နှင့် သင့်လျော်ခြင်းရှိ မရှိ၊ ကုသသူသည် လိုအပ်သော ကြိုတင်သတိထားရမည့် အချက်များကို ဂရုပြု မပြုကိုဆန်းစစ်ပါ။
  2. ဆရာဝန်ကသင့်အားထိုးဆေးပေးရန် အကြံပြုသောအခါ သင်သည် ထိုးဆေးပေးရန် ကောင်းစွာ သင်ယူလေ့ကျင့်ထားသူများ မရှိသောဒေသ၌ နေထိုင်ပါက ဆရာဝန် အားပြောပြပါ။ ဖြစ်နိုင်လျှင် ထိုးဆေးအစား သောက်ဆေးကို ညွှန်ပေးရန်တောင်းဆိုပါ။
  3. ဆရာဝန်သည် သင်၏သွေးကိုမစစ်ပဲ ဗီတာမင်ဓါတ်များ၊ ဗီတာမင် B(12) ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသည်းရောင် အသားဝါရောဂါ ကာကွယ်ဆေးများ စသည်တို့ကို ထိုးသွင်းမည် ဆိုပါက လက်မခံသင့်ပါ။

ထိုးဆေးပေးရန်အရေးကြီးသောအရေးပေါ်အခြေအနေများ

ယခုဖော်ပြထားသော နာမကျန်းမှုများဖြစ်ပွားလျှင် ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုနှင့် ဆေးဝါးကုသမှုကို အမြန်ဆုံးခံယူပါ။ အကယ်၍ လူနာအား အနီးစပ်ဆုံးကျန်းမာရေးဌာနသို့ ပို့ဆောင်ရန်(သို့)ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုရယူရန် နှောင့်နှေးစေမှုများမရှိခဲ့လျှင် သင့်လျော်သော ဆေးကို တတ်နိုင်သရွေ့ အမြန်ဆုံးထိုးသွင်းရမည်။ ထိုးသွင်းရမည့် ဆေးပမာဏနှင့် ပတ်သက်၍ အောက်ပါဇယားတွင်အသေးစိတ် ဖော်ပြထားသည် များကို ထည့်သွင်းစဉ်းစားပါ။ ဆေးမထိုးမီ ဖြစ်လာနိုင်သော ဘေးထွက် ဆိုးကျိုးများကို သိရှိထားကာ ကြိုတင် သတိပြု ထားရပါမည်။

ရောဂါ ဆေး
ပြင်းထန်သော အဆုတ်ရောင် ရောဂါ။ သွေးလှည့်ပတ်မှု ပိတ်ဆို့၍ ခန္ဓာကိုယ် တစ်ရှုး ပုပ်ဆွေးမှု။ ပင်နီဆလင် ပြင်းပြင်း
ကလေး မွေးဖွားပြီး နောက်ပိုင်း ရောဂါပိုးဝင်ခြင်း။ ampicillin နှင့်
gentamycin နှင့်
metronidazol သောက်ဆေး
မေးခိုင်ရောဂါ။ penicillin နှင့်
မေးခိုင်ရောဂါအဆိပ်ဖြေဆေး (tetanus antitoxin)
အူအတက်ရောင်ခြင်း။ ဝမ်းတွင်းအမှေးရောင်ခြင်း၊ ကျည်ဆန်ထိမှန်ခြင်းနှင့်အခြားသော ဝမ်းဗိုက်ဖောက်ထွင်းဒဏ်ရာများ။ ampicillin ပြင်းပြင်း သို့မဟုတ်
penicillin
အဆိပ်ရှိသောမြွေကိုက်ခံရခြင်း။ ကင်းမြီးကောက်တုပ်ခြင်း(ကလေးများတွင်)။ အဆိပ်ဖြေဆေး
ဦးနှောက်အမြှေးများ ပိုးဝင်ရောင်ရမ်းခြင်း၊ အဆုတ်တီဘီ ရောဂါဟုသံသယ မရှိသောအခါ။ ampicillin
ဦးနှောက်အမြှေးများ ပိုးဝင်ရောင်ရမ်းခြင်း၊ တီဘီ ရောဂါဟုသံသယရှိသောအခါ။ ampicillin နှင့်
streptomycin နှင့်
ရနိုင်ပါက အခြား တီဘီဆေးများ
မရပ်မနား အော့အန်ခြင်း။ promethazine ကဲ့သို့သော antihistamine များ
ပြင်းထန်သောဓါတ်မတည့်မှုနှင့် ထိုဓါတ်မတည့်မှုကြောင့် ကိုယ်ခန္ဓာတွင်ဖြစ်သော နောက်ဆက်တွဲ ဝေဒနာများ။ epinephrine (Adrenalin) နှင့် ရနိုင်ပါက diphenhydramine
အောက်ပါ နာတာရှည် မကျန်းမာမှုများသည်လည်း ထိုးဆေးပေးရန် လိုအပ်ပါသည်။ သို့သော် ယင်းတို့သည် အရေးပေါ်ဖြစ်ပွားခြင်းမျိုး ဖြစ်လေ့ မရှိလှပါ။ သို့ဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်သူ တစ်ဦးနှင့် တိုင်ပင် ကုသလျှင် အကောင်းဆုံးဖြစ်သည်။
အဆုတ်တီဘီရောဂါ။ streptomycin နှင့်
အခြား တီဘီဆေးများ
ကူးစက်တတ်သော ကာလသားရောဂါ။ (Syphilis) benzathine pencillin များများ
ဆီးပူညောင်းကျ၊ ကာလသားရောဂါ။ (Gonorrhoea) ceftriaxone
spectinomycin

ထိုးဆေးရန်မလိုအပ်သော အခြေအနေများ

  • ဆေးဝါးကုသမှုကို လျင်မြန်စွာ ခံယူနိုင်သရွေ့ ဘယ်သောအခါမှ ဆေးမထိုးပါနှင့်။
  • ပြင်းထန်မှုမရှိသော နာမကျန်းခြင်းမျိုး အတွက် ဘယ်သောအခါမှ ဆေးမထိုးပါနှင့်။
  • အအေးမိခြင်း (သို့) တုပ်ကွေးဖြစ်ခြင်း အတွက် ဘယ်သောအခါမှ ဆေးမထိုးပါနှင့်။
  • ကုသ ပျောက်ကင်းလိုသော ရောဂါအတွက် ညွှန်ဆိုထားခြင်း မရှိသောဆေးကို ဘယ်သောအခါမှ ဆေးမထိုးပါနှင့်။
  • ဆေးထိုးအပ်ကို ပိုးသတ်ထားခြင်းမရှိပဲ ဘယ်သောအခါမှ ဆေးမထိုးပါနှင့်။
  • အကြံပြုထားသော ကြိုတင် သတိပေးချက်များကို လေ့လာ လုပ်ဆောင်ခြင်းမရှိပဲ ဘယ်သောအခါမှ ဆေးမထိုးပါနှင့်။

မထိုးသင့်သောဆေးများ

ယေဘုယျအားဖြင့် အောက်ပါဆေးများကိုလုံးဝ မထိုးခြင်းက ပိုမိုသင့်လျော်ပါသည်။

  1. ဗီတာမင်များ ဗီတာမင်များကို ထိုးသွင်းခြင်းသည် ပါးစပ်ဖြင့်စားသုံး၊ သောက်သုံးခြင်းထက်သာလွန်၍မကောင်းပါ။ ထိုးဆေးများသည် ပိုမို စျေးကြီးကာ ပို၍လည်းအန္တရာယ်ရှိသည်။ ထို့ကြောင့် ထိုးဆေးအစား ဗီတာမင်ဆေးလုံးများ (သို့) ဆေးရည်များကို အသုံးပြုပါ။ ထိုထက် ပို၍ပင် ကောင်းမွန်သည်မှာ ဗီတာမင်ဓါတ်များ ကြွယ်ဝသော အစာကိုစားသုံးခြင်းပင်။
  2. အသည်းအနှစ်ထိုးဆေး၊ B(12)၊ သံဓါတ်ထိုးဆေး ထိုဆေးများထိုးခြင်းကြောင့်ပြည်တည်နာနှင့် အန္တရာယ် ပေးနိုင်သော ဓါတ်တုန့်ပြန်မှုများ ဖြစ်စေနိုင်သည်။ ထိုးဆေးအစား ဆေးပြား၊ ဆေးရည်များသုံးပါ။ ဗီတာမင်ကြွယ်ဝသောအစားစုံစားခြင်းသည် ပို၍ကောင်းပါသည်။
  3. Calcium အကြောတွင်းထိုးခြင်းသည်ဖြေးဖြေးမှန်မှန်မဟုတ်ပါက အလွန်အန္တရာယ်ကြီးသည်။ တင်ပါးတွင်ထိုးလျှင်ကြီးမားသော ပြည်တည်နာ ဖြစ်စေနိုင်သည်။ ကောင်းစွာလေ့ကျင့်မထားသူများမထိုးသင့်ပါ။
  4. Penicillin ကို ဆေးလိုအပ်သည့်ရောဂါအားလုံးနီးပါးတွင် စားဆေးဖြင့်ကုနိုင်ပါသည်။ ဆေးကြောင့်ဖြစ်သော အန္တရာယ် ထိုးဆေးက ပိုဆိုးပါသည်။ ပြင်းထန်သောရောဂါများတွင်သာ ထိုးဆေးသုံးပါ။
  5. Penicillin နှင့် Streptomycin အတွဲအစပ် ပုံမှန်အားဖြင့်တွဲမသုံးပါ။ အအေးမိ၊ တုတ်ကွေးတွင်အလုပ်မဖြစ်ပါ။ နားလေးခြင်းမှသည် အသက်ဆုံးသည်ထိ ဖြစ်စေနိုင်သည်။ မလိုပဲသုံးလျှင် ဆေးလိုမည့် တီဘီနှင့် ရောဂါကြီးများ ကုရခက်စေသည်။
  6. Chloramphenicol နှင့် Tetracyclineစားဆေးကပို၍ကောင်းပါသည်။ ဆေးတောင့်ဆေးရည်များသုံးပါ။
  7. အကြောဆေးရည်များ ရေဓါတ်ဆိုးဆိုးဝါးဝါးခမ်းခြောက်ခြင်းအတွက် ကျွမ်းကျင်သူများသာသုံးသင့်သည်။ ကောင်းကောင်း မသုံးတတ်လျှင် ကူးစက်ရောဂါကြီးများမှသည် အသက်ဆုံးသည့်တိုင် ဖြစ်စေနိုင်သည်။
  8. အကြောဆေးများ ကောင်းစွာ တတ်ကျွမ်း လေ့ကျင့်ပြီး မဟုတ်ပဲသုံးလျှင် အန္တရာယ်ကြီးပါသည်။ အကြောဆေး သက်သက်ကို အသားတွင် မထိုးရ။ အသားဆေး သက်သက်ကိုလည်း အကြောတွင်း မထိုးရပါ။
0903

သေချာပြုတ်မထားသော (သို့)
တစ်ခါသုံးမဟုတ်သော
ဆေးထိုးအပ်နှင့် ဆေးထိုးထားသောကြောင့်
ဖြစ်သည်။

အန္တရာယ်နှင့်ကြိုတင်သတိပြုဖွယ်များ

မည်သည့်ထိုးဆေးမဆို (၁) အပ်ပေါက်မှတစ်ဆင့်ပိုးဝင်၍ကူးစက်ရောဂါဖြစ်စေခြင်း၊ (၂) ဆေးကြောင့်ဓါတ်မတည့်ခြင်းနှင့် ဆေးအဆိပ်သင့်ခြင်းများ ဖြစ်စေနိုင်သည်။

  1. ကူးစက်ရောဂါဖြစ်နိုင်ချေ လျှော့ချရန်သန့်ရှင်းရေးကိုအထူးဂရုပြုခြင်း၊ ဆေးထိုးအပ်နှင့်ပိုက်များကိုသေချာစွာပြုတ်ခြင်း၊ မသန့်သောလက်၊ အရာဝတ်ထုတစ်ခုခုနှင့်မထိမကိုင်စေခြင်း၊ အပ်နှင့်ပိုက်ကိုကောင်းစွာထပ်မံမပြုတ်ပဲ လူတစ်ဦးထက်ပို၍သုံးခြင်းကို ရှောင်ကြဉ်ရမည်။ ဆေးမထိုးမီ လက်ကိုကောင်းစွာဆေးပါ။
  2. အသုံးပြု မည့်ဆေး၏ ဖြစ်နိုင်သော ဓါတ်တုန့်ပြန်မှုများ၊ သတိထားရန်များကို ကောင်းစွာသိထားရမည်။ အောက်ပါ ဓါတ်မတည့်မှု လက္ခဏာများကို သတိပြုရန်၊ ထိုဆေးကို နောက်ထပ် မပေးမိရန်သတိထားပါ။
0904

မတဲ့သောဆေးထိုးမိပါက အနီရောင်အကွက်
(ယားယံသည်) ထလာမည်။ ထိုဆေးကို
နောက်တစ်ကြိမ်ထိုးပါက
အသက်အန္တရာယ်ရှိသည်။

  • အင်ပြင်ကွက်ထခြင်း၊ အကွက်ထ၍ယားယံခြင်း။
  • အပိန့်ထခြင်း။
  • အသက်ရှုကြပ်ဆို့ဆို့ဖြစ်ခြင်း။
  • သွေးလန့်ခြင်း (ရှော့ခ်)လက္ခဏာများ။
  • ခေါင်းထဲနောက်၍ပျို့ချင်၊ အန်ချင်စိတ်ပေါက်ခြင်း။
  • အမြင်အာရုံဝေဝါးခြင်း။
  • နားအူ၊ လေထွက်၊ ကောင်းကောင်းမကြားရတော့ခြင်း။
  • ကျောအောင့်ခြင်း။
  • ဆီးကောင်းကောင်းမသွားနိုင်ခြင်း။

ဤကလေးငယ်သည် မသန့်ရှင်းသောအပ်နှင့်ဆေးထိုးခံခဲ့ရသည်။ (သေချာပြုတ်လျှင်ပိုးကင်းသည်။)

မသန့်သောအပ်သည် ပိုးကူးစက်စေသဖြင့် ရုပ်ဆင်း ထိခိုက်စေသည့် ကြီးမားသောပြည်တည်နာဖြစ်စေသည်။ ကလေးငယ်အပြင်း ဖျား၍ နောက်ဆုံးပြည်ပေါက်ထွက်ကာ ပုံပါအတိုင်းတွေ့ရသည်။

ဆေးမထိုးမီက အအေးမိသော ဤ ကလေးကို မည်သည့် ဆေးမှ မပေးသည်က ပိုကောင်းပါသည်။ ကောင်းစေလို၍ လုပ်လိုက်သော်လည်း ကလေးအတွက် ပိုဆိုး၊ ပိုခံစားသွားရစေပါသည်။


သတိ ဖြစ်နိုင်လျှင် ပါးစပ်မှတိုက်ပါ။ ဆေးမထိုးပါနှင့်။ ကလေးများကို အထူး သတိထားပါ။


ဤလိုအဖြစ်မျိုးကိုရှောင်ရှားရန်။

မဖြစ်မနေလိုအပ်မှသာဆေးထိုးပါ။

  • အပ်နှင့်ပိုက်ကိုသေချာပြုတ်ပါ။ သန့်ရှင်းမှုအထူးဂရုပြုပါ။
  • ရောဂါနှင့်ဆိုင်သည့်ဆေးသာသုံးပါ။ ဆေးအနေအထား ကောင်း/မကောင်း စိစစ်ပါ။
  • ဆေးထိုးမည့်နေရာမှန်ပါစေ။ ကလေးပေါက်စနှင့် ကလေးငယ်များကို တင်ပါး မထိုးပါနှင့်။ ပေါင် အရင်းပိုင်း ဘေးနားကျကျတွင် ထိုးပါ။ (ဤပုံပါ ကလေးတွင် ဆေးထိုး ရာသည် အောက်ဖက်ရောက်နေသည်ကို သတိပြုပါ။ ထိုနေရာတွင် အာရုံကြောများရှိ၍ ထိခိုက်မှုဖြစ်နိုင်သည်။

ထိုးဆေးအချို့၏ ဒုက္ခပေးနိုင်သော ဓါတ်တုန့်ပြန်မှုများ

အောက်ပါဆေးအုပ်စုများသည် အချိန်တိုအတွင်းဓါတ်မတည့်သွေးလန့်ခြင်းရှော့ခ် (Allergic Shock) ဖြစ်ပေါ်၍ ဒုက္ခပေးနိုင်ပါသည်။

  • Penicillin အုပ်စု (Ampicillin အပါအဝင်)။
  • မြင်း၏သွေးရည်ကြည်မှထုတ်ယူသောအဆိပ်ဖြေဆေးအချို့ (ဥပမာ မြွေဆိပ်ဖြေဆေး၊ မေးခိုင်ပိုးဖြေဆေး၊ ကင်းမြီးကောက်အဆိပ်ဖြေဆေး)

ဓါတ်မတည့်ခြင်းသည် ဆေးတစ်မျိုးဖြင့် ယခင်ကကြုံပြီးသော သူအလားတူ ဆေး (သို့) အုပ်စုတူ ဆေးတစ်မျိုးမျိုး ထပ်မံထိုးမိပါက ပို၍ ပြင်းထန် ဆိုးဝါးတတ်ပါသည်။ ဓါတ်မတည့်ခြင်း လက္ခဏာများ (အင်ပြင်ထ၊ အပိန့်ထ၊ အသက်ရှုကြပ်) နာရီအနည်းငယ်မှ ရက်အတန်ကြာထိ ဖြစ်တတ်ပါသည်။

ရံဖန်ရံခါပျားတုတ်ခြင်း၊ နကျယ်ကောင်တုတ်ခြင်းနှင့် သောက်ဆေးအချို့ကြောင့်လည်း သွေးလန့်ခြင်း ဖြစ်တတ်ပါသည်။

ထိုးဆေးဓါတ်မတည့်မှုအန္တရာယ်ရှောင်ရှားနိုင်ရန်

  1. မဖြစ်မနေလိုအပ်မှသာ ထိုးဆေးသုံးပါ။
  2. ဓါတ်မတည့်မှုဖြစ်တတ်သည့် ဆေးများမသုံးမီ Epinephrine (Adrenalin) ဆေး ၂ပုလင်း၊ Promethazine (Phenergan) ၁ ပုလင်း (သို့) Diphenhydramine (Benadryl) ၁ ပုလင်း အသင့်ဆောင်ထားပါ။
  3. ဆေးမထိုးမီ ဤဆေးကြောင့် ယခင်က ယားယံခြင်းစသည်ဖြင့် တစ်ခုခုအဆင်မပြေမှုဖြစ်ဘူးခြင်းရှိ မရှိ မေးပါ။ ရှိပါက ဤဆေး (သို့) အုပ်စုတူ ဆေးများမသုံးရပါ။ ထိုးဆေးမသုံးပဲ စားဆေးဦးစားပေးပါ။
  4. ရှောင်လွှဲရန် ခက်သော အနေအထားမျိုး ကြုံခြင်း(ဥပမာ မေးခိုင်ရောဂါ၊ မြွေကိုက်လူနာ၊ ဓါတ်မတည့်မှု ကြုံနိုင်သည့် အနေအထားမျိုး)။ လူနာမှာ မြင်း၏သွေးရည်ကြည်မှ ထုတ်သည့်ဆေးတစ်မျိုးမျိုးနှင့် အဆင်မပြေဖြစ်ဘူးခြင်းရှိပါက သက်ဆိုင်ရာဆေးမထိုးမီ ၁၅ မိနစ်ကြိုတင်၍ Promethazine (သို့) Diphenhydramine ပေးနိုင်ပါသည်။ (လူကြီး ၂၅ မီလီဂရမ် မှ ၅၀ မီလီဂရမ်ထိ၊ ကလေး ၁၀ မီလီဂရမ် မှ ၂၅ မီလီဂရမ်ထိ ခန္ဓာအရွယ်အစားလိုက်၍ပေးနိုင်ပါသည်။
  5. ဆေးထိုးပြီးနောက်လူနာကို နာရီဝက်ခန့်ထိငြိမ်သက်စွာနေစေရန် စောင့်ကြည့်ခြင်း။
    • အေးစက်ခြင်း၊ ချွေးစေးထွက်ခြင်း၊ ဖြူဖျော့သွားခြင်း။
    • အားယုတ်သွားခြင်း၊ သွေးခုန်/နှလုံးခုန်မြန်လာခြင်း။
    • အသက်ရှုမကောင်းခြင်း။
    • စဉ်ဆက်သိမှုလျော့လာခြင်း။
  6. ထိုလက္ခဏာများတွေ့လျှင်တွေ့ခြင်း Epinephrine (Adrenalin)ထိုးပါ။ လူကြီး ၁/၂ စီစီ၊ ကလေး ၁/၄ မှ ၁/၃ စီစီ အရွယ်လိုက်၍သွေးလန့်ခြင်းကို ကုသပါ။ ဆက်၍ Antihistamine (ပုံမှန်ဆေးပမာဏထက် ၂ဆ ပေးပါ)။

Penicillin ဆေးမတည့်တာ ဘယ်လိုရှောင်မလဲ

0910aNew
0910cNew
0910e

ဆေးထိုးပြွန် (ပိုက်၊အပ်) ဘယ်လိုပြုတ်မလဲ

ဘာမှမလုပ်ခင်လက်ကိုဆပ်ပြာနှင့်ရေစင်စင်ဆေးပါ။


အပ်ကိုမည်သည့်အရာနှင့်မျှ မထိရန်ဂရုစိုက်ပါ။ (အရက်ပြန်၊ ဂွမ်းနဲ့ပင် မထိပါစေနနှင့်)။ တစ်ခုခုနဲ့ထိမိရင် သေချာပြန်ပြုတ်ပါ။

ဆေးဘယ်နေရာမှာထိုးမှာလဲ

ဆေးမထိုးခင်လက်ကို ဆပ်ပြာနဲ့သေချာဆေးပါ။

တင်ပါးမှာထိုးလျှင် တင်ပါးကိုစိတ်မှန်းလေးပုံပုံ၊ အပေါ်ဖက်ဘေးဖက်အစိတ်မှာထိုးပါ။ ကြွက်သားထဲရောက်အောင်ထိုးပါ။

အရေပြားထဲထိုးမိရင် ပိုးဝင်မယ်၊ နီရဲရောင်ကိုင်းနေမယ်။ကလေးပေါက်စနဲ့ ကလေးငယ်လေးတွေမှာတင်ပါးကိုမထိုးနဲ့။ ပေါင်အရင်းဘေးဘက်ကို ထိုးပါ။

ဆေးဘယ်လိုထိုးမလဲ

၆။ ဆေးထိုးပြီးပါက ဆေးထိုးပြွန်နှင့် အပ်ကို ချက်ချင်းပြန်ဆေး၊ ဆေးထိုးပြွန်ကို ရေနဲ့ကျင်းပေးပါ။ သုံးလိုပါက ထပ်ပြန်ပြုတ်ပါ။

ဆေးထိုးခြင်းကြောင့် ကလေးငယ်များမသန်မစွမ်းဖြစ်ရပုံ

ကောင်းမွန်ကျနစွာ အသုံးပြုခဲ့သောထိုးဆေး(ဥပမာ ကာကွယ်ဆေးထိုးခြင်း)များသည် ကလေးငယ်များကို ရောဂါဘယနှင့်မစွမ်း သန်မှုများမှ ကာကွယ်ပေးသည်။ သို့သော် အပ်နှင့်ပိုက်မသန့်ပါက ရောဂါပေါင်းစုံပေးနိုင်သည်။ ခုံခံအားကျ(HIV)၊ အသည်းရောင် နှင့် အခြား ရောဂါဆိုးများ ပျံ့နှံ့စေနိုင်သည်။ အကြောပျော့၊ အကြောသေရောဂါမှသည် သေဆုံးသည်ထိဖြစ်စေနိုင်သည်။

ကောင်းစွာပိုးသတ်သန့်ရှင်းခြင်းမပြုပဲ ဆေးထိုးအပ်နှင့်ပိုက်ကို
လူတစ်ယောက်ထက်ပို၍ မသုံးရ။

အချို့ထိုးဆေးများသည် ဓါတ်မတည့်ခြင်း၊ အဆိပ်သင့်ခြင်း၊ အကြားအာရုံထိခိုက်ခြင်းနှင့်အခြားပြင်းထန်သော ဆိုးကျိုးများပေးနိုင်သည်။ ဥပမာ ကိုယ်ဝန်ဆောင်များအတွက်ပေးသောအချို့ဟော်မုန်းဆေးများသည် မွေးဖွားရလွယ်ပြီးအားရှိစေသော်လည်း မိခင်၏ဦးနှောက် ကို ထိခိုက်ခြင်း၊ ကလေးအသက်ကို အန္တရာယ်ပေးခြင်းဖြစ်စေနိုင်သည်။

မလိုအပ်ပဲဆေးထိုးခြင်းအန္တရာယ်ကိုအများသိအောင်ပြုပါ။

ကိရိယာများကို ဘယ်လိုပိုးမွှားသန့်စင်မလဲ

ခုခံအားကျရောဂါ (HIV) ၊ အသည်းရောင်၊ မေးခိုင်ပိုးစသောရောဂါအများစုသည် ရောဂါရှိသူမှမရှိသူဆီသို့ ဆေးထိုးအပ်နှင့်ကိရိယာများ မသန့်ရှင်းမှုကြောင့်ကူးစက်နိုင်ပါသည်။ (နားဖောက်၊ အပ်စိုက်ကု၊ မင်ကြောင်ထိုး၊ လိင်အရေပြားဖြတ်ရာတို့တွင်သုံးသောကိရိယာများ)၊ အရေပြားရောဂါ အတော်များများနှင့် ပြည်တည်နာများလည်း ဖြစ်စေနိုင်သည်။ အရေပြားခွဲစိတ်၊ ဖြတ်တောက်၊ အပေါက်ဖောက် ဘာပဲလုပ်လုပ် သုံးသောကိရိယာများ ပိုးသတ်သန့်စင်ပြီးမှလုပ်သင့်သည်။

ပိုးသတ်သန့်စင်နည်းအချို့

  • ရေဆူဆူမှာ မိနစ် ၃၀ ပြုတ် (အချိန်မှတ်ရန် နာရီမရှိလျှင် ရေထဲမှာ ဆန်စေ့နည်းနည်းထည့်ပြုတ်၊ အဲဒီဆန်ထမင်းစေ့ဖြစ်ရင် အချိန်အတော်ဖြစ်ပြီ)။
  • ဖိအားမြှင့် ပေါင်းအိုး pressure cooker ထဲမှာ ရေနွေးငွေ့နဲ့မိနစ် ၃၀ ကြာပေါင်း (ဆေးရုံသုံး Autoclave ပေါင်းခံပိုးသတ်ကိရိယာနှင့် သဘောချင်းတူသည်။)
  • ရေ ၇ ဆ ၊ ကလိုရင်းချွတ်ဆေး ၁ ဆရောထားသော အရည်(သို့) ၇၀% Ethanol alcohol (အရက်ဦးရည်)ထဲမှာ မိနစ် ၂ စိမ်။ ဖြစ်နိုင်လျှင် အရည်များကို တစ်နေ့ ၁ကြိမ် အသစ်လဲပေးပါ။ ကြာလျှင်ပိုးသတ်အား ပျော့သွားတတ်သောကြောင့် ဖြစ်သည်။ ဆေးထိုးပိုက်ထဲကိုပါ အရည်ဝင်စေပြီး ကျင်းပေးပါ။

လူနာကိုင်တွယ်ပြီးလျှင် လက်ကိုဆပ်ပြာနှင့် ဆေးပါ။