home

အခန်း ၁၀ ရှေးဦးသူနာပြုစုခြင်း



ခေါင်းစဉ်များ


အခြေခံသန့်ရှင်းစေခြင်းနှင့်ကာကွယ်မှုပြုခြင်း

သူတစ်ပါးထိခိုက်ဒဏ်ရာရလျှင် တစ်ခုခုကူညီပေးဖို့အရေးကြီးပါသည်။ သို့သော်ကူညီမည့်သူကိုယ်တိုင် ရောဂါမကူးအောင် ကာကွယ် ရမည်။ (ခုခံအား ကျရောဂါနှင့် အခြားသွေးမှ တစ်ဆင့် ကူးသောရောဂါများ) တစ်ယောက်ယောက်သွေးထွက်သံယိုဖြစ်လျှင်

1001
  1. ဖြစ်နိုင်လျှင် ဒဏ်ရာကိုဖိ၍ ကိုယ်တိုင်သွေးတိတ်အောင်လုပ်နည်းပြောပြပါ။
  2. သူမလုပ်နိုင်လျှင် လက်ကိုလက်အိတ်(သို့)ပလပ်စတစ်အိတ်စွပ်၍ သန့်သောအဝတ်ထူထူဖြင့်ဒဏ်ရာကိုဖိပေးပါ။

သွေးစိုသောပစ္စည်းများမထိ၊ မပေအောင်နေပါ။ လူနာအနီးမှ အပ်(သို့)အချွန်အတက်များမရှအောင်သတိထားပါ။ အခြားဒဏ်ရာများကို ခြောက်သွေ့သန့်ရှင်းသောအဝတ်စ/ပတ်တီးတစ်ခုခုဖြင့်ဖုံးအုပ်ထားပါ။

မတော်တဆမှု၊ ရန်ပွဲများကြောင့်ထိခိုက်သူအများအပြားရှိလျှင်အထူးသတိထားပါ။

သွေးနှင့်အခြားကိုယ်တွင်းအရည်များကိုင်တွယ်ပေကျန်လျှင် ချက်ချင်းဆပ်ပြာနှင့်ဆေးပါ။ မျက်စိထဲဝင်လျှင် ရေများများသုံး၍ချက်ချင်း သန့်ရှင်းပါ။

ကိုယ်ပူခြင်း၊

1002

ကိုယ်ခန္ဓာအပူချိန်မြင့်လျှင် ဖျားသည်ဟုသတ်မှတ်သည်။ ဖျားခြင်းသည်ရောဂါမဟုတ်။ သို့သော် ရောဂါ အတော်များများတွင် ဖျားတတ်သည်။ အထူးသဖြင့် ကလေးငယ်များတွင် အပူချိန် ၃၉ ံ စင်တီဂရိတ်(သို့) ၁၀၂ ံ (F) ကျော်လျှင် ဒုက္ခရောက်နိုင်သည်။

အဖျားရှိသူကို

  1. လုံအောင်ထွေးမထားရ။ ကလေးငယ်များ ကိုယ်ပူကျသည်ထိ ကိုယ်တုံးလုံးထားပါ။
  2. ကိုယ်ပူနေသောကလေးကို စောင်နှင့်လုံးဝထွေးမထားရ။ အန္တရာယ်ရှိပါသည်။

    လေစိမ်းတိုက်တာ အန္တရာယ်မဟုတ်။ အဖျားပင်ကျစေနိုင်သည်။

  3. Aspirin တိုက်နိုင်သည်။ ကလေးအတွက် ပါရာစီတမော paracetamol ကပိုကောင်းသည်။ အများကြီး မတိုက်ရပါ။
  4. အရည်များများတိုက်ပါ။(ရေ၊ ဖျော်ရည်၊ သစ်သီးဖျော်ရည်) ကလေးများရေကျက်အေးတိုက်ပါ။(ရှုးပေါက်တာဂရုစိုက်ပါ။ ဆီးနည်းရင်၊ အရောင်ရင့်လျှင် ရေပိုတိုက်ပါ။
  5. ဖျားသောအကြောင်းရင်းရှာ၊ ကုနိုင်လျှင်ကုပါ။

အဖျားကြီးခြင်း

အဖျားကြီးလျှင်အန္တရာယ်ရှိပါသည်။ ကိုယ်ပူမြန်မြန်ကျစေရမည်။ အပူကြီးလျှင် ကလေးများ တက် တတ်သည်။

ကိုယ်အပူချိန် ၄ဝံ C ကျော်လျှင် ချက်ချင်းအပူကျအောင်လုပ်ပါ။

  1. အေးတဲ့နေရာမှာထား။
  2. အဝတ်အစားတွေချွတ်၊ ဖယ်။
  3. လေအေးရအောင်လုပ် (ယပ်ခတ်၊ ပန်ကာဖွင့်)။
  4. ရေလောင်း၊ ရင်ဘတ်နှင့် နဖူးတို့ကို ရေပတ်တိုက်ပါ။ ယပ်ခတ်ပေးပါ။ ကိုယ်ပူကျသွားသည်အထိ (၃၈ ဒီဂရီ အောက်) ဤအတိုင်း ပြုစုပေးပါ။
  5. 1003
  6. ရေအေးအေး (ရေခဲရေမဟုတ်) များများတိုက်ပါ။
  7. ဆေးတိုက်ပါ။ အက်စပရင် Aspirin နှင့် ပါရာစီတမော paracetamol တိုက်နိုင်သည်။ ၁၂နှစ်အောက်ကလေးများ ပါရာစီတမော paracetamol က ပိုသင့်တော်သည်။

ပါရာစီတမော paracetamol သောက်ဆေး၏ ဆေးအချိန်အဆ (၃၀၀ မီလီဂရမ်ဆေးပြားပေါ်မူတည်၍အောက်ပါတိုင်း ချိန်ဆပေးသည်။)

၁၂ နှစ်အထက် ၂ ပြား ၄ နာရီခြား တစ်ခါ။

၆ နှစ် မှ ၁၂နှစ် ၁ ပြား ၄ နာရီခြား တစ်ခါ။

၃ နှစ် မှ ၆နှစ် (½) ၁/၂ ပြား ၄နာရီခြား တစ်ခါ။

၃ နှစ်အောက် (¼) ၁/၄ ပြား ၄နာရီခြား တစ်ခါ။

ဆေးမမျိုနိုင်လျှင် ကြိတ်ပြီးရေနှင့်ဖျော်ကာ ဆေးထိုးပိုက် (အပ်မပါ) နှင့် စုပ်ပြီး စအိုထဲ ရောက်အောင်ထည့်ပါ။

အဖျားချက်ချင်းမကျပဲ လူနာသတိမရ၊ မျက်ဖြူလန်၊ သတိလစ် အကြောဆွဲလျှင် ဆေးရုံချက်ချင်းပို့ပါ။

သွေးလန့်ခြင်း (ရှော့ရခြင်း)

အသက်အန္တရာယ်ရှိသည်။ ကြီးကြီးမားမားအပူ(မီး)လောင်ခြင်း၊ သွေးထွက်လွန်ခြင်း၊ အပြင်းအထန်ဖျားနာခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း၊ ဆိုးဝါးစွာဓါတ်မတည့်ခြင်း၊ အပြင်မှမမြင်ရသော်လည်း ကိုယ်ခန္ဓာတွင် သွေးလွန်ခြင်းတို့မှ သွေးလန့်ခြင်းဖြစ်စေနိုင်သည်။

သွေးလန့်ခြင်းလက္ခဏာများ

  • သွေးခုန်နှုန်းမြန်ခြင်း (လူကြီး ၁၀၀/မိနစ်ထက်ကျော်လျှင် ကလေး ၁၄၀/မိနစ် ထက်ကျော်လျှင် ကလေးပေါက်စ ၁၉၀/မိနစ် ကျော်လျှင်။)
  • ချွေးစေးထွက်ခြင်း၊ ဖြူဖျော့အေးစက်ခြင်း၊ အရေပြားစိုဖတ်ဖတ်ဖြစ်ခြင်း။
  • သွေးပေါင်ချိန်အရမ်းကျခြင်း။
  • ယောင်တောင်တောင်ဖြစ်ခြင်း၊ ပျော့ခွေချိနဲ့ခြင်း၊ သတိလစ်ခြင်း။

သွေးလန့်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်/ကုသမလဲ

လက္ခဏာစပြလျှင် (သို့) ဖြစ်နိုင်ချေရှိလျှင်

  • အဝတ်ကြပ်နေလျှင် လျှော့ပါ။ ခါးပတ်ဖြုတ်ပါ။
  • 1004
  • ခြေရင်းပိုင်းမြှင့်၍လှဲထားပါ။ (ခေါင်းပိုင်းထိခိုက်မှုရှိလျှင် ခေါင်းပိုင်းပါ အနည်းငယ်မြှင့်ထားပါ။)
  • သွေးတိတ်အောင်လုပ်ပါ။ ဒဏ်ရာကိုလက်အိတ်၊ ပလပ်စတစ်အိတ်စွပ်ထားသောလက်နှင့်ဖိထားပါ။
  • အေးစက်နေလျှင် စောင်/အဝတ်ခြုံထားပါ။
  • သောက်နိုင်လျှင် တစ်ခုခုတိုက်ပါ။ (ရေ၊ ဓါတ်ဆားတစ်ခုခု) ဖြစ်နိုင်လျှင်အကြောဆေးသွင်းပါ။
  • ဒဏ်ရာရှိလျှင်ကုသပါ။
  • နာကျင်လျှင် အနာပျောက်ဆေးပေးပါ။ မှိန်းစေတတ်သောဆေး(Codeine စသည်) မပေးရ။
  • ကိုယ်တိုင်တည်တည်ငြိမ်ငြိမ်နေပါ။ လူနာကိုအားပေးပါ။ ပို၍တတ်ကျွမ်းသူကို အကူအညီတောင်းပါ။

လုံးဝသတိလစ်နေလျှင်

  • ခေါင်းပိုင်းနှိမ့်၍ ဘေးစောင်းလှဲထားပါ။
  • ပျို့အန်ခဲ့လျှင်၊ ပါးစောင်တွင်းမှ အန်ဖတ်များသန့်ရှင်းပါ။ ဦးခေါင်းပိုင်းပို၍နိမ့်နေပါစေ။အန်ဖတ်မဆို့စေရန်ဘေးဘက်စောင်းထားပါ။ လည်ပင်းနှင့် ကျောရိုးဒဏ်ရာရထားလျှင် ခေါင်းမစောင်းရ။ ကျောမလှုပ်စေရ။
  • သတိပြန်ရသည်ထိ ပါးစပ်မှတိုက်၊ ကျွေးခြင်းမပြုရ။
  • ကျွမ်းကျင်ပိုင်နိုင်မှုရှိလျှင် အကြောဆေး (အငန်) ပေးနိုင်ပါသည်။
  • ပို၍တတ်ကျွမ်းသူထံ အမြန်ဆုံးအကူအညီတောင်းပါ။

သတိလစ်ခြင်း၊

သတိလစ်ခြင်း၏အကြောင်းရင်းများ

  • အရက်မူးလွန်ခြင်း။
  • ခေါင်းထိခိုက်ခြင်း။
  • သွေးလန့်ခြင်း။
  • အတက်ရောဂါ။
  • အဆိပ်မိခြင်း။
  • ရုတ်တရက်အားယုတ်ပျော့ခွေခြင်း (အကြောက်လွန်၊ အားအလွန်နည်း၊ အချိုဓါတ်လျော့ခြင်း)။
  • အပူရှပ်ခြင်း။
  • လေသင်တုန်းဖြတ်ခြင်း။
  • ပြင်းထန်နှလုံးရောဂါ။

အကြောင်းရင်းမသိရပဲ သတိလစ်နေသူတွေ့လျှင် အောက်ပါတို့ကို ချက်ချင်းစစ်ဆေးပါ။

  1. အသက်ကောင်းကောင်းရှုနေရဲ့လား။ မကောင်းလျှင် ခေါင်းကိုစောင်းပါ။ လျှာခေါက်နေလျှင် ဆွဲထုတ်ပါ။ မေးရိုးကိုရှေ့ဘက်ဆွဲထားပါ။ လည်ချောင်းတွင်း တစ်ခုခုဆို့နေလျှင် ဆွဲထုတ်ပါ။ လုံးဝအသက်မရှုလျှင် ပါးစပ်ချင်းတေ့၍ လေမှုတ်သွင်းပါ။
  2. သွေးထွက်လွန်နေသလား။ သွေးတိတ်အောင်လုပ်ပါ။
  3. သွေးလန့်မှုရှိသလား။ (အေးစက်၊ ဖြူဖျော့၊ ပျော့ခွေ၊ သွေးခုန်နှုန်းမြန်) ရှိလျှင် ခေါင်းပိုင်းနှိမ့် ခြေရင်းမြှင့်၊ အဝတ်အစားကြပ်လျှင်လျှော့ (လည်ပင်းကြယ်သီး၊ ခါးပတ်စသည်)
  4. အပူရှပ်တာများလား။ (ချွေးမထွက်၊ ကိုယ်ပူခြင်း၊ အသားအရေနီရဲ) ဟုတ်လျှင် အရိပ်ကောင်းသည့်နေရာရွေ့ပါ။ ခေါင်းပိုင်းမြှင့်ပါ။ ရေအေးအေးနှင့်ရေပတ်တိုက်ပါ။ လေအေးရအောင်လုပ်ပါ။

သတိလစ်နေသူကိုဘယ်လိုပုံစံထားမလဲ

1006

ပြင်းပြင်းထန်ထန်ထိခိုက်၍ သတိလစ်နေသူ ကိုင်တွယ်ပြုစုမှုကြောင့်ထပ်မံထိခိုက်နိုင်ချေရှိလျှင်

သတိရသည်ထိနေရာတွင်ပဲထားပါ။ မဖြစ်မနေရွေ့ပြောင်းပို့လိုလျှင် အထူးသတိထားကိုင်တွယ်ရန် (ဥပမာ လည်ပင်းနှင့် နောက်ကျောရိုး ကျိုးကြေ ဒဏ်ရာရလျှင် ရွေ့ပြောင်းမှုကြောင့် ပိုဆိုးစေနိုင်သည်။) ဒဏ်ရာနှင့်အရိုးကျိုးထိခိုက်မှုစစ်ဆေးပါ။ အရွေ့အပြောင်း သိပ်မလုပ်ပါနှင့်။ လည်ပင်းနှင့် ကျောကုန်းကို လုံးဝ မကွေး မညွတ်ရ။

သတိလစ်နေသူကို ပါးစပ်မှလုံးဝမတိုက်/မကျွေးရ။

လည်ချောင်းထဲ တစ်ခုခုတစ်ဆို့နေသော်

လည်ချောင်းထဲ တစ်ခုခုတစ်ဆို့နေသော် အသက်ရှုရခက်၍ ဒုက္ခရောက်နိုင်သည်။ အောက်ပါတို့ကို ချက်ချင်းလုပ်ပါ။

  • ခန္ဓာကိုယ်ရှေ့ဘက်ကုန်းပါ။
  • နောက်ကျောအလယ်ကိုလက်ဝါးဖြင့် ခပ်ပြင်းပြင်း ၅ချက်ရိုက်ပါ။
  • မရလျှင်

  • လူနာကိုမတ်မတ်ရပ်စေ၍ နောက်ကျောဘက်မှသိုင်းဖက်ထားပါ။ လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင်ထားပါ။
  • ချက်နှင့်ရင်ညွန့်ကြားတွင် လက်သီးဆုပ်ထောက်ထားပါ။
  • ရုတ်တရက် ဆတ်ကနဲ အပေါ်ဖက်သို့တွန်းညှစ်လိုက်ပါ။ ဤလုပ်ရပ်ကြောင့် လေပြွန်ပွင့်၍ တစ်ဆို့နေသည့်အရာထွက်ကျလာနိုင်သည်။ တစ်ကြိမ်နှင့် မရလျှင် အကြိမ်ကြိမ်လုပ်ပါ။
    (လူဝကြီးများ၊ ကိုယ်ဝန်ဆောင်များ၊ ဘီးတပ်လှည်းပေါ်နေသူများ၊ ကလေးငယ်များတွင် လက်ကိုဝမ်းဗိုက်အစားရင်အုပ်ပေါ်ထား၍ လုပ်ဆောင်ရန်။)

သင့်ထက်ပို ထွားကြိုင်းသောလူက သတိလစ်၍ မတ်မတ်မရပ်နိုင်လျှင် ပက်လက်လှဲထားပါ။ ဦးခေါင်းကို ဘေးသို့အနည်းငယ် စောင်း၍ လူနာပေါ် ခွထိုင်ပြီး ချက်နှင့် ရင်ညွန့်ကြားကို လက်နှစ်ဖက်စုံထပ်၍ လက်ဖနောင့်နှင့် ခပ်ပြင်းပြင်းဆတ်ကနဲ ရင်ပတ်ဖက်သို့တွန်းပါ။ တစ်ကြိမ်နှင မရလျှင် အကြိမ်ကြိမ်လုပ်ပါ။ အသက်မရှုနိုင်သေးလျှင် ပါးစပ်ချင်းတေ့၍ အရေးပေါ် အသက်ပြန်ရှုရန် လုပ်ဆောင်ပါ။

ရေနစ်ခြင်း

အသက်ရှုရပ်၍ ၄မိနစ်ကျော်လျှင် သေတတ်သည်။ အမြန်ကယ်ပါ။

ပါးစပ်ချင်းတေ့၍ အသက်ရှုစေရန် ချက်ချင်းလုပ်ပါ။ ရေထဲမှဆယ်တင်ပြီး ကုန်းပေါ်ရောက်သည်အထိ မစောင့်ပဲ၊ မတ်တတ်ရပ်နိုင်လောက်အောင် ရေတိမ်သည့်နေရာရောက်လျှင် အမြန်ဆုံးလုပ်ပါ။

ပါးစပ်ချင်းတေ့၍ အသက်ရှုသွင်းစေခြင်းကို ရေနစ်ပြီးအသက်မရှုနိုင်သူတိုင်းအတွက် အမြဲတမ်း အမြန်ဆုံးလုပ်ဆောင်ပါ။

အသက်မရှုတော့ရင်ဘာလုပ်မလဲ။

ပါးစပ်ချင်းတေ့လေမှုတ်သွင်းခြင်း

အသက်ရှုရပ်ရခြင်း၏ ဖြစ်လေ့ရှိသောအကြောင်းရင်းများ

  • လည်ချောင်းထဲတစ်ခုခုဆို့နေခြင်း။
  • လျှာခေါက်ခြင်း (သို့) ချွဲဆို့ခြင်း (သတိလစ်သွားလျှင်)။
  • ရေနစ်ခြင်း၊ မီးခိုးမှှန်ခြင်း၊ အဆိပ်သင့်ခြင်း။
  • ခေါင်းပိုင်း (သို့) ရင်အုပ်ပိုင်းပြင်းပြင်းထန်ထန်ထိခိုက်မိခြင်း။
  • ရုတ်တရက် ပြင်းထန်သောနှလုံးရောဂါ။

အသက်ရှုရပ်လျှင် ၄မိနစ်အတွင်း သေဆုံးနိုင်သည်။

အသက်ရှုရပ်လျှင် ပါးစပ်ချင်းတေ့၍ လေမှုတ်ကုသမှုကို ချက်ချင်းလုပ်ပါ။

အောက်ပါအတိုင်း အဆင့်ဆင့်အမြန်ဆုံးလုပ်ဆောင်ပါ။

အဆင့်(၁)  လက်ချောင်းဖြင့် အာခံတွင်းနှင့်လည်ချောင်းတွင်းရှိပိတ်ဆို့နေသည့်အရာများကို ဖယ်ရှားရှင်းလင်းပါ။

အဆင့်(၂)  မျက်နှာကိုဦးခေါင်းဖက်သို့ဆွဲမော့ပါ။ မေးရိုးကိုအပေါ်ဖက်သို့ဆွဲထား၍ ဦးခေါင်းကိုနောက်စေ့ဖက်သို့တွန်းပို့ပါ။ အရာရာကို ညင်ညင်သာသာနှင့်မြန်မြန်လုပ်ဆောင်ပါ။

အဆင့်(၃)  နှာခေါင်းပေါက်ကို လက်ချောင်းများဖြင့် ညှပ်ပိတ်ပါ။ လူနာ၏ ပါးစပ်ကိုဟ၍ မိမိပါးစပ်ဖြင့် ငုံအုပ်၍ လေပြင်းပြင်း မှုတ်သွင်းပါ။ အဆုတ်တွင်းသို့လဝေင်၍ ရင်ဘတ် ဖောင်းတက်လာမည်။ ခေတ္တရပ်၍ လေထုတ်ချိန်ပေးပါ။ ထို့နောက် လေမှုတ်သွင်းမှု ပြန်လုပ်ပါ။ ၅စက္ကန့်စီခြား၍ ဆက်တိုက်လုပ်ပေးပါ။ ကလေးပေါက်စနှင့် ကလေးငယ်များကို နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်ကိုပါ ငုံအုပ်၍ ၃စက္ကန့် ခြားစီ ဖြည်းဖြည်း လေမှုတ်သွင်းပါ။

ဤအတိုင်း လူနာ အသက်ပြန်ရှုနိုင်သည်အထိ လုပ်ရမည်။ တစ်ခါတစ်ရံ အသက်ပြန်ရှုနိုင်ပြီး အားရဖွယ် မရှိသေးပါက နာရီခြား တစ်ခါ ပြုလုပ်နိုင်သည်။

မှတ်သားရန်။  ။နှစ်ဦးလုံး၏ ပါးစပ်တွင် သွေးထွက်၊ အရေပြား ပွန်းပဲ့အနာများ မရှိပါက အသည်းရောင်၊ ခုခံအားကျ (HIV) ရောဂါများ ကူးစက်စေခြင်း၊ ကူးစက် ခံရနိုင်စေခြင်း မဖြစ်နိုင်ပါ။

အပူကြောင့်ဖြစ်သော အရေးပေါ်အခြေအနေများ

ကြွက်တက်ခြင်း

ရာသီပြင်းချိန်တွင် အလုပ်ဆင်းရဲ၍ ချွေးများများထွက်သူများတွင် ခြေသလုံး၊ လက်၊ ဝမ်းဗိုက်ကြွက်တက်မှုများ ဖြစ်တတ်သည်။ ဆားဓါတ်လျော့နည်းမှု ကြောင့်ဖြစ်သည်။

ကုသမှု ရေကျက်အေး ၁လီတာတွင် ဆား တစ်ဇွန်းရော၍ တိုက်ပါ။ မပျောက်မချင်း တစ်နာရီခြား တစ်ခါတိုက်နိုင်သည်။ အရိပ်ကောင်းကောင်းတွင် ထိုင်၍ နာကျင်ကြွက်တက်သော နေရာကိုနှိပ်ပေးပါ။

ခြေကုန်လက်ပမ်းကျခြင်း

လက္ခဏာများ ရာသီပြင်းချိန် အလုပ်ပင်ပန်း ချွေးထွက်လွန်၍ ဖြူဖျော့၊ အားကုန်၊ ပျို့အန်၊ အေးစက်၊ ရုတ်တရက် အားယုတ်နိုင်သည်။ သွေးခုန်နှုန်း အားပျော့၍ မြန်နေနိုင်သည်။ များသောအားဖြင့် ကိုယ်အပူချိန် ပုံမှန် ဖြစ်သော်လည်း တစ်ခါတစ်ရံ မြင့်တက်နိုင်သည်။

ကုသမှု အပူသက်သာရာနေရာတွင် လှဲနေစေ၍ ခြေရင်းပိုင်း အပေါ်မြှင့်ထားပါ။ ခြေထောက်များကို ပွတ်တိုက်ပေးပါ။ ဆားဖျော်ရည် တိုက်ပေးပါ။ ဆားဇွန်း တစ်ဝက်ကို ရေ ၁လီတာနှင့်ဖျော်နိုင်သည်။ (သတိလစ်လျှင် ပါးစပ်မှ မတိုက်/မကျွေးရ)။

အပူရှပ်ခြင်း

တွေ့ရခဲသော်လည်းအန္တရာယ်များစွာပေးနိုင်သည်။အသက်ကြီးရင့်သူများ၊ အဝလွန်သူများနှင့်အရက်သမားများ ရာသီပြင်းလွန်းလျှင် ဖြစ်နိုင်သည်။

လက္ခဏာများ အရေပြားနီရဲ၊ ခြောက်သွေ့၊ ပူပြင်းနေတတ်သည်။ ချိုင်းကြားချွေး မထွက်ပါ။ ကိုယ်ပူမြင့်၍ တစ်ခါတစ်ရံ ၄၂ ံ စင်တီဂရိတ် ကျော်ထိ ရှိတတ်သည်။ နှလုံးခုန်မြန်၍ သတိလစ်တတ်သည်။

ကုသမှု ကိုယ်ပူအမြန်ချပါ။ အရိပ်ကောင်းရာသို့ ရွေ့ပါ။ ရေပတ် တိုက်ပါ။ လေအေး ပေးပါ။ ကိုယ်ပူကျပါက ပိုမိုတတ်ကျွမ်းသူများ အကူအညီ ရယူပါ။

1014

ဒဏ်ရာသွေးတိတ်အောင် ဘယ်လိုလုပ်မလဲ

၁။ ဒဏ်ရာရတဲ့အစိတ်အပိုင်းကို အပေါ်မြှင့်ထားပါ။

၂။ အဝတ်သန့်သန့် ထူထူဖြင့် (အဝတ်မလွယ်ပါက လက်ဖြင့်) ဒဏ်ရာကို ဖိထားပါ။ သွေးတိတ်သည်ထိဖိထားပါ။ (မိနစ် ၂၀ မှ ၁ နာရီထိ ကြာနိုင်သည်။) ဤသို့ တိုက်ရိုက်ဖိထားခြင်းကြောင့် ဒဏ်ရာ အတော် များများ သွေးတိတ် စေနိုင်သည်။ ခြေ၊ လက်ပြတ်သွားလျှင်ပင် ဤနည်းဖြင့် သွေးတိတ်စေနိုင်သည်။

တစ်ခါတစ်ရံဒဏ်ရာကြီးလွန်းလျှင်(ဥပမာ ခြေထောက်၊ လက်မောင်းစသည် ပြတ်တောက်ဒဏ်ရာတွင်) ဤနည်း အဆင်မပြေတတ်ပါ။ သို့ဖြစ်လျှင်

  • ဒဏ်ရာကို ဆက်တိုက်ဖိထားပါ။
  • ဒဏ်ရာရ အစိတ်အပိုင်းကို မြှင့်နိုင်သမျှ မြှင့်တင်ပါ။
  • ပတ်တီး(သို့) အဝတ်သန့်သန့်ဖြင့်ဒဏ်ရာကို ဖိ၍စည်းပါ။
  • ဒဏ်ရာရ အစိတ်အပိုင်းသို့ ပို့လှှတ်သောသွေးကြောမကြီးများကို ဖိနှိပ်နိုင်သည်။ အောက်ခံအရိုးနှင့် လက်ဖဝါးကို သုံး၍ သွေးကြောမကြီး၏ သွေး အသွားအလာ နည်းအောင်၊ နှေးအောင် ဖိနှိပ် ဖြတ်တောက်နိုင်သည်။
  • မိနစ် ၂၀ လောက် ဖိထားပြီးလျှင် သွေးတိတ်/မတိတ် ကြည့်ပါ။ အခြား လက်တစ်ဖက်မှ လိုသလိုသုံးနိုင်အောင် အသင့်ပြင် ထားပါ။ ဖိထားခြင်း ကြာရှည် ဆက်တိုက် ပြုရတတ်ပါသည်။ လက်မလျှော့ပါနှင့်။

သတိ

  • တောက်လျှောက်ကြိုးစည်း၍ သွေးတိတ်စေခြင်းကြောင့် ခြေ၊ လက်များ ဖြတ်တောက်ရနိုင်သည်။ အခြားနည်းလုံးဝမရှိမှသာ သတိနှင့်သုံးနိုင်သည်။ သတ္တုကြိုးမျှင်နှင့် ဝါယာကြိုးများ လုံးဝမသုံးရ။ အသားထဲ နစ်ဝင်ပြတ်ရှနိုင်သည်။
  • ဖုန်မှုန့်သိပ်ခြင်း၊ ရေနံဆီလောင်းခြင်း၊ ထုံး၊ ကော်ဖီမှုန့်များအုံခြင်းဖြင့် သွေးတိတ်အောင် မလုပ်ရ။
  • သွေးထွက်လွန်၊ ဒဏ်ရာပြင်းလျှင် ခြေရင်းမြှင့်၊ ခေါင်းပိုင်းနှိမ့်၍ သွေးလန့်ခြင်းမှကာကွယ်နိုင်သည်။
  • မိမိ၏အရေပြားဒဏ်ရာ၊ ပြတ်ရှ၊ အနာဖြစ်လျှင် လူနာသွေးမထိစေရ။

နှာခေါင်းသွေးလျှံခြင်းကုသနည်း

၁။ ငြိမ်ငြိမ်လေး မတ်မတ်ထိုင်ပါ။

၂။ နှာရည်၊ သွေးစများ နှာခေါင်းမှ ဖြည်းဖြည်းမှုတ်ထုတ်ပါ။

၃။ လက်ချောင်းဖြင့် နှာခေါင်းကိုတင်းတင်းညှပ်၍ ၁၀မိနစ်ခန့်ကြာသည်ထိကိုင်ထားပါ။

မရလျှင်

နှာခေါင်းပေါက်ထဲဂွမ်းလုံးဆို့ပါ။ အပြင်ဘက်တွင် အစနည်းနည်းထုတ်ထားပါ။ (ရနိုင်လျှင် ဂွမ်းလုံးကို Vaseline (သို့) Lidocaine နှင့် Epinephrine ဆွတ်၍သုံးပါ။

ပြီးနောက် နှာခေါင်းကိုလက်ချောင်းနှင့် ညှပ်ပိတ်ထားပါ။ ၁၀ မိနစ်မကျော်စေရ။ ဦးခေါင်းနောက်ဖက်မစောင်းရ။

ဂွမ်းလုံးကိုသွေးတိတ်သေချာသည်ထိ နာရီအနည်းငယ်ထားနိုင်သည်။ ပြီးနောက် ဖြည်းဖြည်းချင်းဆွဲထုတ်ပါ။

အသက်ကြီးသူများတွင် သွေးယိုစီးခြင်းသည် နှာခေါင်းအနောက်ဖက်မှလာခြင်းဖြစ်၍ နှာခေါင်းကိုညှစ်ဖိခြင်းသက်သက်ဖြင့် သွေးမတိတ်ပါ။ ဤသို့ဖြစ်လျှင် လူနာပါးစပ်တွင် ပုလင်းဖော့ဆို့၊ ပြောင်းဖူးရိုး (သို့) အလားတူပစ္စည်းတစ်ခုခုကိုက်၍ မျက်နှာကိုငုံ့၍ ရှေ့အနည်းငယ် ကိုင်းကာ ငြိမ်သက်စွာထိုင်နေပါစေ။ သွေးတိတ်သည်အထိ တံတွေးမမျိုပဲနေရမည်။ ဤနည်းဖြင့် သွေးထွက်ရာ နေရာကို သွေးခဲပိတ်ဆို့ စေနိုင်သည်။

ကာကွယ်ရန်

မကြာခဏ နှာခေါင်းသွေးလျှံလျှင် နှာခေါင်းပေါက်အတွင်း Vaseline နည်းနည်းစီအစက်ချပေးပါ။ တစ်နေ့ ၂ ကြိမ် လုပ်နိုင်သည်။ (သို့) ဆားရေငွေ့ရှုပေးပါ။

လိမ္မော်သီး၊ ခရမ်းချဉ်သီးနှင့် အခြားအသီးအနှံများသည် သွေးကြောနံရံများတောင့်တင်းစေ၍ သွေးထွက်နည်းစေနိုင်သည်။

ပြတ်ရှဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာနှင့်အသေးစားဒဏ်ရာများ

အနာများ သန့်ရှင်းရေးသည် ပိုးမဝင်ရန်နှင့် အနာကျက်ရန် ထိပ်ဆုံးမှအရေးပါသည့် အချက်ဖြစ်သည်။

ကုသခြင်း

ဦးဆုံး ဆပ်ပြာနှင့်လက်ဆေးပါ။

ဒဏ်ရာသွေးထွက်/သွေးစိမ့်နေလျှင် လက်အိတ် (သို့) ပလပ်စတစ်အိတ်စွပ်၍ကိုင်တွယ်ပါ။ ဒဏ်ရာအနီး အရေပြားကို ဆပ်ပြာ၊ ရေကျက်အေးနှင့်ဆေးပါ။

ဒဏ်ရာကို သေချာဆက်ဆေးပါ။ ဒဏ်ရာတွင်းတွင် ဖုန်၊ သဲ၊ အမှိုက်များရှိပါက ဆပ်ပြာသုံးပါ။ (ဆပ်ပြာသည် အသားကို ထိခိုက် စေနိုင်၏။)

ဒဏ်ရာသန့်ရှင်းပြီးပါက အတွင်းရှိ အမှုန်အမွှား အစအနများကို သေချာဖယ်ထုတ်ပါ။ ဇာဂနာအသေး (သို့) ပတ်တီးစသန့်သန့် သုံးနိုင်သည်။

ကိရိယာများမသုံးမီသေချာပြုတ်ပါ။ ရနိုင်လျှင် ဆေးထိုးပိုက် (သို့) စုတ်ပိုက်သုံး၍ ရေးပန်း၍ထိုးဆေးပါ။ အမှုန်အမွှားများသည် ဒဏ်ရာကို ပိုးဝင်စေနိုင်သည်။

ဒဏ်ရာကိုသေချာသန့်ရှင်းပြီးလျှင် ပိုးသတ်ဆေးညှစ်ဘူး (Neosporin) ပါးပါးလိမ်းကျန်ပါ။ ပတ်တီးစ (သို့) အဝတ်သန့်သန့်အုပ်ပါ။ အနာ လဝေင်နိုင်ရန် ပါးပါးအုပ်ပါ။ လဝေင်လေထွက်ကောင်းလျှင် အနာအကျက်မြန်သည်။ ပတ်တီးစ နေ့တိုင်းလဲ၍ အနာ ကောင်း/မကောင်း စစ်ဆေးပါ။

ဒဏ်ရာညစ်ပေလျှင် (သို့) စူးဝင်ဒဏ်ရာဖြစ်လျှင် လူနာမေးခိုင်ကာကွယ်ဆေးထိုးမထားရသေးလျှင် ၂ရက်အတွင်း မေးခိုင်ကာကွယ်ဆေး ထိုးပါ။

တိရိစ္ဆာန်နှင့်လူ့မစင်များ (သို့) ဖုန်မှုန့်များ လုံးဝမထည့်ရ။ မေးခိုင်ပိုးအပါအဝင်
ကူးစက်ရောဂါဆိုးများ ဝင်စေနိုင်သည်။
အရက်၊ အရက်ပြန်၊ တင်ချာ၊ အိုင်အိုဒင်း၊ Merthiolate ဆေးများ အနာထဲ
တိုက်ရိုက်မထည့်ရ။ အသားလောင်၍ အနာကျက် နှေးတတ်သည်။

ပြတ်ရှဒဏ်ရာကြီးများဘယ်လိုကုမလဲ

လတ်တလောဖြစ်သောပြတ်ရှဒဏ်ရာများသည် သန့်ရှင်းပြီး အနာနှုတ်ခမ်းသား နှစ်ဖက်ကို ထိကပ်ပေးထားပါက အနာကျက်လွယ်သည်။

အောက်ပါအချက်များနှင့်ပြည့်စုံလျှင် ပြတ်ရှဒဏက်ရာကို ချုပ်လိုက်ပါ။

  • ပြတ်ရှဒဏက်ရာဖြစ်ချိန် ၁၂နာရီမကျော်လျှင်။
  • ဒဏ်ရာသန့်လျှင်။
  • ဖြစ်သည့်နေ့တွင်းချင်း အနာပိတ်ရန် အခြေအနေပေးလျှင်

ပြတ်ရှဒဏက်ရာကို ပြန်မချုပ်ခင် ရေကျက်အေးနှင့်ဆေးပါ။ အနာသန့်ရှင်းမှုမရှိလျှင် ဆပ်ပြာသုံးပါ။ ဆေးထိုးပိုက်နှင့်ရေစုပ်၍ အနာတွင်းသို့ ပန်း၍ ဆေးပါ။ အထဲတွင် အမှုန်အမွှားမကျန်အောင် သေချာဆေးပါ။ ဆေးထားသည့် ဆပ်ပြာလည်း မကျန်စေရ။

ပြတ်ရှဒဏက်ရာကို နည်း ၂ နည်းနှင့် ပြန်ချုပ်နိုင်သည်။

ကပ်ခွာတိပ်ကိုသုံး၍ လိပ်ပြာပုံနှောင်ဖွဲ့ခြင်း။

1023

အပ်နှင့်အပ်ချည်ကိုသုံး၍ချုပ်ခြင်း။

ပြတ်ရှ ဒဏ်ရာ နှုတ်ခမ်းသား နှစ်ဖက်ထိကပ်နေပါက ချုပ်ရန်မလို။

အနာချုပ်ရန်

  • အပ်နှင့်အပ်ချည် (နိုင်လွန် (သို့) ပိုးချည်အကောင်းဆုံး) ကို ရေဆူဆူတွင် မိနစ်၂၀ကြာအောင်ပြုတ်ပါ။
  • အနာကို ရေကျက်အေးနှင့်ဆေးပါ။
  • ဆပ်ပြာနှင့်ရေကျက်အေးသုံး၍ လက်ကိုသေချာဆေးပါ။
  • ပုံပါအတိုင်းချုပ်ပါ။
1024

အနာ၏အလယ်မှအရင်ဆုံးချုပ်ပါ။

အရေပြားမာလျှင်ပေါင်း(ပြုတ်)ထားသော ပလာယာ(သို့) ခွဲခန်းသုံးကိရိယာသုံးပါ။

အနာဝသေချာစေ့အောင် ချုပ်မိပါစေ။

ချုပ်ရိုးဖြည်ရန် ၅ရက် မှ ၁၄ရက်ထိကြာနိုင်သည်။ (မျက်နှာ ၅ရက်၊ ခြေ/လက် ၁၄ရက်) ချုပ်ရိုးကြိုးထုံး၏တစ်ဖက်မှ အပ်ချည်ကိုဖြတ်၍ ကြိုးထုံးကို ဆွဲလိုက်လျှင် ချုပ်ရိုးဖြည်ပြီး ဖြစ်မည်။

သတိပြုရန်။  ။သန့်ရှင်းသော၊ ၁၂နာရီမကျော်လွန်သောပြတ်ရှဒဏ်ရာကိုသာချုပ်ပါ။ ကြာပြီးသော၊ မသန့်သော၊ ပိုးဝင်သော ဒဏ်ရာများကို ဖွင့်လျှက် ထားပါ။ တိရိစ္ဆာန် အကိုက်ခံရသောဒဏ်ရာ (လူ၊ ခွေး၊ ဝက် စသည်) ကို မပိတ်မချုပ်ရ။ ဆိုးဆိုးဝါးဝါး ပိုးဝင်နိုင်သည်။

ပိတ်ချုပ်ထားသော ဒဏ်ရာ ပိုးဝင်သည့် လက္ခဏာပြလျှင်
ချက်ချင်းဖြည်ပါ။ အနာဖွင့်ထားပါ။

ပတ်တီးများ

အနာသန့်ရှင်းနေစေရန် သုံးသည်။ ပတ်တီး (သို့) အနာအုပ်ရန်သုံးသော အဝတ်စများ သန့်ရှင်းနေရန် အရေးကြီးသည်။ ပတ်တီးအဖြစ်သုံးမည့် အဝတ်ကို လျှော်ဖွပ်၊ အခြောက်လှန်း၊ မီးပူတိုက် (သို့) နေလှမ်း၍သန့်ရှင်း၊ ဖုန်မှုန့်ကင်းရန်စီမံရမည်။

အနာကိုဦးဆုံးသန့်ရှင်းပါ။ ရနိုင်လျှင်သန့်ရှင်းသောအဝတ်စ( Gauze) နှင့်အုပ်၍ ပတ်တီးစည်းပါ။ အနာအုပ်သည့်အဝတ်စ (ပတ်တီးစများ) ဆေးဆိုင်တွင် အသင့်ဝယ်ယူနိုင်ပါသည်။ မရပါက ကိုယ်တိုင်ဖန်တီးနိုင်ပါသည်။

ပတ်တီး (သို့) အဝတ်စသန့်သန့်ကို စက်ကူထူထူနှင့်ထုပ်ပိုး၍ တိတ်နှင့်ပတ်ပါ။မီးဖိုတွင်မိနစ် ၂၀ ကြာအောင်မီးဖုတ်ပါ။ အဝတ်စထုပ် အောက်တွင် ရေအနည်းငယ် ထည့်ထားသော ဒယ်အိုးငယ်ခံ၍ မီးဖုတ်လျင် ပြာကျမသွားအောင် ကာကွယ်နိုင်ပါသည်။

အနာကို ဖုံးအုပ်စည်းနှောင်ပြီး ပတ်တီးညစ်ပေလျှင်၊ စိုထိုင်းလျှင် အသစ်လဲပေးပါ။ နေ့စဉ်လဲပေးနိုင်ပါသည်။

စည်းမည့်ပတ်တီး ညစ်ပေ၊ စိုစွတ်နေလျှင်
ပတ်တီးမစည်းပဲထားတာ ပိုကောင်းပါသည်။

ပတ်တီးစည်းနည်း

1025

သတိ။  ။ လက်၊ ခြေပတ်လည်စည်းနှောင်လျှင် သွေးအသွားအလာ ရပ်သွားနိုင်သည့်အတွက် တင်းကြပ်စွာမစည်းရ။ ပြတ်ရှ၊ ကုတ်ခြစ်၊ ပွန်းပဲ့ ဒဏ်ရာသေးများတွင် ပတ်တီးမလိုပါ။ ဆပ်ပြာနှင့်သေချာဆေး၍ လေသလပ်ခံထားပါ။ ဒဏ်ရာသန့်ရှင်းရန် အရေးကြီးဆုံးဖြစ်သည်။

အနာမန်းဝင်ခြင်း
ဘယ်လိုသိမလဲ၊ ဘယ်လိုကုမလဲ

ဒဏ်ရာတစ်ခုမန်းဝင် (ပိုးဝင်) လျှင်

  • နီရဲ၊ ရောင်ကိုင်း၊ ပူလောင်၍ ထိမိလျှင်နာသည်။
  • ပြည်တည်မည်။
  • အနံ့နံမည်။

ပိုးသည် အခြားအစိတ်အပိုင်းများ၊ တစ်ကိုယ်လုံးသို့ပြန့်လျှင်

  • ကိုယ်ပူမည်။
  • အနာအပေါ်ဖက်တွင် အနီရစ်ပေါ်မည်။
  • ပြန်ရည်ကြိတ်များ နာကျင်ရောင်ရမ်းမည်။ ပြန်ရည်ဂလင်း (သို့) ပြန်ရည်ကြိတ်များသည် ပိုးမွှားများကို ဖမ်းထိန်းထားနိုင်သည်။ အရေပြား အောက်တွင် ရောဂါပိုးကို ဖမ်းထိန်းထားသော အကြိတ်အဖုများအဖြစ်တွေ့နိုင်သည်။
1026

နားနောက်တွင်အကြိတ်တွေ့ပါက ဦးခေါင်းပိုင်း(သို့)ဦးခွံအရေပြား ပိုးဝင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံသန်းကိုက်ရာမှပိုးဝင်နိုင်သည်။ ဂျာမန်ဝက်သက်ရောဂါတွင်လည်း တွေ့နိုင်သည်။ နားအောက်ပိုင်း အကြိတ်သည် လည်ပင်း၊ နား၊ မျက်နှာနှင့် ဦးခေါင်းပိုင်းရောဂါပိုးဝင်ခြင်း (သို့) တီဘီရောဂါတွင်လည်း တွေ့နိုင်သည်။

မေးရိုးအောက် အကြိတ်သည် သွား၊ အာခံတွင်းနှင့်လည်ချောင်းပိုးဝင်ခြင်းကို ညွှန်ပြသည်။

ချိုင်းကြား အကြိတ်သည် လက်တစ်လျှောက်၊ ဦးခေါင်းနှင့်ရင်သားပိုးဝင်မှု (တစ်ခါတစ်ရံ ရင်သားကင်ဆာ)။ ပေါင်ခြံကြိတ်သည် ခြေထောက်တစ်လျှောက် လိင်အင်္ဂါနှင့်စအိုအနီးတစ်ဝိုက်ရောဂါများ။

ပိုးဝင်အနာကုသခြင်း

  • တစ်နေ့ ၄ကြိမ်၊ တစ်ကြိမ်လျှင် မိနစ် ၂၀ကြာအောင်ကြပ်ပူထိုးပါ။ (သို့)ရေနွေးနွေးတွင် ပိုးဝင်နာရှိသည့် လက်၊ ခြေ စိမ်ပေးပါ။
  • နှလုံးနှင့်တပြေးညီအမြင့်ထက်ပို၍ ဒဏ်ရာရအစိတ်အပိုင်းကိုမြှင့်ထားပါ။
  • အနာပိုးဝင်မှုဆိုးဝါးလျှင် (သို့) မေးခိုင်ကာကွယ်ဆေးမထိုးရသေးလျှင် Penicillin ထိုးဆေးနှင့် Metronidazole ပေးနိုင်သည်။
  • သတိ။  ။အနာ အနံ့အသက်ဆိုးလျှင် ညိုမည်း၍ အရည်စိမ့်ထွက်နေလျှင် (သို့) အနာဘေး အရေပြားမည်း၍ လေပူဖောင်း (သို့) အရည်ကြည်ဖုများ ဖြစ်နေလျှင် အနာပုပ်ရောဂါရနေနိုင်သည်။ ပိုမိုတတ်ကျွမ်းသူထံမှ အကူအညီယူပါ။ ဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာပါ။

ဆိုးဆိုးဝါးဝါးပိုးဝင်ဒုက္ခပေးနိုင်သောဒဏ်ရာများ

  • သွေးများစွာမထွက်သော်လည်း နက်သောစူးဝင်ဒဏ်ရာများ။
  • တိရိစ္ဆာန်များရှိနေသည့်နေရာတွင်ရသောဒဏ်ရာများ နွားခြံ၊ ဝက်ခြံစသည်…။
  • အတွင်းကြေ၊ သွေးခြေဥဒဏ်ရာကြီးများ။
  • အကိုက်ခံရ၍ရသောဒဏ်ရာများ (လူ၊ ခွေး၊ ဝက်)။
  • ကျည်ဆန်သင့်ဒဏ်ရာများ။

ဒုက္ခပေးနိုင်ချေမြင့်သောဒဏ်ရာများအတွက် အထူးသတိပြုဆောင်ရွက်ရန်များ

  1. ဆပ်ပြာနှင့်ဆေးပါ။ အမှုန်အမွှား၊ သွေးခဲ၊ စုတ်ပြတ်သောအသားစများ သေချာဖယ်ထုတ်ပါ။ ဆေးထိုးပိုက်နှင့်ရေပန်းနှင့်ထိုးဆေးပါ။
  2. ဒဏ်ရာနက်လျှင်(သို့)ကိုက်ခံရသောဒဏ်ရာဖြစ်လျှင် Penicillin ၊ Doxycycline၊ Cotrimoxazole တစ်ခုခုနှင့် Metronidazole တွဲ၍ပေးပါ။
  3. ဤဒဏ်ရာမျိုးကို လုံးဝအလုံမပိတ်ရ။ (ချုပ်ခြင်း၊ လိပ်ပြာပုံ၊ ပလာစတာကပ်ခြင်း မလုပ်ရ။) ဒဏ်ရာကိုဖွင့်ထားပါ။ ဒဏ်ရာအလွန်မကြီးလျှင် နောက်ပိုင်းတွင် ကျွမ်းကျင်သောဆေးပညာရှင်(သို့)ဆရာဝန်အဆုံးအဖြတ်ဖြင့် ပိတ်အောင်လုပ်နိုင်သည်။

မေးခိုင်ပိုးဝင်နိုင်သည့် အန္တရာယ်ကြီးရှိသည်။ ကာကွယ်ဆေးမထိုးရသေးလျှင်ထိုးပါ။ သို့မဟုတ် ATS ထိုးနိုင်သည်။ မြင်း၏ သွေးရည်ကြည်မှ ထုတ်သော ဆေးဖြစ်လျှင် ကြိုတင်ကာကွယ်မှုသတိပြုပါ။ (သက်ဆိုင်ရာအခန်းတွင် ကြည့်ပါ။)

အကိုက်ခံရသောဒဏ်ရာဖြစ်လျှင် ခွေးရူးပြန်ကာကွယ်ဆေးထိုးသင့်ကထိုးပါ။

ကျည်သင့်ဒဏ်ရာ၊ ဓါးဒဏ်ရာနှင့်အခြားဒဏ်ရာကြီးများ

နက်သောဒဏ်ရာတိုင်းတွင် ပိုးဝင်နိုင်သည့်အန္တရာယ်ရှိသည်။ ပိုးသတ်ဆေး (Cloxacillin (သို့) Clindamycin) ပေးသင့်သည်။ မေးခိုင်ကာကွယ်ဆေး မထိုးရသေးလျှင် ထိုးသင့်သည်။

လက်နှင့်ခြေတို့တွင် ကျည်သင့်ဒဏ်ရာရခြင်း

  1. သွေးထွက်များလျှင် သွေးတိတ်စေသောနည်းများသုံးပါ။
  2. သွေးသိပ်မထွက်လျှင် ခဏလောက်ဒီအတိုင်းထားပါ။ အထဲမှအမှုန်အမွှားများ သွေးနှင့်အတူရောပါလာ၍ သန့်ရှင်းစေသည်။
  3. ဒဏ်ရာကိုရေကျက်အေးနှင့်ဆေးပါ။ ကျည်သင့်ရာကိုအပေါ်ယံသာဆေးပါ။ အထဲဘာမှမဝင်လျှင် ပိုကောင်းသည်။ သန့်စင်ပြီးအဝတ်(ပတ်တီး) သန့်သန့်ဖြင့်စည်းနှောင်ပါ။
  4. ပိုးသတ်ဆေးပေးပါ။
1030

ဒဏ်ရာပြင်းလျှင်

ထိခိုက်သည့်အပိုင်းကို နှလုံးပြင်ညီအမြင့်ထက်ပို၍ မြှင့်ထားပါ။

1031

ရင်ဘတ်တွင်ရသောဒဏ်ရာနက်နက်များ

အန္တရာယ်ကြီးသည်။ အရေးပေါ်အကူအညီချက်ချင်းရှာပါ။

  • ဒဏ်ရာအဆုတ်ထိရောက်လျှင် လူနာအသက်ရှုသည့်အခါပြင်ပလေများစုပ်သွင်းသလိုဖြစ်နေမည်။ ဒဏ်ရာကိုဆီစိမ် (Vaseline) သို့ ဟင်းသီးဟင်းရွက်ဆီ) ပတ်တီးထူထူဖြင့်ပိတ်၍ ပတ်တီးသန့်သန့်ဖြင့်သိုင်းပတ်စည်းနှောင်ပါ။ (ပတ်တီးတင်းလွန်းလျှင် အသက်ရှုရခက်မည်။ ဖြေလျော့ပါ။)
  • လူနာကို သက်တောင့်သက်သာအရှိဆုံးအနေအထားအတိုင်းထားပါ။
  • သွေးလန့်သည့်လက္ခဏာရှိလျှင်ကုပါ။
  • ပိုးသတ်ဆေးနှင့်အနာအကျင်သက်သာမည့်ဆေးများပေးပါ။

ဦးခေါင်းကျည်သင့်ဒဏ်ရာ

  • မှီလျှက် အနေအထားအတိုင်းထားပါ။
  • ပတ်တီးသန့်သန့်ဖြင့်ဒဏ်ရာကိုဖုံးအုပ်ပါ။
  • ပိုးသတ်ဆေးပေးပါ။ (Penicillin)
  • ဆေးဘက်ဆိုင်ရာအကူအညီရှာပါ။

ဝမ်းဗိုက်တွင်ရသောဒဏ်ရာနက်နက်များ

အရေးကြီးသည်။ အကူအညီချက်ချင်းရှာပါ။ တစ်ချိန်တည်းတွင် ဒဏ်ရာကိုအဝတ်/ပတ်တီးသန့်သန့်ဖြင့်ဖုံးအုပ်ထားပါ။

အူ၊ ကလီစာတစ်ချို့အပြင်ထွက်နေလျှင် ဆားရေကျက်အေးဆွတ်ထားသော အဝတ်သန့်ဖြင့်ဖုံးအုပ်ပါ။ ပြန်ထည့်ဖို့မကြိုးစားရ။ အဝတ်ကိုစို နေအောင်ပြုပါ။

လူနာသွေးလန့်လျှင် ခြေရင်းပိုင်းမြှင့်၍ ခေါင်းပိုင်းနှိမ့်ထားပါ။

ပါးစပ်မှလုံးဝမတိုက်/မကျွေးရ။ ကျန်းမာရေးစင်တာ (ဆေးရုံ) အရောက်ပို့ရာတွင် ၂ ရက်ထက်ပိုကြာနေလျှင် ရေနည်းနည်းချင်းစုပ်၍သောက်ပါစေ။

လူနာသတိရ၍ ရေအလွန်ငတ်နေလျှင် အဝတ်ရေဆွတ်၍ အစက်ချတိုက်ပါ။

လုံးဝဝမ်းမချူရ။ ဒဏ်ရာကြောင့် အူလှုပ်ရှားမှုရပ်တန့်ဖောင်းကားနေတတ်သည်။ ဝမ်းချူခြင်း၊ ဝမ်းပျော့ဆေးကြောင့် သေစေနိုင်သည်။

ပိုးသတ်ဆေးထိုးပါ။ (ဆိုင်ရာအခန်းကြည့်ပါ)

ကျန်းမာရေးဝန်ထမ်းလာသည်ထိမစောင့်ရ။

နီးရာဆေးရုံ၊ ကျန်းမာရေးစင်တာသို့အမြန်ဆုံးပို့ပါ။

ခွဲစိတ်ကုသမှုလိုအပ်နိုင်သည်။


အူကိုထိသော ဒဏ်ရာအတွက် ဆေးဝါးကုသချက်
(အူအတက်ရောင်၊ ဝမ်းဗိုက်အမြှေးရောင်)

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအကူအညီရသည်ထိဆောင်ရွက်ရန်။

  • Ampicillin ထိုးပါ။ ၁ဂရမ် (၂၅၀ မီလီဂရမ် ၄လုံး) ကို ၆နာရီခြားတစ်ခါ။
  • Metronidazole ၁ဂရမ် ၁၂နာရီခြားတစ်ခါ။
  • ရနိုင်လျှင် Ciprofloxacin (၅၀၀ မီလီဂရမ်) ၁၂နာရီခြားတစ်ခါ။

Ampicillin မရှိပါက

  • Penicillin ထိုးပါ။Crystalline/Pen ၅သန်းအားချက်ချင်းထိုးပါ။ နောက် ၄နာရီခြားတစ်ခါ ၁သန်းအားထိုးပါ။
  • Metronidazole တွဲပေးပါ။ ဖြစ်နိုင်လျှင် Ciprofloxacin ပေးပါ။
  • (သို့)

  • Ceftriaxone ၁ဂရမ် တစ်နေ့တစ်ကြိမ်ပေးပါ။ Metronidazole နှင့် Ciprofloxacin ပေးပါ။
  • ထိုးဆေးများမရှိက Ampicillin (သို့) Penicillin ပေးပါ။ Metronidazole နှင့် Ciprofloxacin ပါတွဲ၍ ရေနည်းနည်းနှင့်ဆေးတိုက်ပါ။

အူနှင့်အစာလမ်းကြောင်းအရေးပေါ်ပြဿနာများ
(ပြင်းပြင်းထန်ထန်ဖြစ်သောဗိုက်နာရောဂါ)

ရုတ်တရက် ပြင်းပြင်းထန်ထန်ဖြစ်၍ ချက်ချင်းခွဲစိတ်ကုသမှုမပြုလျှင် သေစေနိုင်သည်။ အူအတက်ရောင်၊ ဝမ်းဗိုက်အမြှေးရောင်ခြင်း နှင့် အူလမ်းကြောင်းပိတ်ခြင်းများ၊ အမျိုးသမီးမီးယပ်ရောဂါအချို့ (အဖြူ/ အနီဆင်းခြင်း၊ နေရာ လွဲသန္ဓေတည်ခြင်း) စသည်တို့ကြောင့်ဖြစ်နိုင်သည်။ အကြောင်းရင်း သေချာရှာရန်ခက်သည်။ ခွဲစိတ်ကြည့်မှသိရသည်လည်းရှိသည်။

ဝမ်းဗိုက် အပြင်းအထန်နာကျင်စဉ်အန်ခြင်း ။သို့သော် ဝမ်းမလျောလျှင် ရုတ်တရက်ပြင်းထန်ဗိုက်နာရောဂါဟု ယူဆနိုင်သည်။

ရုတ်တရက် ပြင်းထန်ဗိုက်နာရောဂါ

ဆေးရုံပို့ ခွဲရန်လိုနိုင်။

  • ဆက်တိုက်ပြင်းပြင်းထန်ထန်နာကျင် ပိုဆိုး။
  • ဝမ်းချုပ်၊ လေချုပ်၊ အော့အန်။
  • ဝမ်းဗိုက်ရောင်ရမ်း၊ မာတောင့်၊ အထိမခံ။
  • အပြင်းအထန်ခံစားရ။

သိပ်မပြင်းထန်

အိမ်တွင်ပင်/ဆေးရုံတွင်ခွဲရန်မလိုပဲပျောက်အောင်ကုသနိုင်။

  • တစ်ဖြည်းဖြည်း အနာပေါ်လိုက်၊ ပျောက်လိုက် (ကြွက်တက်သလို)။
  • ဝမ်းအသင့်အတင့်မှဝမ်းလျော။
  • ပိုးဝင်လက္ခဏာရှိ။ အအေးမိ၊ လည်ချောင်းနာ။
  • အရင်ကဖြစ်ဘူး။
  • ဝေဒနာသိပ်မဆိုး။



ရုတ်တရက်ပြင်းထန်ဗိုက်နာရောဂါဖြစ်လျှင် ဆေးရုံသို့ချက်ချင်းအမြန်ဆုံးပို့ပါ။

အူလမ်းကြောင်းပိတ်ဆို့ခြင်း။

အူလမ်းကြောင်းတစ်နေရာရာတွင် တစ်ခုခုတစ်ဆို့နေလျှင်လည်း ရုတ်တရက်ပြင်းထန်ဗိုက်နာမှုဖြစ်တတ်သည်။ အစာနှင့် အစာဟောင်းများ သွားရာ လမ်းပိတ်ဆို့နေတတ်သည်။ အဖြစ်များသောအကြောင်းရင်းများမှာ

  • သံကောင်အထွေးလိုက်ပိတ်ခြင်း။
  • အူကျ၍ပိတ်ဆို့ခြင်း။
  • အူကျွံခြင်း။

ရုတ်တရက်ပြင်းထန်ဗိုက်နာရောဂါတိုင်းလိုလိုတွင် အူလမ်းကြောင်းပိတ်ဆို့မှုလက္ခဏာများတွေ့ရနိုင်သည်။ နာကျင်မှုကြောင့် အူအလှုပ်အရှားနည်းသွား၊ ရပ်သွားစေ၍ဖြစ်သည်။

အူလမ်းကြောင်းပိတ်ဆို့ခြင်းလက္ခဏာများ

1040

အထက်ပါလူနာကို ဆေးရုံမြန်မြန်ပို့၊ အရေးပေါ်ခွဲစိတ်ဖို့လိုနေပြီ။

အူအတက်ရောင်ခြင်း၊ ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း Appendicitis, Peritonitis

အတော်များများတွင် ခွဲစိတ်မှုလိုအပ်သည်။ တစ်ချို့ဆေးထိုးဆေးစားအရင်လုပ်ကြည့်ရမည်။

အူအတက်သည် လက်ချောင်းပုံရှိ အိတ်ငယ်ဖြစ်၍ ဝမ်းဗိုက်ညာဖက်အောက်ထောင့်တွင် အူမကြီးနှင့်ဆက်နေသည်။ ၎င်းအူအတက်တွင်း ပိုးဝင်လျှင် အူအတက်ရောင် appendicitis ဖြစ်မည်။ အူအတက်ရောင်၍ ပေါက်တတ်သည်။ ပေါက်သွားပါက ဝမ်းဗိုက်အမြှေးရောင်ခြင်း peritonitis ဖြစ်စေသည်။

ဝမ်းဗိုက်အမြှေးရောင်ခြင်း peritonitis သည် ရုတ်တရက်ပြင်းထန်သောရောဂါဖြစ်သည်။ ဝမ်းခေါင်းကိုကာရံထားသော အမြှေးနှင့် အူလမ်းကြောင်းကိုအပြင်မှ ကာရံထားသော အမြှေးများ ဖြစ်သည်။ အူအတက်ပေါက်ပြဲ (သို့) အခြားအူလမ်းကြောင်း ရောင်ရမ်း စုတ်ပြဲရာမှ ဝမ်းခေါင်းအတွင်းသို့ ပိုးများရောက်ကာ ရောင်ရမ်းခြင်း ဖြစ်သည်။

အူအတက်ရောင်ခြင်းလက္ခဏာများ

  • ဗိုက်နာခြင်း (ပုံမှန်မှတိုး၍ ဆိုးသထက်ဆိုးလာ)။
  • ချက်နားတစ်ဝိုက်မှစ၍နာ၊ ဝမ်းဗိုက်ညာခြမ်းအောက်နားဆီသို့ရွေ့။
  • အစာမစားနိုင်၊ အန်၊ ဝမ်းချုပ်၊ နည်းနည်းဖျား။

ဝမ်းဗိုက်အမြှေးရောင်ခြင်းအား စမ်းသပ်နည်း

  • ချောင်းဟန့်/ဆိုးလျှင်ထိုး၍နာ။
  • ဝဲဘက်ဘေးတွင် ဖြည်းဖြည်းချင်းဖိ၍စမ်းပါ။ နည်းနည်းနာလျှင် လက်ကိုဆတ်ကနဲ ရုတ်လိုက်ပါက ရုတ်တရက်ထိုး၍ပိုနာ။ အူအတက်ဝမ်းဗိုက် အမြှေးရောင်ခြင်းကြောင့် (rebound pain ဟုခေါ် ဝမ်းဗိုက်အမြှေးများ ရုတ်တရက်ပုံမှန် အနေအထားသို့ ပြန်ရောက်၍နာသောအနာ)။
  • ဝဲဘက်တွင်စမ်း၍ ဤလိုနာကျင်မှုမျိုးမတွေ့လျှင် ယာဘက်ဘေးတွင်စမ်းပါ။

အထက်ပါရောဂါ ၂ ခု အနက် တစ်ခုခုဖြစ်သည်ဟုထင်လျှင်

  • အမြန်ဆုံးကုသနိုင်မည့်နေရာပို့ပါ။ ခွဲစိတ်မှုလိုလျှင် လုပ်နိုင်မည့်နေရာသို့ ပို့ပါ။
  • ပါးစပ်မှ မတိုက်/မကျွေးရ။ ဝမ်းမချူရ။ ရေဓါတ်အလွန်ခမ်းခြောက်ပုံ ပေါ်မှသာလျှင် ဓာတ်ဆားရည် အစက်ချတိုက်ပါ။ သကြား၊ ဆားအနည်းငယ်ထည့်နိုင်သည်။ ထို့ထက်ဘာမှပိုမလုပ်ရ။
  • မှီလျှက်အနေအထားဖြင့် သက်တောင့်သက်သာရှိပါစေ။

သတိပြုရန်။ ။ ဝမ်းဗိုက်အမြှေးရောင်ခြင်း ပိုဆိုးလာလျှင် ဗိုက်တစ်ပြင်လုံး ဘုတ်ပြားကဲ့သို့ တောင့်တင်းပြီး လုံးဝအထိမခံနိုင်ပါ။ အသက်ဘေးကြုံနိုင်သည်။ ဆေးရုံ ချက်ချင်းပို့ပါ။ လမ်းတွင် ဆေးဝါးကုသချက်များ လိုသလိုပေးပါ။

မီးလောင်ဒဏ်ရာ

ကာကွယ်ခြင်း

အများစုမှာကာကွယ်နိုင်ပါသည်။ အထူးသဖြင့်ကလေးများကိုဂရုစိုက်ရမည်။

  • ကလေးငယ်များကိုမီးဖိုအနီးတွင်မထားရ။
  • မီးခြစ်၊ မီးခတ်များကလေးမှီရာနေရာတွင်မထားရ။
  • ဖိုပေါ်ရှိ ဒယ်အိုးလက်ကိုင်ကို ကလေးမမှီသည့်ဘက်လှည့်ထားပါ။
  • ဓါတုပစ္စည်းများကို သေချာအလုံပိတ်၍ ကလေးများမရောက်၊ မမှီသည့်နေရာတွင်ထားပါ။

မီးလောင်ဖုမပေါ်သော မီးလောင်ဒဏ်ရာ (အဆင့် ၁)
First Degree Burns

အနာသက်သာ၍ ဒဏ်ရာသေးအောင်ပြုလုပ်ပါ။ ဒဏ်ရာကိုရေအေးအေးတွင်ချက်ချင်းစိမ်ပါ။ အခြားကုသမှုမလို။ Aspirin (သို့) Paracetamol ပေး၍ အနာသက်သာစေနိုင်သည်။ ကလေးကို Aspirin မပေးရ။

မီးလောင်ဖုပေါ်သောဒဏ်ရာ၊ ဓါတုပစ္စည်းလောင်ခြင်း၊ လျှပ်စစ်အပူလောင်ခြင်း (အဆင့် ၂)
Second Degree Burns

မီးလောင်ဖုမဖောက်ရ။ ရေခဲမကပ်ရ။ မတော်တဆအဖုပေါက်ပြဲလျှင် ဆပ်ပြာနှင့်ရေကျက်အေးသုံး၍ဆေးပါ။ ရေဖြင့်မိနစ် ၃၀ခန့် ပက်ဆေးပါ။ ပိုးသန့်အဝတ်စကိုခပ်လျော့လျော့အုပ်ပါ။ ဆီ၊ ချောဆီ၊ ထောပတ် မလိမ်းရ။

ပျားရည် (သို့) ရှားစောင်းလက်ပတ်အတွင်းသားပါးပါးအုပ်ပေးခြင်းဖြင့် ပိုးမဝင်ပဲအနာကျက်မြန်စေသည်။ တစ်နေ့ ၂ကြိမ်အဟောင်း ဖယ်၍ အသစ်လုပ်ပေးနိုင်သည်။

မီးလောင်နာကိုသန့်နိုင်သမျှသန့်အောင်ထားရန်အရေးကြီးသည်။ ဖုန်၊ သဲ၊ အမှုန်၊ ယင်ကောင်များမအုံစေရန်ကာကွယ်ပါ။

ပိုးဝင်သည့်အရိပ်အယောင် (ပြည်တည်၊ အနံ့ဆိုး၊ ဖျားနာ၊ ပြန်ရည်ကျိတ်ရောင်) တွေ့လျှင် ဆားရေနွေးကြပ်ထုပ် တစ်နေ့ ၃ကြိမ် ထိုးပါ။ (ရေ ၁လီတာ၊ ဆားဇွန်းသေး (လဖ႓က်စားဇွန်း) ၁ဇွန်း)။

မသုံးမီ ရေနှင့်အဝတ်ကိုကောင်းစွာပြုတ်ပါ။ အသားစဆွေးများ၊ အရေခွံများကိုသတိကြီးစွာဖယ်ရှားပါ။ ဆေးလိမ်းပါ။ (Neosporin) ဒဏ်ရာဆိုးလျှင် ပိုးသတ်ဆေး (dicloxacillin ၊ Clindamycin (သို့) Ciprofloxacin) ပေးနိုင်သည်။

မီးလောင်ဒဏ်ရာကြီးများ (အဆင့် ၃)
Third Degree Burns

အရေပြားလုံးဝလောင်ကျွမ်း၍ အသားပြင်ပေါ်သည့်ဒဏ်ရာကြီးများဖြစ်သည်။ ဓါတုပစ္စည်းလောင်ကျွမ်းမှုကြောင့်ဖြစ်လျှင် ချက်ချင်းမမြင်ရပေ။ လောင်ကျွမ်းခံရသည့် ဧရိယာကျယ်သလောက် ဒုက္ခပေးနိုင်သည်။ ချက်ချင်းဆေးရုံပို့ပါ။ ရေကျက်အေးဆွတ်ထားသောအဝတ် သန့်သန့်ဖြင့် ဒဏ်ရာကို ဖုံးအုပ်သွားပါ။

ဆေးရုံချက်ချင်းမပို့နိုင်သေးလျှင် ဖော်ပြပြီးကုထုံးများအတိုင်းကုသထားပါ။ Vaseline မရှိလျှင် အနာကိုအမှုန်အမွှားနှင့် ပိုးကောင်များမှ ကာကွယ်ရန် အဝတ်သန့်သန့်ပါးပါးအုပ်ထားပါ။ အဝတ်ပေကျန်လာလျှင် အသစ်လဲပါ။ ပိုးသတ်ဆေးပေးပါ။

ချောဆီ၊ အဆီ၊ အရေခွံ (မြွေပွေးအရေခွံစသည်) ကော်ဖီမှုန့်၊ သစ်ရွက်၊ သစ်ဖု၊ မြင်းချေး၊ နွားချေး စသည်များအနာပေါ်မအုံရ။

ဆိုးဝါးသောမီးလောင်ဒဏ်ရာတွင် အထူးတင်ကြိုသတိထားဆောင်ရွက်ရန်

သွေးလန့်လွယ်သည်။ နာကျင်မှု၊ ကြောက်ရွံ့မှု၊ မီးလောင်ဒဏ်ရာမှစိမ့်ထွက်သဖြင့် ကိုယ်တွင်းရည်ဆုံးရှုံးမှုတို့ စုပေါင်းဒုက္ခပေးသောကြောင့် ဖြစ်သည်။

သက်တောင့်သက်သာထား၍ အားပေးပါ။ အကိုက်အခဲပျောက်ရန် Aspirin (သို့) Paracetamol (သို့) Codeine ရှိလျှင်ပေးပါ။ဆားအနည်းငယ်ပါသော ရေကျက်အေးနှင့်ဖန်ဆေးလျှင် အနာသက်သာစေနိုင်သည်။ (၁လီတာ ဆားလက်ဘက်ရည်ဇွန်း တစ် ဇွန်းနှုန်း) ရေများများတိုက်ပါ။ အနာ ဧရိယာကြီးလျှင် (လူနာလက်ဝါး၏ ၂ဆထက်ပိုကြီးလျှင်) ဆားဖျော်ရည်တိုက်ပါ။

1046

သောက်နိုင်သလောက်တိုက်ပါ။ မကြာမကြာဆီးသွားသည်ထိတိုက်ပါ။ ဒဏ်ရာလိုက်၍ တစ်နေ့ ၄ လီတာမှ ၁၂ လီတာ အထိ တိုက်နိုင်သည်။

ဆိုးဆိုးဝါးဝါးမီးလောင်လျှင် အသားဓါတ်များများကျွေးရန်အရေးကြီးသည်။ အစားရှောင်စရာ မလို။

အရိုးအဆစ်များအနီး မီးလောင်ဒဏ်ရာရလျှင်

လက်ချောင်း၊ ခြေချောင်းများကြား၊ ချိုင်းကြားနှင့်အခြားအရိုးအဆစ်များအနီးဒဏ်ရာရလျှင် ဒဏ်ရာရမျက်နှာပြင်များ ထိကပ် မနေစေရန် Vaseline သုတ်လိမ်း၍ပတ်တီးစခံထားပါ။

ခြေချောင်း၊ လက်ချောင်းများ၊ လက်မောင်းတို့ကို ရက်အတန်ကြာအောင်ဆန့်တန်းထားပါ။ ဤသို့ပြုခြင်းကြောင့် နာကျင် စေသော်လည်း အနာကျက်၍ အမာရွတ်ကြောင့်တုန့်ဆွဲခြင်းကိုသက်သာစေသည်။

အနာကျက်စပြုလျှင် လက်ချောင်းများအနည်းငယ်ကွေးထားပါ။

အရိုးကျိုးခြင်း

အရိုးကျိုးလျှင် အရေးအကြီးဆုံးမှာ ကျိုးသွားသည့် အရိုးကိုမလှုပ်အောင် စည်းနှောင်ထားခြင်းဖြင့် မလှုပ်၊ မရွေ့အောင် ထားရမည်။ သို့မှသာ ပိုမဆိုးပဲ အရိုးဆက်မြန်စေသည်။

အရိုးကျိုးသူကို နေရာရွေ့ပြောင်းသယ်ပို့ရန် ပျဉ်ပြား၊ သစ်ခေါက်၊ ကတ်ထူပြား တစ်ခုခုသုံး၍ ကြပ်စည်းပါ။ အရိုးလှုပ်ရှားမှုနည်းစေ၍ နာကျင်မှုသက်သာစေမည်။

ဆေးရုံများတွင် ကျောက်ပတ်တီးစည်းခြင်း၊ တိုင်းရင်းဆေးတွင် ကြပ်စည်းခြင်းများဖြင့် အရိုးဆက်စေနိုင်သည်။

လွဲနေသောအရိုးပိုင်းများတည့်စေခြင်း၊ ကျိုးနေသောအရိုးပိုင်း ၂ ဖက်သည် အနည်းနှင့်အများဆိုသလို အံလွဲတတ်သည်။ အရမ်းကာရောပြုပြင်လျှင် ပိုဆိုးနိုင်သည်။

လတ်တလောအရိုးကျိုး၍ လွဲနေလျှင် ကြပ်မစည်းမီပြန်တည့်ပေးရမည်။ စောစောလုပ်လျှင်လွယ်သည်။ ပြန်မတည့်မီ ကြွက်သားပျော့ပြောင်း၍ အနာသက်သာစေရန် Diazepam (သို့) Codeine ပေးနိုင်သည်။

လက်ကောက်ဝတ်ရိုးကျိုးလျှင် ဘယ်လိုပြန်တည့်မလဲ

1048

အရိုးဆက်ရန်အချိန်ဘယ်လောက်ကြာမလဲ

အသက်ကြီးလာလျှင်၊ ဒဏ်ရာပြင်းလျှင် အချိန်ကြာမည်။ ကလေးတွင်အရိုးအဆက်မြန်သည်။ လူကြီးတွင်လုံးဝမဆက်တော့သည် လည်းရှိသည်။ လက်ဖျံရိုးတွင် ၁လခန့်ကြာနိုင်သည်။ နောက်၁လခန့်အလေးအပင်မခြင်း၊ အားစိုက်မှုမပြုပဲထားရမည်။ ခြေထောက်တွင် ၂လ ကျော်ကြာနိုင်သည်။

ပေါင်ရိုး၊ တင်ပဆုံရိုးကျိုးခြင်း

1049

အထူးသတိပြုရန်များရှိသည်။ တစ်ကိုယ်လုံးကြပ်စည်း၍ သယ်ပိုးရွေ့ပြောင်းပါ။ ဆေးရုံချက်ချင်းပို့ပါ။

လည်ပင်းရိုး၊ ကျောရိုးကျိုးခြင်း

အရွေ့အပြောင်းအထူးသတိထားပါ။ အနေအထားအရမ်းမပြောင်းရ။ နားလည်တတ်ကျွမ်းသူခေါ်ပါ။ ရွေ့ပြောင်းရန်ရှိလျှင် လည်ပင်းရိုး၊ ကျောရိုး မကွေးမညွှတ်စေရ။ (သက်ဆိုင်ရာအခန်းပြန်ကြည့်ပါ။)

နံရိုးကျိုးခြင်း

အလွန်နာကျင်သည်။ အားလုံး လိုလို သူ့ဘာသာပျောက်ကင်းသည်။ ကြပ်စည်းခြင်း၊ သိုင်းခြင်းမလို။ အကောင်းဆုံးမှာ အကိုက်အခဲ ပျောက်ဆေးပေး၍ အနားယူစေရန်ဖြစ်သည်။ အဆုတ်ကောင်းစွာအလုပ်လုပ်နိုင်စေရန် ၂နာရီခြားတစ်ခါ အသက်ဝဝ ၄ခါ ၅ခါ ရှုထုတ်/သွင်းပေးရမည်။ အသက်ပုံမှန်ရှုနိုင်သည်ထိ နေ့စဉ်လုပ်ပေးပါ။ အစပိုင်းတွင်နာကျင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုလျော့နည်းပျောက်ပျက်သွားမည်။

ကျိုးသောနံရိုးသည် များသောအားဖြင့်အဆုတ်ကိုမထိခိုက် (ထိုးဖောက်)စေပါ။ နံရိုး အဆုတ်အရေပြားကိုထိုးဖောက်လျှင် (သို့) ချောင်းဆိုးသွေးပါဖြစ်လျှင်၊ အသက်ရှုရခက်ခဲလျှင် (နာကျင်မှုကြောင့်မဟုတ်ပဲ) ပိုးသတ်ဆေးပေး၍ ဆေးရုံပို့ပါ။

အရိုးကျိုး၍ အရေပြားမှ ငေါထွက်လာခြင်း (အပြင်ပွင့်၍ကျိုးခြင်း)
Open Fracture

ပိုးဝင်နိုင်သည့်အန္တရာယ်ကြီးသည်။ ဆရာဝန်၊ ဆေးပညာရှင်များကုသစေလျှင်ပိုကောင်းသည်။ လက်အိတ် (ပလပ်စတစ်အိတ်)စွပ်၍ကိုင်တွယ်ပါ။ ရေကျက်အေးနှင့်နှံ့စပ်အောင်သေချာသန့်ရှင်းပါ။ အဝတ်သန့်သန့်နှင့်အုပ်ပါ။ ငေါထွက်သောအရိုးကို သေချာမသန့်ရှင်းပဲ အရိုးကို အထဲပြန်မသွင်းရ။

ဖြစ်သောခြေ/လက်ကို ဘုတ်ပြားခံ၍ ကြပ်စည်းပါ။ အရိုးကျိုး၍ အရေပြားထိပေါက်ပြဲလျှင် ပိုးသတ်ဆေးသုံးပါ။ dicloxacillin, clindamycin, ciprofloxacin တို့ကို သုံးနိုင်သည်။

သတိ။ ။ အရိုးကျိုးသည့် ခြေ/လက်နှင့် ကျိုးကောင်းကျိုးနိုင်သည့် ခြေ/လက်ကိုမနှိပ်ရ။ မပွတ်ရ။

ဆိုးဆိုးဝါးဝါးထိခိုက်ထားသူကိုဘယ်လိုပြောင်းရွေ့သယ်ပို့မလဲ

သတိကြီးကြီးထားပါ။ မကွေး၊ မကောက်စေပဲပွေ့ပါ။ ခေါင်းနှင့်လည်ပင်းတစ်ဖြောင့်တည်းရှိပါစေ။




လူတစ်ယောက်ကထမ်းစင်ကို အသင့်ပြင်၍အလိုက်သင့်နေရာရွေ့ပေးပါ။





အားလုံးဟန်ချက်ညီညီပွေ့၍ထမ်းစင်ပေါ်တင်ပါ။





လည်ပင်းရိုးကျိုးသည်ထိဖြစ်လျှင် လည်ပင်းဘေးတစ်ဖက်တစ်ချက်ကို သဲအိတ်ထူထူခံ၍ မရွေ့၊ မစောင်း၊ မကွေးအောင်ထိန်းပြီး ရွေ့ပြောင်းပါ။


သယ်ပို့နေစဉ် ခြေရင်းပိုင်းပိုမြင့်နေအောင်ထားပါ။ တောင်တက်တောင်ဆင်းသယ်ပို့ရာတွင်ပင် ဂရုပြု၍လုပ်ဆောင်ပါ။

အဆစ်လွဲခြင်း (အဆစ်အတွင်းမှ ပြုတ်ထွက်၍အရိုးနေရာလွဲခြင်း)

အရေးကြီးသောအချက် (၃)ချက်

  • နဂိုအတိုင်းဖြစ်အောင်ပြန်ထားပါ။ (စောလေကောင်းလေ)
  • နောက်ထပ်ပြန်မလွဲအောင် တစ်လခန့်ပတ်တီးတင်းတင်းစည်းနှောင်ထားပါ။
  • ဒဏ်ရာမဖြစ်ရအောင် ၂လ ၃လခန့်အားစိုက်မလုပ်ပဲ နားနေရမည်။

ပခုံးရိုးအဆစ်ဘယ်လိုပြန်တည့်မလဲ

စားပွဲ၊ ကုတင်ပေါ်မှောက်အိပ်စေ၍ ဖြစ်သည့်ဘက်မှလက်ကိုအောက်သို့တွဲလောင်းချထားပါ။ လက်မောင်းကိုအောက်ဖက်သို့တည့်တည့်ဆွဲပါ။ ဖြည်းဖြည်းမှန်မှန်အားစိုက်ဆွဲပါ။ ၁၅မိနစ် မှ မိနစ် ၂၀ ခန့်ကြာလျှင် ဖြည်းဖြည်းလှှတ်လိုက်ပါ။ ပခုံးဆစ်ထဲသို့ ပခုံးကြွက်သားဆွဲအားဖြင့် ပြန်တည့်သွားမည်။

1055

နောက်တစ်နည်း လက်မောင်းတွင် ၅ကီလိုဂရမ် မှ ၁၀ ကီလိုဂရမ်ထိ (၅ ကီလိုဂရမ်နှင့်စ၊ ၁၁ ကီလိုဂရမ်မကျော်စေရ) အလေးတစ်ခုခုဆွဲထားပါ။ ၁၅ မိနစ် ၂၀ မိနစ်ခန့်ထားပြီးမှ ဖယ်လိုက်ပါ။

အဆစ်ပြန်တည့်ပြီးလျှင် လက်ကိုဘေးတွင်ကပ်၍ပတ်တီးနှင့်တင်းတင်းစည်းနှောင်ပါ။ တစ်ပတ်မှတစ်လထိထားပါ။ အဆစ်ခိုင်၍ မာတောင့်မသွားစေရန် တစ်နေ့ ၃ကြိမ် မိနစ်အနည်းငယ်ခန့်စီပတ်တီးဖြည်၍ လက်ကိုဘေးတွင်ကပ်ထားပါ။ ရှေ့နောက် ဘယ်ညာ အနည်းငယ်စီ ဖြည်းညင်းစွာ လှုပ်ရှားပါ။ တစ်လကျော်သည်ထိ အလေးအပင်မမစေရ။ ပခုံးကြွက်သားများအရိုးကို ပြန်ဆွဲမတင်နိုင်စွမ်း ဆုံးရှုံးနိုင်သည်။

အဆစ်ပြန်တည့်ဖို့မလွယ်လျှင် ဆေးရုံသွားပါ။ အချိန်ကြာလေ ပြန်ကောင်းရန်မလွယ်လေဖြစ်သည်။

အဆစ်လည်၍ကြွက်သားသွေးခြေဥခြင်းနှင့်စုတ်ပြဲခြင်း

လွယ်လွယ်နှင့်မသိနိုင်ပါ။ တစ်ခါတစ်ရံဓါတ်မှန်ရိုက်မှ အတိအကျသိနိုင်သည်။

မည်သို့ပင်ဖြစ်စေကုထုံးများမှာ မကွာလှပါ။ အဆစ်ကိုငြိမ်အောင်ထားရမည်။ ထူထဲခိုင်ခန့်သော အရာတစ်ခုခုနှင့် ခပ်တင်းတင်း စည်း နှောင်ရမည်။ ခြေထောက်အနားရစေရန်ချိုင်းထောက် (သို့) တုတ်ကိုသုံးပါ။ ကြွက်သားစုတ်ပြဲမှုပြင်းထန်လျှင် ၃ပတ် ၄ပတ်ထိနားရမည်။ အရိုးကျိုးခြင်းနှင့် တွဲလျှင် ပို၍ကြာနိုင်သည်။

နာကျင်ရောင်ရမ်းမှုသက်သာစေရန် ဒဏ်ရာရအစိတ်အပိုင်းကို မြှင့်ထားပေးရမည်။ ပထမ ၁ရက် ၂ရက်တွင် ရေခဲအုပ်ပေးရမည်။

ရေခဲကို အဝတ်နှင့်ထုပ်၍ တစ်နာရီခြားတစ်ခါ နာရီဝက်ခန့်ကြာသည်ထိဆက်တိုက်အုပ်ရမည်။ ၂ရက်ခန့်ကြာပြီးနောက် အရောင်ကျသွားလျှင် ရေနွေးနွေးတွင် နေ့စဉ်မကြာခဏစိမ်ပေးပါ။

1057

လွဲသောအဆစ်ပြန်တည့်အောင် လုပ်ပြီးနောက် ရလွယ်သည့်ပစ္စည်းများဖြင့် ကြပ်စည်းခြင်း(သို့)ရုံးပြန်ပတ်တီး elastic bandage သုံးနိုင်သည်။

ခြေထောက်နှင့်ခြေ မျက်စိကို စည်းနှောင်ခြင်းဖြင့် အရောင်ကျစေသည့်အပြင် ပို၍ရောင်ရမ်းမှုမှကာကွယ်နိုင်သည်။

ခြေချောင်းများဘက်မှစ၍ အပေါ်ဘက်သို့ပုံပါ အတိုင်းစည်းနှောင်ပါ။ ပတ်တီးအရမ်းမကြပ်စေရ။ တစ်နာရီတစ်ခါခန့် ခဏဖြေလျော့ပေးပါ။ အနာသက်သာဆေးများပေးပါ။

၂ရက်ကျော်သည်ထိ အနာမလျော့၊ အရောင်မကျလျှင် ဆေးရုံပို့ပါ။

သတိ။   ။မနှိပ်ရ၊ မဖိရ၊ မပွတ်ရ။ ပိုဆိုးစေသည်။

ခြေထောက်ပျော့ကျလျှက် ခြေချောင်းများမလှုပ်နိုင်လျှင် ဆေးရုံပို့ပါ။ ခွဲစိတ်မှုလိုနိုင်သည်။

အဆိပ်သင့်ခြင်း

ကလေးငယ်များတွင် အဆိပ်ရှိပစ္စည်းများစား၊ မျိုမိတတ်သည်။ သတိထားကာကွယ်နိုင်ရန်။

1059

အဖြစ်များသောသတိထားဖွယ်အဆိပ်အတောက်ပစ္စည်းများ

  • ကြွက်သတ်ဆေး။
  • DDT၊ Lindane၊ သိုး/ဆိတ်သန်းချဆေး၊ အင်းဆက်ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးအမျိုးမျိုး။
  • ဆေးဝါးများ (အများအပြားမျိုမိလျှင် အန္တရာယ်ရှိသည်။ ဥပမာ သံဓါတ်ဆေးဝါးများ)။
  • တင်ချာအိုင်အိုဒင်း။
  • အစွန်းချွတ်ဆေး။
  • စီးကရက်များ။
  • သစ်အရောင်တင်ဆီများ။
  • အဆိပ်ရှိသောသစ်ရွက်၊ သစ်စေ့၊ ဘယ်ရီသီးများ၊ မှိုများ။
  • ကြက်ဆူစေ့။
  • မီးခြစ်ဆံများ။
  • ရေနံဆီ၊ ဓါတ်ဆီ၊ သုတ်ဆေးညှိဆေးရည်၊ ရေနံ၊ အခြားဓါတုဆေးများ။
  • ကော့စတစ်ဆိုဒါ။
  • ဆားအမျိုးမျိုး (ကလေးပေါက်စနှင့်ကလေးများ များများစားမိလျှင်)။
  • ပုပ်သိုးပျက်စီးနေသောစားစရာများ။

ကုသခြင်း

အဆိပ်သင့်သည်ဟုထင်လျှင် အောက်ပါအတိုင်း ချက်ချင်း အမြန်ဆုံးဆောင်ရွက်ပါ။

  • ကလေးသတိလစ်နေလျှင်ဘေးစောင်းထားပါ။ အသက်မရှုလျှင်ပါးစပ်ချင်းတေ့မှုတ်ကုသပါ။
  • သတိကောင်းလျှင် ရေများများတိုက်ပါ။ (သို့) နွားနို့တိုက်ပါ။ ဗိုက်ထဲမှအဆိပ်အားပျော့အောင်ပြုပါ။ (၁၅မိနစ် တစ်ခွက်နှုန်းတိုက်ပါ။)
  • ရနိုင်လျှင် အဆိပ်ဖြေမီးသွေးရည်ခွက်တစ်ဝက်တိုက်ပါ။ (သို့) မီးသွေးမှုန့် တစ်ဇွန်းကို ရေနွေးနွေး ၁ဖန်ခွက်ရော၍တိုက်ပါ။
  • ကလေးသတိကောင်းလျှင်၊ အခြားပြဿနာမရှိလျှင် လည်ချောင်းတွင်းလက်ချောင်းထိုးထည့်၍သော်လည်းကောင်း၊ ဆားရေပြစ်ပြစ်တိုက်၍ သော်လည်းကောင်း အန်ထွက်အောင်လုပ်နိုင်သည်။
  • သတိ။  ။ရေနံဆီ၊ ဓါတ်ဆီ၊ ရေနံ၊ ချွတ်ဆေး စသည့်ဆီများနှင့် ပိုးသတ်ဆေးအချို့၊ အက်ဆစ်ပြင်း၊ လောင်စားတတ်သောပစ္စည်းများ အဆိပ်သင့်လျှင် (သို့) သတိလစ်နေလျှင်အန်အောင်မလုပ်ရ။

အေးစက်နေလျှင် စောင်ခြုံပေးပါ။ အလွန်အမင်းထုပ်ပိုးထားသလိုမဖြစ်စေရ။ အဆိပ်သင့်မှုပြင်းထန်လျှင် ဆေးရုံပို့ပါ။

မြွေကိုက်ခြင်း

သတိ။  ။ မြွေအမျိုးမျိုးနှင့်တည်နေရာဒေသများသိရှိအောင်လုပ်ထားပါ။

1060

1061a

1061b

သွားရာတန်း ၂ခုရှိနိုင်သည်။ အစွယ်ရာကြီးမရှိ။ အဆိပ်ရှိမြွေကိုက်ရာမဟုတ်ရန်ပိုများသည်။ (သေချာပေါက်ဟုတော့မပြောနိုင်ပေ။)

လူအများစုကအန္တရာယ်မရှိသောမြွေကိုအဆိပ်ရှိမြွေဟု အထင်မှားနိုင်သည်။ ဒေသတွင်းရှိအဆိပ်ရှိမြွေ၊ အဆိပ်မရှိမြွေတို့၏သဘာဝကို စူးစမ်းပါ။ စပါးအုံးနှင့်စပါးကြီးမြွေတို့မှာ လူများထင်သကဲ့သို့အဆိပ်မရှိပါ။ အဆိပ်မရှိသော မြွေများကိုမသတ်ရ။ လူကိုဆိုးဝါးစွာအန္တရာယ် မပေးပါ။ ကြွက်နှင့်အခြား သတ္တဝါငယ်များကိုစား၍ အကျိုးပင်ရှိစေပါသည်။

အဆိပ်ရှိမြွေကိုက်ခံရသူကိုကုသနည်း

  1. ငြိမ်သက်စွာထားပါ။ (အကိုက်ခံရသည့်အစိတ်အပိုင်းကို မလှုပ်ရှားစေရ။ လှုပ်လျှင်အဆိပ်ပျံ့လွယ်သည်။ ခြေထောက်တွင်ကိုက်ခံရလျှင် လမ်းမလျှောက်စေရ။) ဆေးရုံသို့ပို့ပါ။
  2. ရောင်၍တင်းကြပ်လာတတ်သဖြင့် လက်ဝတ်လက်စားများ ဖယ်ရှားပါ။
  3. ဒဏ်ရာရ အစိတ်အပိုင်းကို ရုန်းပြန်ပတ်တီးပြားနှင့်ပတ်စည်းပါ။ အဆိပ်ပျံ့နှံ့မှုနှေးစေသည်။ လက် (သို့) ခြေကိုမလှုပ်စေရ။ ပတ်တီးတင်းတင်း စည်းပါ။ သွေးအသွားအလာကောင်းအောင် မကြာခဏဖြေလျော့ပေးပါ။
  4. ခြေ/လက်ကို ပတ်တီးစည်း၍မြႇင်ေ့ႁမှာက်ထားပါ။ သွေးအသွားအလာ ကောင်းပါစေ။
  5. ပျဉ်ပြား (သို့) ကတ်ထူပြားထူထူခံ၍ မလှုပ်အောင်စည်းနှောင်ပါ။
  6. လူနာကိုထမ်းစင်ဖြင့်အနီးဆုံးကျန်းမာရေးဌာနသို့ ပို့ဆောင်ပါ။ ဖြစ်နိုင်လျှင် ကိုက်သောမြွေပါသယ်သွားပါ။ မြွေတစ်မျိုးချင်းစီ အတွက် ဖြေဆေးသီးခြားစီရှိသည်။ သက်ဆိုင်ရာမြွေဆိပ်ဖြေဆေးရှိပါက ဓါတ်မတည့်ခြင်းဆိုင်ရာ သတိထားစရာများသတိထား၍သုံးပါ။ မေးခိုင် ကာကွယ်ဆေးထိုးပါ။ ဖြေဆေးထိုးရန်မလိုပါက ပတ်တီးဖြေထားပါ။

ဆိုင်ရာမြွေဆိပ်ဖြေဆေးကို ကြိုဆောင်ထားပါ။
လိုအပ်ပါက ကောင်းစွာအသုံးပြုနိုင်မည်။

အဆိပ်ရှိမြွေကိုက်လျှင် အန္တရာယ်ရှိသည်။ ဤကျန်းမာရေးဌာနသို့ မပို့မီလုပ်သင့်သည်များကိုချက်ချင်းလုပ်ဆောင်ပါ။

လူအများကြား ပြောလေ့ပြောထရှိသည့် ဆေးမြီးတိုများမှာ ထင်သလောက်အသုံးမတည့်ပါ။

အချို့မျာ ပိုးဝင်စေနိုင်၍ မြွေဆိပ်ကို ပိုဆိုးစေနိုင်သည်။

ရှောင်ရန်

  • ကိုက်ရာနှင့်အနီးတစ်ဝိုက်ရှိအရေပြား/အသားကိုခွဲစိတ်ခြင်း။
  • ဒဏ်ရာ (သို့) ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ချည်နှောင်ထားခြင်း။
  • ရေခဲအုံခြင်း။
  • လျှပ်စစ်နှင့်တို့၍ရှော့တိုက်ခြင်း။
  • ဒဏ်ရာမှသွေးနှင့်မြွေဆိပ်စုပ်ထုတ်ခြင်း။

အရက်မတိုက်ရ။ ပိုဆိုးစေသည်။

တောက်တဲ့အကြီးစားကိုက်ခြင်း (ဂီလာ မကောင်းဆိုးဝါးကောင်)

အဆိပ်ရှိမြွေကိုက်သကဲ့သို့ကုသရမည်။ (မြွေဆိပ်ဖြေဆေးထိုးရန်မလိုပါ။) အဆိပ်ပြင်းသည်။ ဒဏ်ရာကိုသေချာဆေးပါ။ လှုပ်ရှားမှု မပြုရ။ အကိုက်ခံရသည့်အစိတ်အပိုင်းကို နှလုံးပြင်ညီအမြင့်ထက်နှိမ့်ထားရမည်။

ကင်းမြီးကောက်ထိုးခြင်း

အချို့မျိုးစိတ်မှာလွန်စွာ အဆိပ်ပြင်းသည်။ လူကြီးများကိုဒုက္ခပေးနိုင်စွမ်း နည်းသည်။ အကိုက်အခဲပျောက်ဆေး (Aspirin (သို့) Paracetamol) တိုက်ပါ။ ရေခဲအုံပါ။ နာကျင်မှု၊ ထုံကျင်မှုတို့မှာ လချီ၍ကြာနိုင်သည်။ကြပ်ပူထိုးပေးနိုင်သည်။

၅နှစ်အောက်ငယ်သောကလေးအတွက် ကိုယ်ခန္ဓာဦးခေါင်းပိုင်းတွင်ဖြစ်လျှင်ဒုက္ခပေးနိုင်သည်။ အချို့နိုင်ငံများတွင် သီးသန့် အဆိပ်ဖြေဆေး ရှိသည်။ ၂နာရီအတွင်းထိုးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ အကိုက်အခဲပျောက်ဆေး (Paracetamol) ပေးပါ။ ကလေးအသက်ရှုရပ်လျှင် ပါးစပ်ချင်းတေ့လေမှုတ်သွင်းကုသပါ။ မေးခိုင်ကာကွယ်ဆေးထိုးပါ။ ကလေးအလွန်ငယ်လျှင် (သို့) အရေးကြီးသည့်နေရာထိုးမိလျှင် (သို့) အဆိပ်ပြင်းသောကင်းဖြစ်လျှင် ကျန်းမာရေးဌာနသို့ အမြန်ပို့ပါ။

ပင့်ကူကိုက်ခြင်း နှင့် Black widow (အနက်ရောင်မုဆိုးမ) ဟုခေါ်သော ပင့်ကူကိုက်ခြင်း

အများစုမှာနာကျင်သော်လည်း အန္တရာယ်မရှိပါ။ အမျိုးအစားအချို့ (Black widow နှင့် နီးစပ်ရာမျိုးစိတ်)တို့တွင် လူကြီးများကိုသော်မှ ဒုက္ခပေးနိုင်သည်။ ကလေးကိုပိုဆိုးစေသည်။ Black widow ကိုက်လျှင် တစ်ကိုယ်လုံးရှိကြွက်သားများတောင့်တင်းစေသည်။ ဗိုက် အပြင်းအထန် နာကျင်၍ တောင့်တင်းလာမည်။ တစ်ခါတစ်ရံ အူအတက်ရောင်ခြင်းနှင့်မှားနိုင်သည်။

အကိုက်အခဲပျောက်ဆေး (Aspirin (သို့) Paracetamol) ပေး၍ကျန်းမာရေးဌာနသွားပါ။ စျေးကွက်တွင် ရောင်းနေသော ဆေးများမှာ ပိုက်ဆံ ကုန်ရုံသာရှိ၍ အကျိုးမရှိပါ။ ကြွက်သားတောင့်တင်းမှုကို Diazepam ဖြင့်သက်သာစေနိုင်သည်။ သွေးလန့်လျှင် လိုအပ် သလိုကုပါ။

ကလေးများတွင် Cortisone ထိုးနိုင်သည်။ မေးခိုင်ကာကွယ်ဆေးထိုးပါ။ ဆိုင်ရာအဆိပ်ဖြေဆေးရှိသော်လည်း ရနိုင်ရန်မလွယ်ပါ။