home

အခန်း ၁၁ ကျန်းမာရေးအတွက် အစာအာဟာရ



ခေါင်းစဉ်များ


အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသော ရောဂါများ

လူတစ်ယောက်ကောင်းမွန်စွာကြီးထွားရန်၊ အလုပ်ကောင်းကောင်း လုပ်နိုင်ရန်နှင့် ကျန်းမာစွာ နေထိုင်နိုင်ရန် ကောင်းသောအစားအစာလိုအပ်သည်။ နာမကျန်းမှုများစွာသည် လုံလောက်စွာ မစားသုံးခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည်။

လုံလောက်စွာ မစားသုံးခြင်း(သို့) ခန္ဓာကိုယ်မှ လိုအပ်သောအရာကို မစားသုံးခြင်းကြောင့် နာမကျန်းဖြစ်သူ၊ အားနည်းသူကို အာဟာရဓါတ် မပြည့်ဝသူဟု ခေါ်သည်။ ထိုသူ၌ အာဟာရ ဓါတ်ချို့တဲ့ခြင်းဖြစ်ပွားသည်။

အာဟာရဓါတ်ချို့တဲ့မှုကြောင့် အောက်ပါ ကျန်းမာရေးပြဿနာများဖြစ်လာစေပါသည်။

ကလေးငယ်များတွင်

  • ကိုယ်ခန္ဓာကြီးထွားမှု၊ ဖွံ့ဖြိုးမှုသည် ပုံမှန်ထက်လျော့နည်းခြင်း။
  • လမ်းလျှောက်ရာတွင်၊ စကားပြောရာတွင် (သို့) တွေးခေါ်ရာတွင်နှေးကွေးခြင်း။
  • ကြီးမားသောဝမ်းဗိုက်နှင့်သေးငယ်ကြုံလှီသော လက်မောင်းများ၊ ခြေသလုံးများ။
  • နေမကောင်းခြင်းနှင့်ရောဂါပိုးဝင်ခြင်းတို့ မကြာခဏဖြစ်ခြင်း၊ ဖြစ်ပွားချိန်ကြာမြင့်ကာ ပိုမို ပြင်းထန်ခြင်း၊ သေဆုံးခြင်း။
  • ကိုယ်ခန္ဓာတွင် စွမ်းအင်နည်း၍ကလေးသည်အားငယ်ဝမ်းနည်းခြင်း၊ ပြေးလွှားကစားမှုမရှိခြင်း။
  • ခြေဖျား၊ လက်ဖျား၊ မျက်နှာတို့ရောင်ရမ်းခြင်း။ တစ်ခါတစ်ရံအရေပြားပေါ်တွင်ရောင်ရမ်းခြင်း။
  • ဆံပင်များပါးခြင်း၊ ဆံပင်သားပျက်စီးကာ ဆံပင်ကျွတ်ခြင်း၊ အရောင်အသွေးနှင့် တောက်ပမှု လျော့နည်း ဆုံးရှုံးခြင်း။
  • ညအခါ အမြင်အာရုံချို့တဲ့ခြင်း၊ မျက်လုံးများ ခြောက်သွေ့ခြင်း၊ မျက်စိကွယ်ခြင်း။

အာဟာရဓါတ်ချို့တဲ့သူ (ကလေး/လူကြီး) မည်သူမဆိုတွင်

  • အားနည်းခြင်း၊ မောပန်းခြင်း။
  • အစာစားချင်စိတ်မရှိခြင်း။
  • သွေးအားနည်းခြင်း။
  • ပါးစပ်ထောင့်များ၌ရောင်ရမ်းခြင်း။
  • လျှာနာခြင်း၊ လျှာရောင်ခြင်း။
  • ခြေဖျားများထုံကျဉ်ခြင်း၊ ပူလောင်ခြင်း။

အောက်ဖော်ပြပါပြဿနာများသည်မူ အာဟာရဓါတ်ချို့တဲ့မှုနှင့် မဆိုင်သော အခြား အကြောင်းများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဤပြဿနာများ၏ အကြောင်းရင်းမှာ ရံဖန်ရံခါ အာဟာရ ဓါတ်ချို့တဲ့မှုကြောင့် ဖြစ်ပြီး ထိုသို့ကောင်းစွာ မစားသုံးခြင်းကပင် ဤလက္ခဏာများကို ပိုမို ဆိုးရွား လာစေသည်။

  • ဝမ်းလျောခြင်း။
  • မကြာခဏရောဂါပိုးဝင်ခြင်း။
  • နားအူခြင်း။
  • ခေါင်းကိုက်ခြင်း။
  • သွားဖုံးသွေးယိုခြင်း၊ နီရဲခြင်း။
  • အရေပြားတွင်အမာရွတ်များဖြစ်လွယ်ခြင်း။
  • နှာခေါင်းသွေးလျှံခြင်း။
  • ဝမ်းမအီမသာဖြစ်ခြင်း။
  • အရေပြားခြောက်သွေ့ကွဲအက်ခြင်း။
  • ရင်တုန်ခြင်း။
  • စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပန်ခြင်းနှင့် အမျိုးမျိုးသောအာရုံကြောဆိုင်ရာပြဿနာများ။
  • စိတ်ပိုင်းဆိုင်ရာပြဿနာများ။
  • အသည်းခြောက်ခြင်း (အသည်းရောဂါတစ်မျိုး)။

ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အာဟာရဓါတ်ချို့တဲ့ခြင်း သည် မိခင်၌အားနည်းခြင်း၊ သွေးအားနည်း ရောဂါတို့ဖြစ်လာစေပြီး၊ ကလေး မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက် မိခင် သေဆုံးနိုင်သော အန္တရာယ်ပိုများသည်။ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးဖွားလာသော ကလေးငယ်သည် အလွန်သေးငယ်ခြင်း၊ မသန်စွမ်းခြင်း စသည်တို့သည်လည်း မိခင် အာဟာရဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်လာရသော အကျိုးဆက်များဖြစ်သည်။

အာဟာရမျှတ၊ မှန်ကန်စွာ စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာ၏ ရောဂါခုခံနိုင်စွမ်း တိုးတက်စေသည်။

ကောင်းမွန်မှန်ကန်စွာ မစားလျှင် အောက်ပါကျန်းမာရေးပြဿနာများ ဖြစ်နိုင်သည်။ ညံ့ဖျင်းသော အစားအစာသည် ရောဂါခုခံနိုင်စွမ်း ကိုထိခိုက်စေသည်။ အထူးသဖြင့်

  • ကူးစက် ရောဂါဆိုးများ ဖြစ်သည်။ အာဟာရ မပြည့်ဝသော ကလေးများသည် ပြည့်ဝသော ကလေးထက် ဝမ်းလျှောသေဆုံးမှု ဖြစ်လွယ်သည်။
  • ဝက်သက်ပေါက်လျှင် အာဟာရမပြည့်ကပိုဆိုးသည်။
  • တီဘီရောဂါဖြစ်လွယ်သည်။ ပိုဆိုးသည်။
  • အရက်ကြောင့်အသည်းခြောက်ခြင်းသည် အာဟာရမပြည့်ဝသူများတွင် ပိုဖြစ်လွယ်၍ပိုဆိုးသည်။
  • သာမန်အအေးပတ်မှုသည် အာဟာရမပြည့်လျှင် ဖြစ်လွယ်၍ ခံစားရချိန်ပိုကြာ၊ ပိုဆိုး၍ နမိုးနီးယား ရောဂါ ထိ ဖြစ်သွားနိုင်သည်။

မှန်ကန်စွာစားသုံးလျှင် နာလန်ထ မြန်စေသည်။

ရောဂါကာကွယ်စေသည် သာမက ရောဂါကို ခန္ဓာကိုယ်က တွန်းလှန်၍ နာလန်ထအောင် ကူညီနိုင်သည်။ ထို့ကြောင့်မကျန်းမာလျှင် ကောင်းမွန်မှန်ကန်စွာ စားရန် အရေးကြီးသည်။

အကြောင်းမလှစွာဖြင့် မိခင်တစ်ချို့က ကလေးများဖျားနာ(သို့)ဝမ်းလျောလျှင် အစာ မကျွေးပဲထားခြင်း၊ အစာတစ်ချို့ရှောင်စေခြင်းဖြင့် ကလေး၏ရောဂါခုခံနိုင်စွမ်းကို အားနည်းစေ၍ ပိုဆိုးစေသည်။ အသက်ပါ ဆုံးစေနိုင်သည်။ မကျန်းမာသည့် ကလေး အာဟာရပိုလိုသည်။ မစားချင်လျှင် ချော့ကျွေးပါ။

ဆန္ဒရှိသလောက် စားပါစေ။ စိတ်ရှည်ပါ။ နေမကောင်းလျှင် အစားပျက်သည်။ နည်းနည်းစီခွဲ၍ ခဏခဏကျွေးပါ။ ဆီးများများ ပေါက်အောင် အရည်များများတိုက်ပါ။ အဖတ်မစားချင်လျှင် ဆန်ပြုတ်၊ စွပ်ပြုတ်၊ ကွေကာအုပ်စသည်တို့တိုက်ပါ။

တစ်ခြား ရောဂါရလာလျှင် အာဟာရ မပြည့်ဝခြင်း လက္ခဏာများ ပေါ်လာတတ်သည်။ ဥပမာ ရက် အတန်ကြာ ဝမ်းလျောလျှင် ကလေးတွင် ခြေ၊ လက်၊ မျက်နှာများဖော၍ အမည်းကွက်များပေါ်မည်။ ခြေထောက် အရေပြားကွာ၍ အနာများဖြစ်မည်။ စသည်တို့မှာ အာဟာရဆိုးဝါးစွာ ချို့တဲ့ခြင်း၏ လက္ခဏာများ ဖြစ်သည်။ အာဟာရပြည့်ပြည့် များများ ခဏခဏ ကျွေးရန်လိုသည်။

နေမကောင်းဖြစ်စဉ်နှင့် နာလန်ထတွင် ကောင်းမွန်ပြည့်စုံစွာ စားရန် အရေးကြီးသည်။

1102

မှန်ကန်စွာစားရန်အရေးကြီးပုံ

မှန်မှန်ကန်ကန်မစားလျှင် အာဟာရချို့တဲ့မည်။ အစားနည်းခြင်း (အာဟာရလျော့နည်းခြင်း၊ ချို့တဲ့ခြင်း) နှင့် စားနည်းမမှန်ခြင်း (ဓါတ်ချို့တဲ့မှု) ကြောင့်သာမက မလိုအပ်ပဲ အစားကြူးခြင်း (အဝလွန်) စသည်တို့သည်လည်း အာဟာရချို့တဲ့စေခြင်း အကြောင်းများ ဖြစ်သည်။

အထွေထွေအာဟာရချို့တဲ့မှုမှာ လူတိုင်းတွင်ဖြစ်နိုင်သော်လည်း အချို့မှာပို၍ဒုက္ခရောက်နိုင်သည်။ ဥပမာ

  • ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုး ကျန်းမာရန် အစာများများလိုသည်။
  • အမျိုးသမီးများ (ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်) မိခင်နှင့်ကလေး နှစ်ဦးစလုံးကျန်းမာ၍ နေ့တဓူဝ အမှုကိစ္စများ ကောင်းကောင်းလုပ်နိုင်ရန် အစားပိုစားရမည်။
  • သက်ကြီးရွယ်အိုများ သွားမကောင်းခြင်း၊ ခံတွင်းမလိုက်ခြင်းတို့ကြောင့်တစ်ခါတည်း များများ မစားနိုင်။ ကျန်းမာရန် အာဟာရကောင်းဖို့လိုသည်။
  • HIV ဝေဒနာရှင်များ ရောဂါဆိုးကို ခုခံနိုင်ရန်အာဟာရကောင်းဖို့လိုသည်။

အာဟာရမပြည့်သောကလေး ကောင်းကောင်းမကြီးထွားပါ။ တစ်ခြားကလေးများနှင့် စာလျှင်ပိန်၍ အရပ်ပုမည်။ အထိမခံ၊ အစမခံဖြစ်မည်။ ငိုကြောရှည်မည်။ အလှုပ်အရှား ကစားနည်းမည်။ မကြာခဏ ချူချာမည်။ ဝမ်းလျောမည်။ ရောဂါရလွယ်မည်။ပိန်လွယ်မည်။ လက်မောင်းပတ် တိုင်းခြင်းဖြင့် အာဟာရ ချို့တဲ့မှုကို စစ်ကြောနိုင်သည်။

အာဟာရချို့တဲ့မှုကိုစစ်ကြောခြင်း (လက်မောင်းပတ်တိုင်းခြင်း)

အသက် ၁နှစ်အရွယ်ကလေး ခြေလက်မျက်နှာများဖောင်း၍ဝသည်ဟုထင်ရစေကာမူ လက်မောင်း အပေါ်ပိုင်း လုံးပတ် ၁၁ ၁/၂ စင်တီ မီတာထက်နည်းလျှင် အာဟာရမပြည့်ဝဟုသတ်မှတ်သည်။ ၁၁ ၁/၂ မှ ၁၂ ၁/၂ ထိကို အာဟာရ မပြည့်ဝရန် အလားအလာရှိသူဖြစ်သည်။

နောက်ထပ်ကောင်းသောနည်းတစ်ခုမှာ ကိုယ်အလေးချိန်ပုံမှန်ချိန်ပေးခြင်းဖြစ်သည်။ ကလေး တစ်နှစ် အရွယ်ထိ လစဉ်ချိန်ပါ။

နောက်ပိုင်း ၃လ တစ်ခါချိန်ပါ။ ကျန်းမာ၍အာဟာရပြည့်လျှင် အလေးချိန်မှန်မှန်တိုးမည်။ ကလေးကိုယ် အလေးချိန်ခြင်းနှင့် ကလေးကျန်းမာရေး မှတ်တမ်းကဒ်ပြားကို အခန်း(၂၁)တွင် အသေးစိတ် ဖော်ပြ ထားပါသည်။

အာဟာရချို့တဲ့မှုမဖြစ်အောင်ကာကွယ်ခြင်း

ကျန်းမာရေးကောင်းရန်အစားကောင်းများများစားရန်မလို။ လိုအပ်သည့် အာဟာရ ပြည့်စုံရန်သာ လိုသည်။ လှုပ်ရှားရန် ခွန်အားရစေမည်။ စွမ်းအင်၊ ခန္ဓာအစိတ်အပိုင်း အသီးသီးကိုတည်ဆောက်၊ ပြုပြင်၊ ကာကွယ် ပေးနိုင်ရမည်။ ထိုအတွက် အစားအစာ အတွဲအစပ်များ နေ့တိုင်း စားရန်လိုသည်။

ပင်တိုင်အစာနှင့် အထောက်အကူပြုအစာ (ဖြည့်စွက်စာ)

ကမ္ဘာအနှံ့တွင် အကုန်အကျသက်သာသည့်အခြေခံအစာကို နေ့စဉ်အစာစားတိုင်း ပင်တိုင်ထားကြသည်။ ဒေသလိုက်၍ ဆန်၊ ပြောင်း၊ လူး၊ ဆတ်၊ ဂျုံ၊ သစ်ဥသစ်ဖု၊ အာလူး၊ ပေါင်မုန့်သီး၊ ငှက်ပျောသီး စသည်တို့ ဖြစ်၏။ ဤအဓိကအစာသည် နေ့စဉ်လိုအပ်သည့်စွမ်းအင်ကို ပေးသည်။

သို့သော်ဤမျှဖြင့်မလုံလောက်ပါ။ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ကျန်းမာနေစေရန် ဖြည့်စွက်စာ လိုသည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် သက်ကြီးရွယ်အိုများတွင် ပို၍လိုသည်။

ပင်တိုင်အစားကိုပုံမှန်လုံလောက်စွာစားနေသော်လည်း ကလေးငယ်သည်ပိန်၍ အားနည်းလာနိုင်သည်။ ပင်တိုင်အစာထဲတွင် ရေနှင့် အမျှင်ဓါတ်များစွာပါသောကြောင့် ဝမ်းဗိုက်ကို တင်းပြည့်စေ၍ ကြီးထွားရန် လိုအပ်သော စွမ်းအင်များ မစုပ်ယူနိုင်စေပေ။

ကလေးလိုအပ်သောစွမ်းအင်ရစေနိုင်ရန် နည်း ၂ နည်းသုံးနိုင်သည်။

  1. ခဏခဏကျွေးခြင်း။ ။ တစ်နေ့လျှင် ၅ကြိမ်ခန့်ကျွေး၍ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် သားရေစာ စားစေခြင်းဖြင့် အလွန်ပိန်၍ကြီး ထွားမှုနည်းသော ကလေးကိုတိုးတက်စေနိုင်သည်။
  2. 1104

  3. စွမ်းအင်မြင့်သည့်ဖြည့်စွက်စာပေါင်းထည့်ခြင်း။ ။ ဆီ၊ သကြား၊ ပျားရည်များကို ပင်တိုင်စာတွင် ဖြည့်စွက်ခြင်း။ ဟင်းသီးဟင်းရွက်ဆီ (သို့) အာဟာရပြည့်ဆီ၊ အစေ့အဆန်များ၊ မြေပဲ၊ သစ်စေ့များ၊ ဖရုံစေ့၊ နှမ်းစေ့ စသည်ဖြင့်။ ဗိုက်တင်း၍ အာဟာရ အပြည့် မစုပ်ယူနိုင်သဖြင့် ပိန်ကာ အားနည်းလာသည်။
1105

စွမ်းအင် လိုအပ်ချက် ပြည့်မီရန် ထမင်းများများ စားဖို့လိုသည်။

ထမင်းကို ဟင်းသီးဟင်းရွက်ဆီ နှင့် နယ်၍ ကျွေးသည်။ ထမင်းများများ မလို။

စွမ်းအင်မြင့်အစာကို ပင်တိုင် အစားအစာတွင် ဖြည့်ခြင်းဖြင့် စွမ်းအင် အပိုအလျှံ ရစေသည်။ ထို့အတူ အခြားဖြည့်စွက်စာ ၂မျိုးကိုပေါင်း ထည့်ပေးသင့်သည်။

ရလွယ်လျှင် ကိုယ်ခန္ဓာ တည်ဆောက်မှုတွင်လိုအပ်သော အာဟာရ အသားဓါတ် (ပရိုတင်းဓါတ်) ပါသောအစာများ(ပဲ၊ နို့၊ ဥ၊ မြေပဲ၊ ငါး၊ အသား)။

ခုခံကာကွယ်မှုပေးသည့် အစာများ (ဥပမာ အနီရောင်၊ အဝါရောင်အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစိမ်းရောင် အရွက်များ) ဤ ဖြည့်စွက်စာများမှ အရေးကြီးသော ဗိုက်တာမင်နှင့် သတ္တုဓါတ်များရသည်။

1106

ကျန်းမာအောင်စားသောက်နည်း

စားနေကျပင်တိုင်အစာသည် လိုအပ်သောစွမ်းအင်အများစု(အားလုံးမဟုတ်)ရစေသည်။ ဖြည့်စွက်စာ များထည့်သွင်းခြင်းဖြင့် အကုန် သက်သာပြီး အကျိုးအားလုံးပြီးစေသည်။ စာရင်းပါများ အတိုင်း အကုန် စားရန်မလို။ စားနေကျ ပင်တိုင်အစာနှင့် ဒေသတွင်းရနိုင်သော ဖြည့်စွက်စာများ ပေါင်းစပ် ရမည်။ ဖြည့်စွက်စာအုပ်စု အားလုံး ပါဝင်အောင် မကြာခဏ ကြိုးစားရမည်။

သတိ။  ။ဝအောင်ကျွေးပါ။ မကြာခဏ (၃ ကြိမ် မှ ၅ ကြိမ်) ကျွေးခြင်းသည်လည်း အစာအမျိုးအစား နည်းတူ အရေးကြီး၏။

အာဟာရဆိုင်ရာ လုပ်ဆောင်နေသူများ သတိပြုရန်။   ။ဤအခန်းသည် အစာအုပ်စုများ အကြောင်းသင်ကြားပုံနှင့် ဆင်တူသည်။ အရေးကြီး သည်မှာ လက်တွေ့ရှိနေသောအစားအစာများမှ ဆင်းရဲသော မိသားစုများနှင့် ကိုက်ညီလွယ်ကူသော အစာအုပ်စု အတွဲအစပ်များဖြစ်ရန်သတိပြုပါ။

အာဟာရချို့တဲ့မှုကို ဘယ်လိုသတိထားမိမလဲ

ဆင်းရဲသူများကြားတွင် အာဟာရချို့တဲ့မှုသည် ကလေးများတွင် ပိုဆိုးသည်။ ပြည့်စုံလုံလောက်သော အာဟာရ ရ၍ ကျန်းမာစွာ နေထိုင်ရန်လိုအပ်သည်။ အာဟာရချို့တဲ့မှု အဆင့်အမျိုးမျိုးရှိသည်။

အပျော့စားအာဟာရချို့တဲ့မှု

အဖြစ်များသည်။ သို့သော်ချက်ချင်းမမြင်သာပေ။ ကလေးငယ်သည် အာဟာရ ပြည့်ဝသော ကလေးလောက် ကြီးထွားမှုမမြန်၊ အလေးချိန်မတိုးပေ။ လူကောင်ညှက်သော်လည်း နေမကောင်းဖြစ်နေပုံ မပေါက်ပါ။ သို့သော် အာဟာရချို့တဲ့မှုကြောင့် ရောဂါခုခံနိုင်စွမ်းနည်း၍ အာဟာရပြည့်ဝသူနှင့် စာလျှင် ရောဂါကြီးကြီး၊ အချိန်ကြာကြာ ဖြစ်လွယ်သည်။

ဝမ်းလျောခြင်း၊ အအေးမိခြင်း ဖြစ်လွယ်သည်။ အအေးမိမှုကြာတတ်၍ နမိုးနီးယား (အဆုတ်ရောင်) ဖြစ်တတ်သည်။ ဝက်သက်၊ တီဘီနှင့် ရောဂါကြီးများရ၍ အသက်ဆုံးသည်ထိဖြစ်သည်။

ရောဂါသိပ်မဆိုးမီသတိပြု၍ အာဟာရ ပြည့်ဝအောင် ပြုရန် အရေးကြီးသည်။ ထို့ကြောင့် ပုံမှန် အလေးချိန်နှင့် လက်မောင်းပတ်တိုင်းခြင်း လိုအပ်သည်။ သို့မှ အာဟာရချို့တဲ့မှုကို စောစောသိ၍ လိုသလိုကုစားနိုင်မည်။

အာဟာရချို့တဲ့မှုမဖြစ်ရန် ညွှန်ကြားမှုများလိုက်နာပါ။

ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့ခြင်း

မိခင်နို့တိုက်ကျွေးမှုစောစော(သို့)ရုတ်တရက်အဖြတ်ခံလိုက်ရသော၊ ဖြည့်စွက်စာ လုံလောက်အောင် မကျွေးသော ကလေးများတွင် အဖြစ်များသည်။ တစ်ခါတစ်ရံ ဝမ်းလျောခြင်း (သို့) အခြား ကူးစက်ရောဂါ ဒဏ်ခံရချိန်မှ စဖြစ်သည်။ ဤကလေးများကို သေချာ လေ့လာစူးစမ်းရာတွင် ပုံစံ ၂မျိုးတွေ့ရသည်။

Marasmus (သို့) ကြုံလှီ၊ ခြောက်သွေ့အာဟာရချို့တဲ့ခြင်း


အစာအာဟာရ အစုံချို့တဲ့သည်။ ပိန်သည်။ ပါးသည်။ ကြုံလှီနေ၍ အရိုးပေါ်အရေတင်ဖြစ်မည်။ Marasmus (သို့) အစာငတ်ပြတ် ခြောက်သွေ့ကြုံလှီအာဟာရချို့တဲ့ခြင်းဟုခေါ်သည်။

အစာများများကျွေးဘို့လို (အထူးသဖြင့် စွမ်းအင်ဖြစ်အစာများ)။

Kwashiorkor (သို့) စိုပြေဖောင်းကားအာဟာရချို့တဲ့မှု

ခြေ၊ လက်၊ မျက်နှာများဖောင်းကားနေသဖြင့် ဤသို့အမည်တွင်သည်။ ကလေးသည် ခန္ဓာ တည်ဆောက်မှု ဖြည့်စွက်စာ (ပရိုတင်း) လုံလောက်အောင် မစားသဖြင့် ဖြစ်ရသည်။ မကြာခဏဆိုသလို စွမ်းအင်စာ လုံလောက်အောင် မစားရလျှင်လည်း စားသမျှ ပရိုတင်းကိုစွမ်းအင် အဖြစ် ပြောင်းလဲလောင်ကျွမ်းစေ၍ ဖြစ်တတ်သည်။

စိုထိုင်းထိုင်းနေရာတွင် သိမ်းဆည်းထားသောပဲသီး၊ ပဲတောင့်နှင့် မှိုတက်နေသည့် အခြား အစာများ စားလျှင်လည်း ဖြစ်စေနိုင်သည်။

ဤကလေးကို အစာမကြာခဏ(သို့)စွမ်းအင်ဖြစ်အစာများ (သို့) ပရိုတင်း ကြွယ်ဝသော အစာများ ကျွေးနိုင်သည်။

သက်တမ်းလွန်၊ မှိုတက်၊ အောက်သိုးသိုး၊ ပျက်စီးနေသော အစာများ ရှောင်ခိုင်းလျှင်လည်း အဆင်ပြေနိုင်သည်။

အာဟာရချို့တဲ့မှု၏ပုံစံအမျိုးမျိုး

အချို့သက်ဆိုင်ရာဗိုက်တာမင်နှင့်သတ်ထုဓါတ်များချို့တဲ့သဖြင့်ဖြစ်သည်။ (သက်ဆိုင်ရာ အခန်းတွင် လေ့လာပါ။)

  • ကြက်မျက်သင့်ခြင်း (ဗိုက်တာမင်အေ ချို့တဲ့ခြင်း) night blindness။
  • ရစ်ကက် (သို့) ဗိုက်တာမင်ဒီချို့တဲ့ခြင်း။ rickets
  • အရေပြား ရောဂါ အမျိုးမျိုး ၊ နှုတ်ခမ်းနှင့်ပါးစပ်အနာများ၊ သွားဖုံးသွေးယိုခြင်း (အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အစားအစာတွင်ပါဝင်သော သက်ဆိုင်ရာဗိုက်တာမင်များ လုံလောက်စွာ မစား၍ ဖြစ်ရသည်။
  • သွေးအားနည်းခြင်း (သံဓါတ်အလုံအလောက်မစားသူများ) anaemia။
  • လည်ပင်းကြီးရောဂါ (အိုင်အိုဒင်းချို့တဲ့ခြင်း) goiter။

ပို၍သိလိုလျှင် "ကူညီနေသောကျန်းမာရေးဝန်ထမ်းလေ့လာရန်" အခန်း၂၅ နှင့်မသန်မစွမ်း ကျေးလက်ကလေးငယ်များ အခန်း ၁၃ နှင့် ၃၀ တွင် လေ့လာပါ။


ဆင်းရဲသောမိသားစုမှ နှစ်ဦးစလုံးအာဟာရမပြည့်ဝသောမိခင်နှင့်ကလေးကိုတွေ့ရပုံ။

ဖခင်မှာ အလုပ်ကြိုးစားသော်လည်း မိသားစုကို ကောင်းစွာကျွေးရန်ဝင်ငွေမလုံလောက်။ မိခင်လက်မှ အကွက်များမှာ Pellagra ခေါ် အာဟာရချို့တဲ့မှုလက္ခဏာဖြစ်သည်။ ပြောင်းကိုသာ အဓိကစားရ၍ အာဟာရပြည့်သော ပဲ၊ ဥ၊ နို့၊ အသီးအနှံ၊ အသားနှင့် ဟင်းရွက်စိမ်းများမစားနိုင်။

ကလေးကိုနို့ကောင်းကောင်းမတိုက်နိုင်။ ပြောင်းဖူးမှုန့်ကျို၍ကျွေးရသည်။ ကလေးဝမ်းဗိုက်ပူ၍ ကောင်းစွာမကြီးထွားနိုင်။ အကျိုး ဆက်အဖြစ် ဤ၂နှစ်သားကလေးသည် ဆိုးဆိုးဝါးဝါး အာဟာရ ချို့တဲ့သည်။ ကလေးငယ်ညှက်၍ ပိန်ကပ်နေသည်။ ဝမ်းဗိုက်ပူသည်။ ဆံပင်ပါးသည်။ ကိုယ်ပိုင်း စိတ်ပိုင်း သာမာန်ထက် ဖွံ့ဖြိုးမှု နည်းသည်။ ဤသို့မဖြစ်လိုလျှင် မိခင်များနှင့် ရင်သွေးများကို ကောင်းစွာ ကျွေးမွေးဖို့လိုသည်။

ဈေးသက်သာစွာဖြင့် အာဟာရကောင်းစွာ ဖြည့်တင်းနည်းများ

ငတ်မွတ်မှုနှင့်အာဟာရညံ့ဖျင်းမှုတွင် အကြောင်းရင်းများစွာ ရှိသည်။ တစ်ခုမှာဆင်းရဲခြင်းဖြစ်သည်။ ကမ္ဘာအနှံ့တွင် ဓနဥစ်စာနှင့်လုပ်စား ကိုင်စား မြေနေရာအများစုကို လူတစ်စုကသာပိုင်ဆိုင်သည်။ ထိုမြေများပေါ်တွင် ကော်ဖီ၊ ဆေးရွက်ကြီးစသော ငွေဖြစ်လွယ်၍ အာဟာရ တန်ဖိုးမရှိသော သီးနှံများစိုက်သည်။ ဆင်းရဲသား အများစုမှာ မြေကွက် ကျဉ်းကျဉ်းငှား၍ စိုက်ရင်း ပိုင်ရှင်သာ အများဆုံးအကျိုးရှိနေသည်။ မျှမျှတတ ခွဲဝေခံစားမှုပြုကြရန် မတတ်နိုင်သေးသ၍ အစာငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်ပြည့်စုံအောင် မဖြေရှင်းနိုင်ပါ။


သို့သော်လည်း အကုန်အကျနနည်းနည်းဖြင့်ကောင်းစွာစားသောက်၍ အာဟာရပြည့်ဝကာ မိမိ အခွင့်အရေးကို ရပ်တည် ကာကွယ်နိုင်ရန် လုပ်ဆောင်နိုင်သည့်နည်းလမ်းများစွာရှိနေပါသေးသည်။ "ကျေးလက်ကျန်းမာရေးဝန်ထမ်းများသို့အမှာစကား" သည် အစားအစာ ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် အကြံပြုချက်အများအပြားပါဝင်သည်။ ထိုအချက်များထဲတွင် မြေအရည်အသွေးႁမှင့်တင်ရန် သီးနှံ ပြောင်းလဲစိုက်ပျိုးခြင်း၊ မျက်နှာပြင်ညီအောင်မြေဖို့ပြုပြင်ခြင်း၊ ရေသွယ်ခြင်း စသည်များ၊ ငါးမွေးမြူခြင်း၊ ပျားမွေးမြူခြင်း၊ သီးနှံသိုလှောင်ခြင်းနှင့် မိသားစုခြံတွင်း စိုက်ပျိုးခြင်းများပါဝင်သည်။ တစ်ရွာလုံး (သို့) မိသားစု အစုအဖွဲ့လိုက် အတူတကွလုပ်ဆောင်ကြလျှင် အာဟာရဖွံ့ဖြိုးမှုအတော် အသင့်ရနိုင်သည်။

အစားအစာနှင့်မြေပမာဏကို ချိန်ညှိလျှင် မြေပမာဏတစ်ချို့သည် လူဦးရေအကန့် အသတ်နှင့်သာ အစာလုံလောက်အောင် ပေးစွမ်းနိုင်သည်။ တစ်ချို့ကမိသားစုငယ်လေ ပိုကောင်းလေဟု အခိုင်အမာ ဆိုကြသည်။ သို့သော်ဆင်းရဲသားမိသားစုများစွာအတွက် ကလေးများခြင်းသည် စီးပွားရေး လိုအပ်ချက် ဖြစ်နေပြန်သည်။ ဆင်းရဲသားမိသားစုမှ ၁၁နှစ်၊ ၁၂နှစ်သားအရွယ်သည် သူတို့အတွက် ကုန်ကျသည်ထက် ပိုရအောင် အလုပ်လုပ်ကြသည်။ ကလေးများများရှိလျှင် မိဘများ အိုမင်းသောအခါ ကူညီစောင့်ရှောက်မှု ရစေသည်။

ချုပ်၍ဆိုရလျှင် လူမှုရေး၊ စီးပွားရေး၊ လုံခြုံမှုနည်းခြင်းကမိဘများတွက် သားသမီးများများ လိုအပ်စေသည်။ ထို့ကြောင့် လူဦးရေနှင့် မြေယာအကြား ချိန်ညှိရန် ဆင်းရဲသားများ မိသားစုနည်းရန် ပေါ်တွင် မူမတည်ပေ။ လုပ်စားကိုင်စားမြေများ မျှမျှတတ ခွဲဝေရေး၊ လုပ်ခလစာမျှမျှ တတပေးရေးနှင့် အခြား ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပေါ်တွင်မူတည်သည်။ လူဦးရေနှင့် မြေယာပိုင်ဆိုင်မှု မျှမျှတတနှင့်ရေရှည် အလုပ်ဖြစ်အောင်ညှိနှိုင်းကြရန် လူတစ်စု၏စွမ်းဆောင်မှုကို မျှော်လင့်ရပေဦးမည်။ (ကျန်းမာရေး၊ အစားအစာနှင့်လူဦးရေပြဿနာများဆွေးနွေးချက် "ကူညီနေသော ကျန်းမာဝန်ထမ်းများ လေ့လာရန်" တွင်ကြည့်ပါ။

ငွေရေးကြေးရေးအကန့်အသတ်ရှိလျှင် ချင့်ချိန်သုံးစွဲပါ။ အနာဂတ်ကို လှမ်းမျှော်စေရန် ရည်ညွှန်းသည်။ မကြာခဏဆိုသလို ဆင်းရဲသော မိသားစုမှဖခင်များသည် အစားအစာဝယ်ရန်၊ ဥစားကြက်မဝယ်၍ မိသားစုကျန်းမာရေးသုံးမည့်အစား အရက်၊ ဆေးလိပ်အတွက်ငွေအချို့ သုံးတတ်ကြသည်။ တစ်ဝိုင်းထဲ အတူထိုင်ဝိုင်းဖွဲ့ရင်း မိသားစု ပြဿနာ ဖြေရှင်းနည်းကို အကြံပြုသင့်သည်။

တစ်ချို့မိဘက ကလေးများအတွက် မုန့်ပဲသွားရေစာနှင့် ပေါ်ပင်အချိုရည်များ ဝယ်သွားတတ်သည်။ ထိုအစားကြက်ဥ၊ နို့၊ ခွံမာသီး၊ အာဟာရဖြစ်အစာများဝယ်စေလျှင် ငွေကုန်တူပြီး ကျန်းမာရေးအတွက် ပိုကောင်းကြောင်း ဆွေးနွေး ထောက်ပြသင့်သည်။

1112

အကုန်အကျနည်း၍ ပိုကောင်းသော အစားအစာများ

ကမ္ဘာပေါ်ရှိလူအများစုသည် ကစီဓါတ်များများအစာကို တစ်ဝစားကြ၍ ဖြည့်စွက်စာ လုံလောက်အောင် မစားကြပေ။ အပိုစွမ်းအင်၊ ခန္ဓာကိုယ်တည်ဆောက်မှု၊ ခုခံကာကွယ်ခြင်းကို ဖြည့်စွက်စာ ကသာ ပေးနိုင်သည်။ အကြောင်းတစ်စိတ်တစ်ပိုင်းမှာ ဖြည့်စွက်စာအများစု(အထူးသဖြင့် တိရိစ္ဆာန်မှ ထွက်သော အသား၊ နို့တို့မှာ စျေးကြီးသည်။ တိရိစ္ဆာန်ထွက်ပစ္စည်းများများစားရန်မတတ်နိုင်။ မွေးမြူရေး အတွက် မြေနေရာ များများလိုသည်။ ဆင်းရဲသားမိသားစုအတွက် အပင်ထွက် ပစ္စည်းများ စားလျှင်လည်း အာဟာရ ပြည့်ဝစေနိုင်သည်။

ပဲတောင့်၊ ပဲစေ့၊ ပဲသီး၊ ဘိုစားပဲ၊ မြေပဲတို့ကိုကိုယ်တိုင်စိုက်၍ (သို့) ဝယ်ယူ၍ပင်တိုင်စာအဖြစ် ပြောင်း၊ ဆန်နှင့်ရောစားလျှင် စျေးကြီးစာ အသား၊ ငါးဝယ်စားသည်ထက်ပိုကောင်းသည်။

ပဲ(ပရိုတင်းကို ဖြည့်စွက်စာအဖြစ် များများ စားခြင်းဖြင့် လူအများ သန်စွမ်းကျန်းမာနိုင်သည်။

မည်သို့ဆိုစေ မိသားစုဝင်ငွေနှင့်ဓလေ့ထုံးစံကန့်သတ်မှုမရှိလျှင် တိရိစ္ဆာန်ထွက်ပစ္စည်းများကို စားသုံးသင့်ပါသည်။ အကြောင်းမှာ အပင်ထွက်ပစ္စည်းများတွင်ပရိုတင်းမြင့်မားစွာပါဝင်သော်လည်း ခန္ဓာကိုယ်လိုအပ်သည့် ပရိုတင်းအမျိုးအစား စုံလင်မှုမရှိသောကြောင့်ဖြစ်သည်။

အပင်ထွက်ပစ္စည်းစုံစားရန် ကြိုးစားပါ။ ခန္ဓာကိုယ်လိုအပ်သောပရိုတင်း၊ ဗိုက်တာမင် သတ္ထုဓါတ် အမျိုးမျိုးကို အပင်အမျိုးမျိုးမှရနိုင်သည်။ ဥပမာ ပဲအမျိုးမျိုးနှင့်ပြောင်းကို တွဲစားခြင်းဖြင့် တစ်ခုတည်း စားခြင်းထက် အာဟာရ ပါဝင်မှုပိုစုံသည်။ အခြားအသီးအရွက်များ ပေါင်းစပ်သော် ပို၍ကောင်းသည်။

စရိတ်နည်းနည်းနှင့် အာဟာရစုံလင်စွာ စားနိုင်ရေး အကြံပြုချက်များ

  1. မိခင်နို့။  ။ စျေးအချိုဆုံး၊ ကျန်းမာရေးနှင့်အညီညွတ်ဆုံး၊ ကလေးအတွက်အပြည့်စုံဆုံးဖြစ်သည်။ မိခင်ကအသီးအရွက်စုံလင်များ ပြားစွာစား၍ အကောင်းဆုံး ကလေး အာဟာရ မိခင်နို့ အဖြစ် ပြောင်းလဲစေသည်။ မိခင်နို့တိုက်ခြင်းသည် ကလေးအတွက် ကောင်းသည်သာမက ငွေကုန်သက်သာ၍ ရောဂါဘယ ကာကွယ်နိုင်သည်။
  2. ကြက်ဥ၊ ကြက်သား။  ။ နေရာတော်တော်များများတွင် ကြက်ဥမှာစျေးအချိုဆုံးရနိုင်သော ပရိုတင်းဖြစ်သည်။ ချက်ပြုတ်၍ပင်တိုင် အစာနှင့်ရောကာ မိခင်နို့မစို့ရသောကလေးကို တိုက်ကျွေး နိုင်သည်။ မိခင်နို့နှင့်တွဲဖက်၍လည်း ကလေးကြီးထွားသည်ထိ ကျွေးနိုင်သည်။
  3. ကြက်ဥကိုပြုတ်၊ အခွံကိုအမှုန့်ကြိတ်၍ အစားအစာနှင့်ရောကျွေးလျှင် ကိုယ်ဝန်ဆောင်မိခင် အတွက် ကယ်လဆီယမ်ဓါတ်ရစေနိုင်သည်။ ကယ်လဆီယမ်လိုအပ်၍ ဖြစ်သောအနာများ၊ သွားနဲ့ခြင်းနှင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်သည်။

    ကိုယ်တိုင်မွေးမြူစောင့်ရှောက်နိုင်လျှင် ကြက်သားသည်လည်း ရလွယ်သော၊ စျေးချိုသော ပရိုတင်းဖြစ်ပါသည်။

  4. အသည်း၊ နှလုံး၊ ကျောက်ကပ်၊ သွေးခဲ။  ။ ပရိုတင်း၊ ဗိုက်တာမင်နှင့်သံဓါတ်အထူးကြွယ်ဝ၍ အသားထက် စျေးချိုသည်။ ငါးသည်လည်း အသားထက်စျေးချို၍ အာဟာရဖြစ်စေသည်။
  5. ပဲသီး၊ ပဲစေ့ပဲဆန်၊ ဘိုစားပဲ၊ ပဲတိုင်ထောင်များ။  သည်လည်း စျေးချိုသော ပရိုတင်း အရင်းအမြစ်များ ဖြစ်သည်။ ပဲပင်ပေါက်သည် ဗိုက်တာမင်ပါ ကြွယ်ဝသည်။ ကလေးငယ်များစားနိုင်ရန်နူးအောင်ချက်ပြုတ်၊ အခွံချွတ်၊ ကောင်းစွာကြိတ်ချေဇကာချ၍ အနှစ်ပျော့ပျော့လုပ်နိုင်သည်။ပဲတောင့်ပဲသီးနှင့် ပဲတိုင်ထောင်များသည် စရိတ်သက်သာသော ပရိုတင်းများဖြစ်ရုံသာမက စိုက်ပျိုးသောမြေကိုလည်း မြေဆီတက်စေသဖြင့်သီးထပ်ပင်များကို ပိုကောင်းစေသည်။ ထို့ကြောင့် သီးနှံ အလှည့်အပြောင်း စိုက်ခြင်းနှင့် သီးညှပ်စိုက်ပျိုးခြင်းသည် ကောင်းသောဆောင်ရွက်ချက်ပင်ဖြစ်သည်။
  6. အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ။  ။သံဓါတ်၊ ဗိုက်တာမင်အေနှင့် ပရိုတင်းဓါတ် များစွာ ပါဝင်သည်။ ဥ၊ ကန်စွန်းရွက်၊ ပဲတောင့်ပဲသီး၊ ဖရုံသီး၊ ကဆစ်သီးနှင့် အခြားဟင်းသီးဟင်းရွက် များသည် အာဟာရဓါတ် ကြွယ်ဝသည်။အခြောက်ခံ၊အမှုန့်ထောင်း၍ ကလေးအစားအစာ အနှစ်ထဲတွင် ရောနှော ကျွေးနိုင်သည်။
  7. သတိပြုရန်။   ။ဂေါ်ဖီထုပ်၊ ဆလတ်ရွက်စသော အစိမ်းရောင်ဖျော့ဖျော့ရှိဟင်းသီးဟင်းရွက်များတွင် အာဟာရဓါတ်လျော့နည်းသည်။ထို့ကြောင့် အစိမ်းရင့်ရောင်အရွက်များ ပိုမိုစားသုံးသင့်သည်။

  8. Cassava ၏အရွက်။  ။ ဥထက်ပရိုတင်းနှင့်ဗိုက်တာမင် ၇ဆ ပိုကြွယ်ဝသည်။ ဥနှင့် အရွက်ရောစားပါက အပိုမကုန်ပဲအာဟာရပြည့်စေသည်။ အရွက်နုများမှာ အကောင်းဆုံးဖြစ်သည်။
  9. ထုံးရည်ကြည်စိမ်ထားသော ပြောင်းဖူး (နှံစားပြောင်း)။  ။ လက်တင်အမေရိကနိုင်ငံများတွင် မချက်ပြုတ်မီ ထုံးရည်ကြည်စိမ်လေ့ရှိသည်။ ကယ်လဆီယမ်နှင့် ဗိုက်တာမင်အချို့ (Niacin) ထုံးရည် စိမ်ခြင်းကြောင့် ကြွယ်ဝစွာ ပါဝင်လာသည်။ ပရိုတင်းဓါတ်လည်းရသည်။
  10. ဆန်၊ ဂျုံနှင့်အနှံအမျိုးမျိုး။  ။အခွံပါး ပါဝင်လျှင်ပို၍အာဟာရပြည့်သည်။ ခပ်ကြမ်းကြမ်းဖွတ်ထားသော ဆန်လုံးညိုနှင့်ဂျုံကြမ်းတွင် ပရိုတင်း၊ ဗိုက်တာမင်နှင့်သတ်ထုဓါတ်ပါဝင်မှုမှာ ဆန်ချော၊ ဂျုံချောတို့ ထက်သာသည်။
  11. သတိပြုရန်။။ဂျုံ၊ ဆန်၊ ပြောင်းတို့တွင်ပါဝင်သော ပရိုတင်းကိုပဲအမျိုးမျိုးနှင့်ရောစားပါက ခန္ဓာကိုယ်အတွက်ပိုကောင်းသည်။

  12. ဟင်းသီးဟင်းရွက်၊ ဆန်နှင့် အခြားစားသောက်ဖွယ်တို့ကိုရေနည်းနည်းထည့်၍ ကျိုချက်ပါ။ အကျက်မလွန်စေရ။ အကျက်လွန်လျှင်ဗိုက်တာမင်နှင့် ပရိုတင်းဓါတ်အချို့ပျက်စီးဆုံးရှုံးစေသည်။ ထမင်းရည်ကို သောက်ပါ (သို့) ဟင်းချိုရည်လုပ်ပါ။
  13. စားလေ့မရှိသောအသီးများနှင့် ဘယ်ရီသီးများတွင် ဗိုက်တာမင်စီနှင့် သဘာဝ သကြားဓါတ် ကြွယ်ဝသည်။ အပိုစွမ်းအင်နှင့် ဗိုက်တာမင်များရစေသည်။ (အဆိပ်အတောက်ဖြစ်စေသည့် အသီးများ၊ ဘယ်ရီသီးများကို သတိပြုရှောင်ရှားပါ။)
  14. သံထည်အိုးနှင့်ချက်ပြုတ်ခြင်း (သို့) သံအဟောင်းအတိုအစ (သို့) မြင်းခွာကိုထည့်၍ ပဲသီးနှင့် အခြားအစားအစာများချက်ပြုတ်လျှင် သွေးအားနည်းမှု ကာကွယ်စေမည့် သံဓါတ်ရနိုင်သည်။ ခရမ်းချဉ်သီးပါရော၍ ချက်လျှင် သံဓါတ်ပိုရသည်။
  15. သံဓါတ်ရနိုင်ရန် သံချောင်းကို သံပုရာရည်နှင့် နာရီအတန်ကြာစိမ်၍ သောက်ပါက သံဓါတ်ရနိုင်သည်။

  16. အချို့နိုင်ငံများတွင် တန်ဖိုးနည်းကလေးအာဟာရ ရနိုင်သည်။ ပဲပိစပ်၊ ဝါစေ့၊ နို့ကြဲ(Skim Milk)၊ ငါးခြောက်များရောစပ်ထားသည်။ အရသာမှာ အမျိုးမျိုးဖြစ်သော်လည်း အာဟာရပြည့်စုံမျှတသည်။ ဆန်ပြုတ်၊ ကွေကာအုပ်နှင့် အခြားကလေးအစားအစာနှင့်ရောကျွေးပါက စရိတ်နည်းပြီး အာဟာရ ပြည့်ဝစေသည်။

ဗိုက်တာမင်ဘယ်ကရယူမလဲ

1126

(ဆေးပြား၊ ထိုးဆေး၊ ဆေးရည်ကလား၊ အစားအစာကလား)

အသီးအရွက်၊ အသီးအနှံပါစုံအောင်စားလျှင် လိုသောဗိုက်တာမင်အစုံရ၏။ ဆေးပြား၊ ထိုးဆေး၊ ဆေးရည် အားဆေးများထက် အစားကောင်းစုံစုံစားသည်က ပိုကောင်းသည်။

ဗိုက်တာမင်များလိုအပ်လျှင် ဆေးပြား၊ ထိုးဆေးများအစား ကြက်ဥနှင့် အခြားစားစရာများ ဝယ်ပါ။

တစ်ခါတစ်ရံအစားနည်းလျှင် အာဟာရချို့တဲ့မှုဖြစ်ပြီးနေလျှင် (သို့) ရောဂါကြီးများ (HIV) သင့်နေလျှင် စားလဲစား၊ ဆေးလည်းသုံးရပေမည်။

ပါးစပ်မှစားသောဗိုက်တာမင်သည် ထိုးဆေးထက်အကုန်သက်သာ၍ အန္တရာယ်ကင်း၏။ ဗိုက်တာမင်ထိုးတာထက်မျိုချတာပိုကောင်း၏။ အစားထဲမှာပါလျှင် အသင့်တော်ဆုံး။

ဗိုက်တာမင်ဆေး ဝယ်တော့မည်ဆိုလျှင် အောက်ပါဗိုက်တာမင်နှင့်သတ်ထုဓါတ်များပါ ပါစေ။

Niacin (Niacinamide) သံဓါတ် (Ferrous sulflate) အထူးသဖြင့်ကိုယ်ဝန်ဆောင်များအတွက်

ဘီဝမ်း B1 (Thiamine) (သွေးအားနည်းသူများအတွက်သံဓါတ်အလုံအလောက်မပါဝင်ပါ။သံဓါတ်

ဘီတူး B2 (Riboflavin) အားဆေးကိုပါသုံးမှအဆင်ပြေမည်။

ထိုထက်ပို၍ ၊ အချို့လူများတွင် ထပ်မံလိုအပ်သော ဖောလစ်အက်ဆစ် Folic acid (Folicin) ကိုယ်ဝန်ဆောင်များအတွက်

ဗိုက်တာမင်အေ (ကလေးများအတွက်)

ဗိုက်တာမင်စီ (ကလေးများအတွက်)

ဗိုက်တာမင်ဒီ (ကလေးများအတွက်)

အိုင်အိုဒင်း (လည်ပင်းကြီးရောဂါအဖြစ်များသောဒေသအတွက်)

ဘီစစ် B6 (Pyridoxine) ကလေးငယ်နှင့်တီဘီဆေးသောက်လူနာများအတွက်။

ကယ်လ်ဆီယမ် Calcium (ကလေးငယ်များနှင့်နို့တိုက်မိခင်များ၊ ကယ်လစီယမ်ကြွယ်ဝစာများ (နို့၊ ဒိန်ခဲ၊ ထုံးရည်ကြည်စိမ် အစာများ အလုံအလောက် မစားနိုင်လျှင်)။

အစားနှင့်ပတ်သက်၍ ရှောင်ရန်

အတော်များများယုံကြည်သည်မှာ အစားအစာအမျိုးတော်တော်များများမှာ ဒုက္ခပေးနိုင်သည်။ နေမကောင်းလျှင် အစားရှောင်သင့်သည်။ အပူစာ၊ အအေးစာဟုရှိသည်။ အပူလွန်ရောဂါဖြစ်လျှင် အပူစာရှောင်ရမည်။ အအေးလွန်၍ ရောဂါဖြစ်လျှင်အအေးစာမစားသင့် စသည်တို့ဖြစ်သည်။ မီးတွင်းမိခင်အတွက်အစားတော်တော်များများကဒုက္ခပေးနိုင်သည်။ စသည်တို့ဖြစ်၏။

အချို့ယုံကြည်မှုများမှာ ကျိုးကြောင်းဆီလျော်သော်လည်း အတော်များများမှာ အယူသည်းမှုများ ဖြစ်သည်။ အချို့နေမကောင်းလျှင် ရှောင်သင့်သည်ဟုထင်နေသည်များမှာ နာလန်ထမြန်ရန် လိုအပ်သည့် အစားများဖြစ်နေသည်။

နေမကောင်းဖြစ်စဉ် ကျန်းမာနေသည်ထက်အာဟာရပိုလိုအပ်သည်။ အစားကြောင့်နေမကောင်းသူ ဒုက္ခရောက်မည်ကို စိုးရိမ်မှုအားကောင်းစွာ ဖျောင်းဖျ၍ နာလန်ထရန်အစား လိုအပ်ကြောင်း သိစေသင့်သည်။ ဥပမာ စွမ်းအားမြင့်အစာများ၊ အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲတောင့်များ၊ ပဲစေ့များ၊ နို့၊ အသား၊ ကြက်ဥ၊ ငါး စသည်တို့ဖြစ်သည်။

ကျန်းမာစဉ် ကျွနု်ပ်တို့အတွက် ကောင်းကျိုးပေးသော အာဟာရများသည် မကျန်းမာချိန်တွင်လည်း ကောင်းကျိုးပေးပါသည်။

ထိုနည်းတူ ကျန်းမာစဉ်ဆိုးကျိုးပေးသော အရာများသည်လည်း မကျန်းမာစဉ်ပိုဆိုးစေပါသည်။ ထိုအရာများကို ရှောင်ရမည်။

1127

အရက်သည် အသည်း၊ အစာအိမ်၊ နှလုံး၊ အာရုံကြောရောဂါများအတွက်ပိုဆိုးစေသည်။ လူမှုရေး ပြဿနာများ ဖြစ်စေသည်။

ဆေးလိပ်သောက်ခြင်းကြောင့် နာတာရှည်ချောင်းဆိုးခြင်းနှင့်အဆုတ်ကင်ဆာ၊ အခြားပြဿနာများ၊ အဆုတ်ရောဂါ၊ တီဘီ၊ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်များအတွက် ဆေးလိပ်ကပိုဆိုးစေသည်။

အဆီများသောအစာ (သို့) ကော်ဖီကြောင့်အစာအိမ်အနာနှင့်အစာခြေလမ်းကြောင်းရောဂါများ ပိုဆိုးစေသည်။

သကြားနှင့်အချိုစာများခြင်းကြောင့် ခံတွင်းပျက်၍သွားပျက်စီးစေသည်။ အာဟာရမဝင်သူ၊ ဖျားနေသူ (သို့) အာဟာရချို့တဲ့သည့်ကလေး အတွက် သကြားအသင့်အတင့်ပါသော အစာသည် ခွန်အား ဖြစ်စေသည်။

အချို့ရောဂါများတွင် အချို့အစာများရှောင်ရန်လိုအပ်သည်။

(ဥပမာ သွေးတိုး၊ အချို့နှလုံးရောဂါများ၊ ခြေထောက်ဖောယောင်ခြင်းတို့တွင် ဆားနည်းနည်း (သို့) လုံးဝမစားရ)။ ဆားများလွန်းခြင်းသည် လူတိုင်းအတွက်မကောင်းပါ။ အစာအိမ်အနာနှင့် ဆီးချိုတွင် အထူးအာဟာရများလိုအပ်သည်။


ကလေးငယ်များတွက်အကောင်းဆုံးအာဟာရ

ပထမ(၆လ)အတွင်း

မိခင်နို့တိုက်ပါ။ အခြားအရာများမတိုက်/မကျွေးရ။ ကလေးအာဟာရမှုန့်နှင့် နို့ဝယ်တိုက်သည်ထက် ပိုကောင်းသည်။ မိခင်နို့ကဝမ်းလျောခြင်းနှင့် အခြားကူးစက်ရောဂါများကိုကာကွယ်နိုင်သည်။ ရေ၊ လက်ဘက်ရည်၊ ရေနွေးမတိုက်ရ။

အချို့မိခင်များက နို့မကောင်း၊ မလုံလောက်ဟုထင်၍ နို့စောစောဖြတ်တတ်သည်။ မိခင်နို့သည် ကလေးအတွက်အမြဲအာဟာရ ပြည့်ဝ၍ မိခင်ပိန်ကပ်၊ အားနည်းနေလျှင်သော်မှ လုံလောက်အောင် ပေးနိုင်စွမ်းသည်။

မိခင် HIV ရောဂါရှိနေလျှင် တစ်ခါတစ်ရံနို့မှတစ်ဆင့်ကလေးသို့ကူးနိုင်သည်။ သို့သော် တိုက်မည့်ရေကိုပင်လျှင် ကောင်းစွာမစစ်ဆေး၊ မသန့်စင်နိုင်လျှင် AIDS ဖြစ်သည်ထက် ဝမ်းလျော၍၊ ရေဓါတ်ချို့တဲ့၍ အာဟာရချို့တဲ့သည်က ပို၍သေစေနိုင်သည်။

ယခုအခါတွင် နို့တိုက်ခြင်းမှ ကလေးသို့ HIV မကူးစက်အောင် တားနိုင်သည့် ဆေးများ ရှိနေပြီဖြစ်သည်။ မိမိဒေသအတွင်း အခြေအနေကို ကြည့်၍ မိခင်နို့တိုက်၊ မတိုက်ဆုံးဖြတ်ရမည်။

မိခင်အားလုံးနီးပါး သူတို့၏ကလေးများလိုအပ်သလောက် နို့ထွက်နိုင်ပါသည်။

မိခင်နို့ထွက်/ရွင်ရန် ကလေးကိုမကြာခဏနို့တိုက်ပါ။ ကောင်းစွာစားပါ။ အရည်များများသောက်ပါ။

ကလေး(၆)လထိအခြားအစာမကျွေးရ။ အခြားဖြည့်စွက်စာမကျွေးမီ နို့အမြဲတိုက်ပါ။

နို့ကောင်းကောင်း(သို့)လုံးဝမထွက်လျှင် မိခင်ကိုကောင်းစွာကျွေးပါ။ အရည်များများတိုက်ပါ။ ကလေးကိုမကြာခဏစို့ပါစေ။ နို့စို့စေပြီးတိုင်း ကလေးကိုအခြားနို့(နွားနို့၊ ဆိတ်နို့၊ ဘူးနို့ (သို့) နို့မှုန့်) ကို ခွက်နှင့်စောင်းတိုက်ပါ။ (နို့ဘူးမသုံးရ) နို့ဆီမသုံးရ။ သကြားနည်းနည်းနှင့် ဟင်းသီးဟင်းရွက်ဆီ နည်းနည်းရောပေးပါ။

သတိ။။မည်သည့်နို့အမျိုးအစားတိုက်သည်ဖြစ်စေ ရေကျက်အေးအနည်းငယ်ရောပေးပါ။

1129

အဆီမပါသော နို့သုံးလျှင် ဆီနောက်ထပ် ၁ဇွန်းရောပါ။

ဖြစ်နိုင်လျှင် နို့နှင့်ရေကိုကျိုချက်ပါ။ ခွက် (သို့) ဇွန်းနှင့်တိုက်ခြင်းသည် နို့ဘူးထဲထည့်၍ စို့စေခြင်းထက်ပိုကောင်းသည်။ ဘူးနှင့်နို့သီးခေါင်းသည် သန့်ရှင်းရန်မလွယ်၍ ဝမ်းလျောစေတတ်သည်။ မဖြစ်၍နို့ဘူးသုံးပါက နောက်တစ်ကြိမ်မသုံးမီ ဘူးနှင့်နို့သီးခေါင်းကိုသေချာပြုတ်ပါ။

နို့ဝယ်မတိုက်နိုင်လျှင် ဆန်မှုန့်၊ ပြောင်းမှုန့် (သို့) အခြားနှံစားသီးနှံအမှုန့်ကို ယာဂုကျိုပါ။ အခွံချွတ်ပြီး ပဲစေ့၊ ကြက်ဥ၊ အသား၊ ကြက်သားနှင့် အခြားပရိုတင်းများရော၍ညောင်စေးကျအောင်မှှေပါ။ ဖြစ်နိုင်လျှင် သကြားနှင့် ဆီနည်းနည်းထည့်ပါ။

သတိပြုရန် ပြောင်းမှုန့် သို့ ဆန်ပြုတ် တစ်ခုထဲမလုံလောက်ပါ။ ကလေးကြီးထွားမှုနည်း၍ ရောဂါရပြီး အသက်အန္တရာယ်ထိဖြစ်နိုင်သည်။

အခြားဖြည့်စွက်စာများရောပါ။

၆လ မှ ၁နှစ်ထိ

  1. မိခင်နို့ဆက်တိုက်ပါ။ ဖြစ်နိုင်လျှင် ၂နှစ် ၃နှစ်အရွယ်ထိဆက်တိုက်ပါ။
  2. ၆လရှိလျှင် မိခင်နို့အပြင် အခြားအစာများကျွေးပါ။ ပင်တိုင်စာကို (ဆန်ပြုတ်(သို့)ထမင်းနဲ ညောင်စေး ကျအောင် ရေ(သို့)နို့ဖြင့်ကျို၍ တိုက်ပါ။ အပိုစွမ်းအင်အတွက် ဟင်းချက်ဆီနည်းနည်း ရောပါ။ ရက်အနည်းငယ်ကြာလျှင် အခြားဖြည့်စွက်စာများပေါင်းပါ။ အစာသစ်ကိုတစ်ကြိမ်လျှင် တစ်မျိုးစီသာ နည်းနည်းချင်း တိုးထည့်ပါ။ သို့မှသာ ကလေးအစာချက်နိုင်မည်။ အစာသစ်ကိုသေချာချက်၍ ကောင်းစွာဖိချေပါ။ ကလေးမျိုရလွယ်စေရန် အစပိုင်းတွင်မိခင်နို့နည်းနည်းရောပါ။
  3. စျေးမကြီးသည့် အာဟာရပြင်ဆင်ရန် ပင်တိုင်စာထဲသို့ ဖြည့်စွက်စာများပေါင်းစပ်ပါ။ အရေးကြီးသည်မှာ ပေါင်းစပ်စာထဲသို့ အပိုစွမ်းအင်ဖြစ် (ဥပမာ ဆီ) အာဟာရနှင့်ရလွယ်လျှင် အပိုသံဓါတ် (အရွက်စိမ်း ဟင်းသီးဟင်းရွက်များ)ပေါင်းထည့်ပါ။
1130

သတိပြုရန်မှာ ကလေး၏အစာအိမ်သည် သေး၍တစ်ကြိမ်ထဲများများမဆန့်ပါ။ ထို့ကြောင့်မကြာခဏကျွေးပါ။ စွမ်းအင်မြင့်ဖြည့်စွက်စာ ထည့်ပါ။

ဟင်းချက်ဆီ ၁ဇွန်းထည့်ခြင်းကြောင့် ကလေး၏စွမ်းအင်လိုအပ်ချက်ပြည့်မီရန် အစာ၏လေးပုံသုံးပုံသာ လိုအပ်တော့သည်။ ဗိုက်ပြည့်ရုံသာစား၍ စွမ်းအင်လိုအပ်ချက် (ကယ်လိုရီ) ပြည့်ဝစေသည်။


သတိထားရန်။   ။ ၆လ မှ ၂နှစ်ကြားတွင် ကလေးအာဟာရချို့တဲ့မှုဖြစ်လေ့ရှိသည်။ မိခင်နို့သက်သက်နှင့် ကလေးစွမ်းအင်မလုံလောက်ခြင်းကြောင့်ဖြစ်သည်။ အခြားအစာများလိုအပ်သည်။ သို့သော် အစားအစာများပေါင်းစပ်တိုင်းလုံလောက်သော စွမ်းအင်မရတတ်ပေ။

ထိုအချိန်တွင် မိခင်နို့ဖြတ်ပါက ကလေးအာဟာရချို့တဲ့စပြုလာပြီဖြစ်သည်။

ဤအရွယ်ကလေးများ ကျန်းမာစေရန်အရင်ကလိုနို့ဆက်တိုက်ပါ။ ရေကိုစစ်၍ကျိုချက်သန့်စင်ပြီးမှတိုက်ပါ။

အခြားအာဟာရကျွေးပါ။ အစပိုင်းနည်းနည်းနှင့်စပါ။ကလေးပတ်ဝန်းကျင်သန့်ရှင်းပါစေ။

တစ်နေ့ ၅ကြိမ်ကျွေး၍ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား နေမကောင်းလျှင် အစာများများကျွေးပါ။ ရေများများတိုက်ပါ။

သွားရေစာကျွေးပါ။

အစာသန့်ရှင်းလတ်ဆတ်ပါစေ။

HIV ဖြစ်နေသောမိခင်အတွက်။  ။ ၆လပြည့်ပြီးလျှင် ကလေးထွားကြိုင်းသန်မာလာ၍ ဝမ်းလျောဝမ်းပျက်နှင့် အသက်ဆုံးရှုံးမည်ကို စိုးရိမ်ရန်မလိုတော့။ မိခင်နို့မှ အခြားနို့အမျိုးမျိုးနှင့် အစာများ ပြောင်းကျွေးရန် လိုသည်။ သို့မှသာ ကလေးHIV ကူးနိုင်ချေနည်းမည်။

တစ်နှစ်နှင့်အထက်


ကလေးတစ်နှစ်ကျော်လျှင် လူကြီးစာကျွေးနိုင်သည်။ မိခင်နို့ဆက်တိုက်ပါ။ (သို့) ရလွယ်လျှင် အခြားနို့တိုက်ပေးပါ။

နေ့စဉ်လူကြီးစာများများကျွေးပါ။ စွမ်းအားမြင့်အစာ၊ ပရိုတင်း၊ ဗိုက်တာမင်များ၊ သံဓါတ်၊ သတ်ထုဓါတ်များစသည့်ဖြည့်စွက်စာများရောကျွေးပါ။ သို့မှ ကျန်းမာ သန်စွမ်းကြီးထွားလာမည်။

ကလေးကောင်းစွာစားကြောင်းသေချာပါစေ။ သူ့ကိုယ်ပိုင်ပန်းကန်နှင့်ကျွေးပါ။ ကုန်သမျှထပ်ထည့်ကျွေးပါ။

ကလေးနှင့်အချိုများ ချိုချဉ်၊ အချိုမုန့်၊ အချိုရည်များများစားသောအကျင့်မလုပ်ပါနှင့်။ များလျှင်စားသင့်သည့်အစာမစားနိုင်။ အချိုသည် သွားကိုလည်း ထိခိုက်စေသည်။

သို့သော် ကျွေးရန်အာဟာရမလုံလောက်လျှင် (သို့) ပင်တိုင်အစားအစာတွင် ရေနှင့် အမျှင်ဓါတ် များနေလျှင် သကြားနည်းနည်းနှင့်

ဟင်းသီးဟင်းရွက်ဆီ ပေါင်းထည့်ပါ။ ကလေးအတွက်စွမ်းအင်အပိုရစေရန် ရသမျှ အစာထဲရှိ ပရိုတင်းကို အပြည့်အဝသုံးနိုင်မည်။

ကလေးအတွက်အကောင်းဆုံးအစာကျွေးနည်း

အာဟာရနှင့်ဆိုင်သော ဒုက္ခရောက်စေမည့် အယူမှားများ

  1. မီးတွင်းမိခင်အာဟာရ ဒေသအတော်များများတွင် လူတိုင်းလိုလက်ခံထားသည်မှာ မီးတွင်းမိခင်သည် အချို့ အစားအစာများကို လုံးဝရှောင်သင့်သည်ဟုဖြစ်သည်။ ထိုအထဲတွင် အာဟာရပြည့်ဝသည့် အစားအစာ များစွာပါဝင်သည်။ မီးတွင်းမိခင်ကိုပြောင်းဖူး၊ ခေါက်ဆွဲ၊ ဆန်ပြုတ်စသည်တို့ကိုသာစားစေ၍ မိခင် သွေးအားနည်းကာ အားယုတ်လာသည်။ သွေးဆင်းမှုနှင့်ရောဂါဘယခုခံနိုင်စွမ်းနည်းလာမှုတို့ကြောင့် အသက်အန္တရာယ်ပင်ရှိနိုင်သည်။
  2. မီးတွင်းမိခင် အာဟာရပြည့်ရန် ရတတ်သမျှ များများစားဖို့လို၏။

    ရောဂါဘယနှင့် သွေးဆင်းမှုတို့ကို ခုခံနိုင်ရန်နှင့် ကလေးအတွက် နို့ထွက်ရွင်စေရန် မီးတွင်း မိခင်သည် ပင်တိုင် အစားအစာနှင့်အတူ ခန္ဓာကိုယ် တည်ဆောက်မှု ဆိုင်ရာအာဟာရများ (ပဲအမျိုးမျိုး၊ ကြက်သား၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသား၊ ငါး များများစားရန် လိုသည်။

    ကာကွယ်မှုဆိုင်ရာ အာဟာရအသီးအနှံများ၊ ဟင်းသီးဟင်းရွက်၊ စွမ်းအင်မြင့်အာဟာရ၊ ဆီနှင့် အဆီဓါတ် ကြွယ်ဝသော အစာများ များများစားရမည်။ ဤအာဟာရအားလုံး တစ်ခုမျှ ဒုက္ခရောက်သည့် အစာမပါချေ။ မိခင်ကိုကောင်းကျိုးသာပေးနိုင်သည်။

    1134

  3. လိမ္မော်သီး၊ မာကလာသီးနှင့် အခြားအသီးအနှံများသည် အအေးမိ၊ တုတ်ကွေးနှင့် ချောင်းဆိုး ရောဂါကို ပိုဆိုးစေသည်မှာ လုံးဝမမှန်ပါ။ စင်စစ်အားဖြင့် လိမ္မော်သီး၊ ခရမ်းချဉ်သီး စသည်တို့မှာ ဗိုက်တာမင်စီ ကြွယ်ဝ၍ အအေးမိခြင်းနှင့်အခြားရောဂါများကို တွန်းလှန်ရာတွင် ကောင်းစွာ အကူအညီပေးနိုင်သည်။
  4. ဝက်သား၊ အပူအစပ်စာများ၊ မာကလာသီးတို့ကို ဆေးစားနေစဉ်ရှောင်ရမည်ဟူသည်မှာ မမှန်ပါ။ သို့သော် အစာအိမ်ရောဂါ (သို့) အစာချေလမ်းကြောင်း ရောဂါတစ်ခုခုရှိလျှင် အဆီ(သို့) အဆီများသော အစာများကြောင့် ဆေးစားသည်ဖြစ်စေ၊မစားသည်ဖြစ်စေ ပိုဆိုးစေနိုင်သည်။

ကျန်းမာရေးပြဿနာအချို့အတွက် အထူးစားဖွယ်များ

သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါရှိသူ၏ သွေးသည်ကြဲသည်။ သွေးဆုံးရှုံးမှု (သို့) သွေးနီဥများ အသစ် အစားမထိုးမီ ပျက်စီးမြန်မှုကြောင့်ဖြစ်သည်။ ဒဏ်ရာကြီးများ၊ အနာခွက်များနှင့် ဝမ်းကိုက်ခြင်းတို့မှ သွေးဆုံးရှုံး၍ သွေးအားနည်းတတ်သည်။ သွေးနီဥများပျက်စီးစေသည့် ငှက်ဖျားရောဂါတွင်လည်း သွေးအားနည်း တတ်သည်။ သံဓါတ်အလုံအလောက် မစားလျှင် သွေးအားနည်းခြင်းကို ပိုဆိုးစေသည်။

အမျိုးသမီးများတွင် လစဉ် ဓမ္မတာသွေးပေါ်ခြင်း၊ သားဖွားခြင်းနှင့် ကိုယ်ခန္ဓာ လိုအပ်သလောက် မစားလျှင် ဖြစ်တတ်၏။ ကိုယ်ဝန်ဆောင်များတွင် ကလေးကြီးထွားရန် သွေးပိုမိုလိုအပ်ချက်ရှိသဖြင့် ဆိုးဆိုးဝါးဝါး သွေးအားနည်းနိုင်သည်။

ကလေးငယ်များတွင် သံဓါတ်ကြွယ်ဝသောအစာများမစားခြင်းကြောင့် သွေးအားနည်းစေသည်။ ၆လ အထက် ကလေးကို မိခင်နို့အပြင် ဖြည့်စွက်စာများမကျွေးခြင်း၊ မလုံလောက်ခြင်းမှစ၏။ အခြား အကြောင်းမှာ ချိတ်သန်ကောင်များရှိခြင်း၊ ကာလရှည်ဝမ်းလျောခြင်းနှင့် ဝမ်းကိုက်ခြင်းတို့ဖြစ်သည်။

1135

သွေးအားနည်းခြင်း၏လက္ခဏာများ > > အသားအရေဖြူ၊ ဖျော့။ > မျက်ခွံအတွင်းသားအရောင်ဖျော့။ > လက်သည်းခွံဖြူ၊ ဖျော့။ > သွားဖုံးအရောင်ဖျော့။ > အားနည်း၊ နုံးချိ။ > > သွေးအားနည်းခြင်းအလွန်ပြင်းထန်လျှင် မျက်နှာ၊ ခြေထောက်ဖောသွပ်၏။ နှလုံးခုန်မြန်လွန်း၏။ အသက်ရှုမြန်၏။

> ဖုန်မှုန့်၊ သဲမှုန့်များစားမိသော ကလေးနှင့်အမျိုးသမီးများ အမြဲလိုသွေးအားနည်း၏။

>

သွေးအားနည်းမှုကို ကုသခြင်းနှင့်ကာကွယ်ခြင်း

သံဓါတ်ကြွယ်ဝသောအစာစားပါ။ အသား၊ ငါး၊ ကြက်သား သံဓါတ်ကြွယ်ဝ၏။ အသည်း သံဓါတ် အထူးကြွယ်ဝ၏။ အစိမ်းရင့်ရောင်ဟင်းသီး ဟင်းရွက်များ၊ ပဲတောင့်၊ ပဲသီး၊ ပဲစေ့၊ ပဲဆန်များတွင် လည်း သံဓါတ်ပါ၏။ သံထည်အိုးဖြင့်ချက်ပြုတ်ပါ။ ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကောင်းစေရန် အရွက်အသီးများ အစိမ်းတို့စားပါ။ ထမင်းနှင့်အတူကော်ဖီ၊ လ္ဘက်ရည်မသောက်ရ။

သွေးအားနည်းမှု အသင့်အတင့်မှ ဆိုးဝါးလျှင် သံဓါတ်အားဆေးသောက်ပါ။ (Ferrous sulfate) ၊ မိခင်လောင်းများ အတွက်အရေးကြီး၏။ ကိစ္စအတော်များများတွင် Ferrous sulfate သည် အသည်း အနှစ်ဆေး (သို့) B12 ထက်ပိုကောင်း၏။ သံဓါတ်ကို ပါးစပ်မှပေးပါ။ ထိုးဆေးမသုံးရ။

ထိုးဆေးမှာ အန္တရာယ်များ၍ အာနိသင်ပိုထူးမကောင်းပါ။

ဝမ်းကိုက်ခြင်းကြောင့် သွေးအားနည်းလျှင် (ဝမ်းသွားစဉ်သွေးပါ၍)၊ ချိတ်သန်ကောင်ကြောင့်ဖြစ်လျှင်၊ ငှက်ဖျား (သို့) အခြားအခြေခံ အကြောင်းရင်းရှိလျှင်ကုသပါ။

သွေးအားနည်းမှုအလွန်ဆိုး၍ ကုသော်လည်းတိုးတက်မလာလျှင် ဆေးရုံ၊ ဆေးခန်းသွားပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များတွင်အရေးကြီးသည်။ အမျိုးသမီးအများစုသွေးအားနည်းကြသည်။ သွေးအားနည်းလျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးပြီးသွေးသွန်ခြင်းများ ဖြစ်နိုင်သည်။

အမျိုးသမီးများအတွက် သံဓါတ်ကြွယ်ဝစာများနိုင်သမျှ များများစားဖို့လိုသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သည်။ ကိုယ်ဝန်ကို ၂နှစ် ၃နှစ် ခြားခြင်းသည် အမျိုးသမီးအတွက် သွေးအားပြန်ကောင်းရန် အချိန်ရစေသည်။

Rickets အရိုးပျော့ရောဂါ


နေရောင်ခြည်နှင့်မထိတွေ့ရသော ကလေးများတွင် ခြေထောက် ၂ဖက်လေးကိုင်းသဖွယ်ကောက်၍ အခြားအရိုးပုံပန်းမကျခြင်းများ ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် အားဖြည့်နို့ရည်နှင့် ဗိုက်တာမင်ဒီ (ငါးအသည်းဆီ) တိုက်ကျွေးကုသနိုင်သည်။ အလွယ်ဆုံးနှင့်စျေးအသက်သာဆုံး ကာကွယ်နည်းမှာ ကလေးအရေပြားကို နေရောင်နှင့် တိုက်ရိုက်ထိတွေ့စေခြင်းဖြစ်သည်။ တစ်နေ့ ၁၀ မိနစ်ခန့် ကာလ အတန်ကြာ မကြာခဏ နေရောင်ပြပေးရမည်။ (အပူမလောင်စေရန်လည်း သတိပြုရမည်။)ဗိုက်တာမင်ဒီကို အချိန်အကြာကြီး များများမပေးရ။ ကလေးကို ဒုက္ခပေးနိုင်သည်။

သွေးတိုးခြင်း

သွေးတိုးကြောင့် နောက်ဆက်တွဲပြဿနာမျိုးစုံ ပေါ်နိုင်သည်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းတို့ဖြစ်သည်။ ဝသူများတွင် သွေးတိုးလေ့ရှိသည်။

အန္တရာယ်ရှိသော သွေးတိုးရောဂါ၏လက္ခဏာများ

  • ခေါင်းမကြာခဏကိုက်ခြင်း။
  • လှုပ်ရှားမှုအနည်းငယ်လုပ်ရုံမျှဖြင့် နှလုံးခုန်ပြင်း၍အသက်ရှုမဝဖြစ်လွယ်ခြင်း။
  • အားနည်း၍ခေါင်းအုံမူးနောက်ခြင်း။
  • ဝဲဖက်ပခုံးနှင့်ရင်ဘတ်မကြာခဏအောင့်ခြင်း။

အခြားရောဂါများကြောင့်လည်းဖြစ်နိုင်သည်။ သံသယရှိလျှင်တတ်ကျွမ်းသူထံပြသပါ။ သွေးပေါင်ချိန်တိုင်းပါ။

သတိ။။ဖြစ်စတွင် ဘာလက္ခဏာမှမပြတတ်ပေ။ အခြားနောက်ဆက်တွဲများမဝင်ခင်သွေးပေါင်ချပါ။ အဝလွန်သူများနှင့် သံသယဖြစ်ဖွယ်ရှိသူများ ပုံမှန်စစ်ဆေးပါ။ ဆက်လက်လုပ်ဆောင်ရန်များ ဆိုင်ရာအခန်းတွင်ကြည့်ပါ။

သွေးတိုးရောဂါကာကွယ်ရန်နှင့်ဂရုပြုရန်များ

  • ဝလွန်းလျှင် ဝိတ်ချပါ။
  • အဆီရှောင်ပါ။ (ဝက်သား၊ အချို (သို့) ကစီဓါတ်များသောအစာများ) ဝက်ဆီအစား ဟင်းသီးဟင်းရွက်ဆီသုံးပါ။
  • ဆား (အငန်) လျှော့စားပါ။
  • ဆေးလိပ်မသောက်ရ။ အရက်များများမသောက်ရ။
  • သွေးတိုးလွန်းလျှင် ဆေးကျွေးရမည်။ ဝသူများဝိတ်ချလျှင်သွေးပေါင်ပါကျသည်။ ကိုယ်၊ စိတ် သက်တောင့်သက်သာထားပါ။

အဝလွန်သူများ


အဝလွန်လျှင်မကျန်းမာပေ။ သွေးတိုးခြင်း၊ လေဖြတ်တတ်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ ဆီးချိုရောဂါအမျိုးမျိုးဖြစ်ခြင်း၊ ခြေလက်အဆစ်ရောင်ခြင်းနှင့် အခြားပြဿနာမျိုးစုံရှိသည်။ တစ်ခါတစ်ရံ ဝလွန်း၍ မကျန်းမမာဖြစ်တတ်ပြီး တစ်ခါတစ်ရံမကျန်းမမာဖြစ်၍ အလွန် ဝလာတတ်သည်။

ရိုးရာဓလေ့စားသောက်သည့် အစားအစာများမှ လှအောင်၊ စားကောင်းအောင်၊ ကြာရှည်ခံအောင် ပြုပြင်ထားသောအစားအစာများ ပြောင်းလဲစားသောက်လာသောအခါ အထူးသဖြင့် အမှိုက်စာခေါ်သည့် ကယ်လိုရီများပြီး အာဟာရနည်းပါးသည့် အစာများကြောင့် ကိုယ်အလေးချိန်တက်ပြီး မမာမကျန်း ဖြစ်လာရသည်။

ဝိတ်လျှော့လျှင် ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ နေ့စဉ်ပုံမှန်ပြုဖွယ်များကိုသော်မှ ပြုရန်ခက်သည်အထိဖြစ်နေလျှင်ဝိတ်လျှော့ရန် အရေးတကြီးလိုအပ်လာပေပြီ။


  • ဝိတ်လျှော့ရန်အဆီလျှော့စားပါ။
  • သကြား၊ အချိုလျှော့စားပါ။
  • လှုပ်လှုပ်ရှားရှားပိုလုပ်ပါ။

အသင့်စားစရာများရှောင်ပါ။ အသီးအရွက်လတ်လတ်ဆတ်ဆတ်စားပါ။

ဝမ်းချုပ်ခြင်း

စမြင်းမာ၍ ၃ရက်တစ်ခါမျှ ဝမ်းမသွားလျှင် ဝမ်းချုပ်သည်ဟုခေါ်သည်။ ဝမ်းချုပ်ခြင်းသည် အစားအစာ ညံ့ဖျင်းခြင်း (အထူးသဖြင့် အသီးအရွက်စသော သဘာဝအမျှင်ဓါတ်ပါသည့် အစာနည်းပါးစွာစားခြင်း) ကြောင့်ဖြစ်ပြီး လေ့ကျင့်ခန်းမလုပ်လျှင်လည်းဖြစ်တတ်သည်။

ရေများများပိုသောက်ခြင်းနှင့်အသီးအရွက်သဘာဝအမျှင်ဓါတ်များသည့်ဂျုံကြမ်းပေါင်မုန့်၊ ပီလောပီနံ၊ အာတာလွတ်၊ ဖွဲနု၊ ရိုင်းစပါး၊ ဥနီ၊ နိုကိုဥ၊ စပျစ်သီးခြောက်၊ ခွံမာသီး၊ ဖရုံသီး၊ နေကြာစေ့ စသည်များ စားခြင်းသည် ဝမ်းပျော့စေ၍ ဝမ်းနှုတ်ဆေးထက်ပိုကောင်းသည်။ အစားအစာထဲတွင် ဟင်းသီးဟင်းရွက်ဆီ နေ့စဉ်နည်းနည်းထည့်စားလျှင် အဆင်ပြေသည်။ သက်ကြီးရွယ်အိုများလမ်းလျှောက်ခြင်း (သို့) လေ့ကျင့်ခန်း လုပ်ပေးလျှင် ပုံမှန်ဝမ်းအကျင့်ရသည်။

လေးရက်တစ်ခါမျှ ဝမ်းမသွားလျှင် ဗိုက်နာတတ်သည်။ ဝမ်းပျော့ဆေး MOM ပေးနိုင်သည်။ မကြာခဏဆေးမသုံးရ။

ကလေးပေါက်စနှင့်ကလေးငယ်များကို ဆေးမသုံးရ။ အလွန်ဝမ်းချုပ်လျှင် စအိုမှ ဟင်းချက်ဆီ အနည်းငယ် ထည့်၍ ဝမ်းချူနိုင်သည်။ လိုအပ်လျှင် စမြင်းမာများကို နှိုက်ထုတ် ရှင်းပေးနိုင်သည်။

ဗိုက်နာနေလျှင် ဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေး လုံးဝမသုံးရ။

ဆီးချို(သွေးချို)ရောဂါ

သွေးအတွင်းသကြားဓါတ်အလွန်များခြင်းကို ဆီးချို(သွေးချို)ရောဂါဟုခေါ်သည်။ ငယ်စဉ်ကစ၍ ဖြစ်သော သက်ငယ်ဆီးချိုနှင့်ကြီးမှ ဖြစ်သော သက်ကြီးဆီးချိုဟု ၂မျိုးရှိသည်။ သက်ငယ်ဆီးချိုက ပိုဆိုးသည်။ ရောဂါထိန်းရန် Insulin လိုအပ်သည်။ အသက် ၄၀ ကျော်မှ ဖြစ်လျှင် အစားလွန်၍ ဝရာမှ စတတ်သည်။

ဆီးချိုစောစောပိုင်းလက္ခဏာများ

  • အမြဲရေငတ်ခြင်း။
  • ဆီးများများ၊ ခဏခဏသွားခြင်း။
  • နုံးချိနေတတ်ခြင်း။
  • ဗိုက်ဟာနေတတ်ခြင်း။
  • ပိန်ကျသွားခြင်း။

နောက်ပိုင်း ပိုဆိုးသောလက္ခဏာများ

  • အရေပြားယားယံခြင်း။
  • မျက်စိမကြာခဏမှုန်ဝါးခြင်း။
  • ခြေလက်ထုံဖျင်းဖျင်းဖြစ်နေခြင်း။
  • မီးယပ်ရောဂါမကြာခဏဖြစ်ခြင်း။
  • ခြေဖဝါးအနာဖြစ်၍ မပျောက်နိုင်ပဲရှိနေခြင်း။
  • အလွန်ဆိုးလျှင် လုံးဝသတိလစ်ခြင်း။

အခြားရောဂါများတွင်လည်း ဤလိုလက္ခဏာများပြသနိုင်သည်။ ခွဲခြားသိရန် ဆီးစစ်ကြည့်ရမည်။ ယခင်က ဆီးကိုလျှာနှင့်အနည်း ငယ်တို့ကြည့်ရသည်။ ချိုသည်ဟုထင်လျှင် အခြား ၂ယောက်ကို ပါလျှာနှင့် တို့ကြည့်စေရမည်။ အခြားလူနာ ၃ဦး၏ဆီးများနှင့်နှိုင်းယှဉ်စစ်ဆေးပြီး ကွဲပြားမှုကို အားလုံး လက်ခံလျှင် ဆီးချိုရှိသည်ဟု ယူဆရမည်။

အခြားစမ်းသပ်နည်းမှာ စမ်းသပ်ကတ်ပြား (Uristix) ကိုဆီးတွင်းနှစ်ကြည့်၍ အရောင်ပြောင်းလျှင် အချိုဓါတ်ရှိသည်ဟု သိရသည်။

ကလေး(သို့)လူငယ်တွင်ဖြစ်လျှင် ဆရာဝန်ထံချက်ချင်းပို့လှှတ်ပါ။

၄၀ ကျော်အရွယ်တွင်ဖြစ်လျှင် အစားအသောက်ပုံစံပြောင်းခြင်းဖြင့် ဆေးမလိုပဲကောင်းနိုင်သည်။ ဆီးချိုဝေဒနာရှင်၏အစားအစာသည် အရေးကြီး၍တစ်သက်လုံး သတိထားလိုက်နာသင့်သည်။

ဆီးချိုအစားအစာပုံစံ။  ။ဝလျှင်ပုံမှန်ရောက်သည်ထိ ဝိတ်ချပါ။ အချို၊ ချိုချဉ်မစားရ။ မြည်းကြည့်၍ချိုလျှင်ပင်ရှောင်ပါ။ အမျှင်များသော အစားအစာအရေးပါ၏။ (ဥပမာ ပေါင်မုန့်ကြမ်း) ကစီဓါတ်ပါဝင်သောအစာများ (ပဲအမျိုးမျိုး၊ ဆန်၊ အာလူး)နှင့် ပရိုတင်းဓါတ်ကြွယ်ဝသောအစာများလည်း စားရမည်။

သက်ကြီးဆီးချိုသမားအတွက် တစောင်းခါးအရည်သောက်လျှင် အထောက်အကူဖြစ်ပါသည်။ တစောင်းခါးကိုနုပ်နုပ်စဉ်း၍ကြိတ်ချေအရည်ညှစ်ပါ။ လ်ဘက်ရည်ပန်းကန်လုံးတစ်လုံးခွဲ တစ်နေ့ ၃ကြိမ် အစာမစားမီသောက်သုံးနိုင်ပါသည်။

ရောဂါဘယနှင့်အရေပြားထိခိုက်မှုကို ကာကွယ်ရန်အစာစားပြီးတိုင်း သွားတိုက်ခြင်း၊ အရေပြား သန့်ရှင်းစွာထားခြင်း၊ ခြေထောက် မခိုက်မိအောင်ဂရုစိုက်ခြင်း အမြဲသတိပြုရမည်။ ခြေထောက်ပိုင်း သွေး အသွားအလာမကောင်းလျှင် (ညိုမည်း၊ ထုံကျဉ်) ခြေထောက်မြှင့်၍ အနားယူပါ။ ခြေထောက် သွေးကြောထုံးလျှင်လည်း ဖော်ပြပါနည်းသုံးနိုင်ပါသည်။

အစာမကြေ၊ အချဉ်ပေါက်၊ ရင်ပူ၊ အစာအိမ်အနာခွက်

အစာမကြေ အချဉ်ပေါက်ခြင်း (စားချင့်ပြန်)နှင့်ရင်ပူနာသည် အဆီများသောအစာများများစားခြင်း၊ အရက်(သို့)ကော်ဖီအသောက် များခြင်းကြောင့်ဖြစ်တတ်သည်။ အစာအိမ်မှ အက်ဆစ်ဓါတ် လွန်ကဲစွာ ထွက်စေ၍ ရင်ပြည့်ရင်ကယ်ဖြစ်ကာ အစာအိမ်(သို့)ရင်ညွန့်ဆီမှ ပူလောင်သော ဝေဒနာ ဖြစ်စေသည်။ အချို့က ရင်ဘတ်အောင့်ခြင်းနှင့်မှား၍ရင်ပူသည်ဟုသုံးသည်။ နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်း မဟုတ်ပဲ အစာမကြေ၍ဖြစ်သောရင်ပူနာဖြစ်သည်။ လှဲနေချိန်ပိုဆိုးလျှင် သေချာပေါက်ရင်ပူနာဖြစ်သည်။

မကြာခဏအစာမကြေ အချဉ်ပေါက်လျှင် အစာအိမ်အနာခွက်၏လက္ခဏာဖြစ်သည်။


အနာခွက်ဖြစ်ခြင်းသည် အစာချေစနစ်၏ နာတာရှည်ရောဂါဖြစ်သည်။ ပိုးကြောင့်ဖြစ်သည်။ အစာအိမ်တွင်အက်ဆစ်ဓါတ်လွန်ကဲခြင်း ကြောင့်မပျောက်နိုင်ဖြစ်ရသည်။ကာလရှည်ဖြစ်တတ်သည်။ မအီမသာ (တစ်ခါတစ်ရံထိုး၍) အစာအိမ်နေရာဆီမှ နာတတ်သည်။ အစာမကြေ အချဉ်ပေါက်ခြင်းနှင့် တွဲနေလျှင် အစာစားခြင်း (သို့) ရေများများသောက်ခြင်းဖြင့်အနာသက်သာနိုင်သည်။ အစာမစားပဲနေလျှင်၊ အရက်သောက်လျှင် (သို့) အဆီ (သို့) အစပ်စားမိလျှင်၊ စားပြီး ၁နာရီနှင့်အထက်ကြာလျှင် ပိုနာ လာတတ်သည်။ ညတွင်ပိုဆိုး၏။ မကြာခဏအစာအိမ်နေရာမှ နာတတ်လျှင် အစာအိမ် အနာခွက် ဟုတ်မဟုတ် ခွဲရန်ခက်သည်။ အနာခွက်သည် အစာအိမ်(သို့)အူတွင်ပွင့်နေသော အနာဖြစ်သည်။

အနာခွက်ကြီးလျှင်အန်မည်။ သွေးပါမည်။ ကြေစပြုသောအစာများ ကော်ဖီရောင် အနှစ် အဖြစ် အန်မည်။ သွေးပါနေသော အနာခွက်ကြောင့် ဖြစ်သည့် မစင်မှာ အနက်ရောင်ကတ်တရာကဲ့သို့ဖြစ်နေမည်။

သတိ။။အချို့အနာများလုံးဝမနာကျင်ပါ။ အရင်ဆုံးသွေးအန်ခြင်း၊ အနက်ရောင်ဝမ်း ခပ်ချွဲချွဲ သွားခြင်းဖြစ်လျှင် အရေးပေါ်အခြေအနေဖြစ်နေပေပြီ။ သွေးထွက်မှုမြန်လျှင် အသက်ကိုဒုက္ခပေးနိုင်သည်။ ဆေးရုံအမြန်ပို့ပါ။

ကာကွယ်ခြင်းနှင့်ကုသခြင်း

ရင်ပူခြင်း၊ အစာမကြေခြင်း၊ အချဉ်ပေါက်ခြင်းနှင့် အနာခွက်ကြောင့်နာလျှင် အနာသက်သာအောင် နောက်ထပ်မနာအောင်ပြုလုပ်ပါ။

  • တနင့်တပိုးမစားရ။ နည်းနည်းချင်းခွဲ၍ ခဏခဏစားပါ။

  • အနာပိုဆိုးစေသော အစားအသောက်ကို သတိပြုရှောင်ရှားပါ။ (အရက်၊ ကော်ဖီ၊ အစပ်၊ ငရုပ်ကောင်း၊ အမြုပ်ထအချိုရည် (ဆိုဒါ၊ ကိုလာစသည်များ)၊ အဆီ၊ အဆီများသောအစားအစာ။
  • ရင်ပူခြင်းမှာ လဲလျောင်းစဉ်ဖြစ်၍ ညမှာပိုဆိုးလျှင် ခေါင်းရင်းပိုင်းအနည်းငယ်မြင့်၍အိပ်ပါ။


  • ရေများများသောက်ပါ။ မစားမီနှင့်စားပြီး ရေဖန်ခွက်ကြီးကြီး ၂ခွက်ခန့်သောက်ပါ။ ကြားထဲတွင်လည်း ရေမကြာခဏသောက်ပါ။ ခဏခဏနာလျှင် မနာသည့်အချိန်ရေသောက်ပါ။

  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ဝါးခြင်းသည်အစာအိမ်မှအက်ဆစ်ပိုထွက်၍ရောဂါပိုဆိုးစေသည်။
  • အက်ဆစ်ဓါတ်ဖျက်သည့်ဆေးစားပါ။ အကောင်းဆုံး၊ စိတ်အချရဆုံးဆေးမှာ မဂ်ဂနီစီယမ်နှင့် အလူမီနီယမ်ဟိုက်ဒြောဆိုက် ပါသော ဆေးများဖြစ် သည်။ (ဆိုင်ရာအခန်းတွင်လေ့လာပါ)။
  • ဖော်ပြပါနည်းများအလုပ်မဖြစ်လျှင် အစာအိမ်အနာခွက်ရှိနေနိုင်သည်။ အနာဖြစ်စေသောပိုးသတ်သည့်ဆေး ၂မျိုးသုံးနိုင်သည်။ Amoxicillin, Tetracycline နှင့် Metronidazole တို့ဖြစ်သည်။ အက်ဆစ်ထုတ်လုပ်မှုလျှော့ချသည့်ဆေး Omprazole(prilosec) သို့ ranitidine(Zantac) သုံးနိုင်သည်။ ထိုဆေးများသည် ဝေဒနာသက်သာ၍ ရောဂါပျောက်စေနိုင်သည်။

  • ရှားစောင်းလက်ပတ်သည် အနာခွက်ကိုပျောက်စေနိုင်သည်။ ရှားစောင်းလက်ပတ်ရွက်ကို နုပ်နုပ်စဉ်းပါ။ တစ်ညရေစိမ်၍ခပ်ချွဲချွဲ၊ ခါးခါးအရည်ကို ၂နာရီခြား တစ်ခွက်သောက်နိုင်သည်။

သတိထားရန်

  1. ၁။ အချို့အက်ဆစ်ဓါတ်ဖျက်ဆေးများ ဥပမာ Sodium bicarbonate (မုန့်ဖုတ်ဆော်ဒါ) နှင့် AlkaSeltzer သည် အနာချက်ချင်းသက်သာစေသည်။ သို့သော် မကြာမီအက်ဆစ်ပို၍များများထွက်စေသည်။ အစာမကြေအချဉ်ပေါက်ခြင်းအတွက်သာသုံး၍ အစာအိမ်အနာခွက်အတွက် မသုံးသင့်ပါ။ ကယ်လစီယမ်ပါသောအက်ဆစ်ဓါတ်ဖျက်ဆေးများလည်းထိုနည်းတူပင်။
  2. ၂။ အချို့ဆေးများ (Aspirin နှင့် Ibuprofen တို့သည် အစာအိမ်အနာပိုဆိုးစေသည်။ အစာအိမ်ပြဿနာများတွင်ရှောင်ပါ။ Paracetamol သုံးပါ။ Steriods ဆေးများလည်း အလားတူဖြစ်သည်။

အစာအိမ်အနာကို စောစောကုရန်အရေးကြီးသည်။ မဟုတ်လျှင် သွေးထွက်ခြင်းမှ ဝမ်းတွင်းမြှေးရောင်သည် ထိဖြစ်တတ်သည်။အစားအသောက် ဆင်ခြင်ခြင်းကြောင့် အစာအိမ်နာ သက်သာတတ်သည်။ စိတ်တိုခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်းတို့ကြောင့် အက်ဆစ် ပိုထွက်စေသည်။ သက်တောင့်သက်သာ ဖြေလျှော့ခြင်းကြောင့် သက်သာစေနိုင်သည်။ အနာပြန်မဖြစ်အောင် ပိုးသတ်ဆေးများသုံးနိုင်သည်။

အစားမကြူးခြင်း၊ အရက်/ကော်ဖီရှောင်ခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးဝါးမှုရှောင်ခြင်းဖြင့် အစာအိမ်အနာသေးငယ်ပျောက်ကင်းစေနိုင်သည်။

လည်ပင်းကြီးရောဂါ

လည်ပင်းတွင် အကျိတ်သေးသေးမှအတော်ကြီးသည်အထိရှိတတ်သည်။ သိုင်းရွိုက်ဂလင်း ပုံစံမမှန်ကြီးရာမှ ဖြစ်တတ်သည်။

ရောဂါအများစုမှာ အစာထဲတွင်အိုင်အိုဒင်းနည်းမှုကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင် အိုင်အိုဒင်းနည်းလျှင် ကလေးသေခြင်း၊ ဥာဏ်ရည်မမီသော (သို့) ထုံထိုင်းနားလေးသောကလေး (Hypothyroidism) မွေးလာတတ်သည်။ မိခင်ကိုယ်တိုင်လည်ပင်းကြီးရောဂါမရှိသော်လည်း ကလေးထိုသို့ဖြစ်နိုင်သည်။

လည်ပင်းကြီးရောဂါနှင့်Hypothyroidism တို့သည် အိုင်အိုဒင်းဓါတ်နည်းသော ရေ၊ မြေ၊ အစားအစာရှိသည့်တောင်ပေါ်ဒေသတွင် အဖြစ်များသည်။ အချို့အစားအစာများ များစွာ စားရလေ့ရှိလျှင်လည်း ဖြစ်တတ်သည်။ (ဥပမာ Cassava၊ အာတာလွတ်၊ ပီလောပီနံ)။

လည်ပင်းကြီးနှင့် Hypothyroidism ဘယ်လိုကာကွယ်မလဲ

ဖြစ်တတ်သည့်ဒေသတွင် အိုင်အိုဒင်းဆား စားသုံးခြင်းဖြင့်ကာကွယ်နိုင်သည်။ အိုင်အိုဒင်းဆားသည် ဖြစ်စလည်ပင်ကြီးရောဂါကို ကာကွယ်သည်။ အဖြစ်ကြာ၍ရင့်နေသော လည်ပင်းကြိတ်ကြီးကိုခွဲစိတ်ဖယ်ထုတ်နိုင်သည်။ (သို့သော်အမြဲဤသို့လုပ်ရန်မလိုပေ)။

အိုင်အိုဒင်းဆားမရနိုင်လျှင် အိုင်အိုဒင်းဆီကိုစားသုံး(သို့)ထိုးပေးနိုင်သည်။ (သို့) Povidone အိုင်အိုဒင်း တစ်စက်ကို ရေတစ်လီတာတွင် ဖျော်ထည့်၍ တစ်ပတ်တစ်ခါ တစ်ဖန်ခွက်သောက်နိုင်သည်။

ဤအလွယ်နည်းမှာသိပ်မကောင်းပေ။ ဂဏာန်းနှင့်အခြားပင်လယ်စာများစားခြင်းက ပိုကောင်းသည်။ ထိုအစာများတွင် အိုင်အိုဒင်းကောင်းစွာပါသည်။ ပင်လယ်ရေညှိနှင့် အစားအစာများ ရောစားခြင်းဖြင့်လည်း အိုင်အိုဒင်းရစေသည်။ အလွယ်ဆုံး အကောင်းဆုံးမှာ အိုင်အိုဒင်းဆားဖြစ်သည်။

1145

လည်ပင်းကြီးရောဂါဘယ်လိုကာကွယ်မလဲ

ပုံမှန်ဆားမသုံးရ။

အိုင်အိုဒင်းဆားအမြဲသုံးပါ။

အိုင်အိုဒင်းဆား ရိုးရိုးဆားထက်နည်းနည်းပိုကုန်၍ အများကြီးကောင်းသည်။

ဖြစ်တတ်သောနေရာများတွင်(သို့)လည်ပင်းပျို့အန်ချင်ချင်ဖြစ်လျှင် Cassava နှင့်ဂေါ်ဖီထုပ်များများမစားရ။

မှတ်သားရန်။  ။ လည်ပင်းကြီး၍ခြေလက်ထုံလျှင်၊ ဂနာမငြိမ်ဖြစ်လျှင်၊ မျက်စိပြူးထွက်လျှင် အဆိပ်တက်လည်ပင်းကြီးရောဂါဖြစ်သည်။ ဆေးရုံပို့ပါ။