home

အခန်း ၁၄ အထူးစောင့်ကြပ်ဆေးကုသမှုလိုအပ်သည့် ပြင်းထန်သောနာမကျန်းဖြစ်ခြင်း



ခေါင်းစဉ်များ


ဤအခန်းတွင် ဖော်ပြထားသောရောဂါများသည် ဆေးမစား မထိုးပဲ ကုသရန်ခက်ခဲခြင်း (သို့) မဖြစ်နိုင်သောရောဂါများဖြစ်သည်။ ရောဂါကုသရန် သီးသန့်ဆေးဝါးများ လိုအပ်ပြီး ကျေးရွာများတွင် ရရှိရန်ခက်ခဲတတ်သည်။ အိမ်သုံးဆေးဝါးများဖြင့် ဤရောဂါများကို မကုသနိုင်ပါ။ တစ်စုံတစ်ဦးသည် ဤရောဂါများဖြစ်ခဲ့လျှင် ဆေးအကူအညီ အလျှင်အမြန် ရရှိမျှသာ ထိုသူအတွက် ပြန်ကျန်းမာရန် အခွင့်အလမ်းများ ပါမည်။

သတိ။ ။ ဤအခန်းတွင် ဖော်ပြထားသော ရောဂါများသည် အလွန်ပြင်းထန်ခြင်းနှင့် ဆေးပညာရှင်များ၏ အကူအညီ လိုပေသည်။ အသက် အန္တရာယ်ရှိသော နာမကျန်းဖြစ်ခြင်း လက္ခဏာများ အခန်းတွင်ကြည့်ပါ။

တီဘီရောဂါ (တီဘီ၊ အဆုတ်တီဘီရောဂါ)

အဆုတ်တီဘီရောဂါသည် နာတာရှည်ဖြစ်ခြင်း (ရက်ရှည်)၊ ကူးစက်ရောဂါ (လွယ်ကူစွာပြန့်နှံ့ခြင်း)ကြောင့် လူတိုင်းရောဂါ ရရှိနိုင်သည်။ သို့သော် အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားရှိလူများတွင် အဖြစ်များပြီး အထူးသဖြင့် အားနည်းနေသူ၊ အာဟာရချို့တဲ့နေသူ၊ HIV ရောဂါရှိသူနှင့် တီဘီရောဂါဖြစ်နေသူနှင့် အတူနေထိုင်သူများတွင် အဖြစ်များပါသည်။ HIV ရောဂါပိုးရှိသူများသည် တီဘီရောဂါကူးစက်ဖြစ်ပွားလျှင် အလွန် မကျန်းမာဖြစ်တတ်သဖြင့် ထိုသူများသည် တီဘီရောဂါ စစ်ဆေးသင့်သည်။ HIV ရောဂါရှိသူများသည် Isoniazid ဆေးကို တီဘီရောဂါကာကွယ်ရန် သောက်သင့်သည်။ တီဘီရောဂါဖြစ်နေသူများကိုလည်း HIV ရောဂါပိုးရှိမရှိ စစ်ဆေးရန် စည်းရုံးစစ်ဆေး၍ ရှိခဲ့လျှင် စီမံချက်ဆေးကုသနည်း အတိုင်းကုသပါ။

တီဘီရောဂါသည် ကုသ၍ ပျောက်ကင်းပါသည်။ နှစ်စဉ် ဤရောဂါဖြင့် လူထောင်ပေါင်းများစွာ သေကြေပျက်စီးရသည်။ ကာကွယ်ခြင်းနှင့် ကုသခြင်း (၂) မျိုးလုံးအတွက် အရေးကြီးဆုံးမှာ တီဘီရောဂါကို ဆောလျင်စွာ ကုသခြင်းဖြစ်သည်။ တီဘီရောဂါ လက္ခဏာများကို ရှာဖွေရမည်။

လူနာမှာ အောက်ဖော်ပြပါ အချက်တစ်ချက်အပြင် ပို၍ရှိနိုင်သည်။

တီဘီရောဂါ၏အဓိကလက္ခဏာများ

  • ၃ပတ်ထက်ပို၍ ချောင်းဆိုးခြင်း၊ အိပ်ယာထစတွင်ပိုဆိုးခြင်း။
  • ညနေပိုင်း အနည်းငယ်ဖျားတက်ခြင်း၊ ညလယ်တွင်ချွေးစေးပြန်ခြင်း။
  • ရင်အုပ်အပေါ်ပိုင်းနှင့်ကျောကုန်းအပေါ်ပိုင်း အောင့်/နာကျင်ခြင်း။
  • ကိုယ်အလေးချိန် တစ်ဖြေးဖြေးကျခြင်းနှင့် တစ်ဖြေးဖြေးအားယုတ်လာခြင်း။

အလွန်ပြင်းထန်သော် (သို့) နောက်ဆုံးအဆင့်လူနာများတွင်

  • ချောင်းဆိုးသွေးပါခြင်း။ (ပုံမှန်အားဖြင့် အနည်းငယ်သာပါသော်လည်းအချို့မှာများစွာပါတတ်သည်။)
  • သွေးအားနည်းခြင်း၊ အရေပြား ပျားဖယောင်းကဲ့သို့တင်းမာလာခြင်း၊ အသားညိုသူများတွင် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လာခြင်း။
  • အသံသြလာခြင်း။ (အလွန်ပြင်းထန်သောအဆင့်)

ကလေးငယ်များတွင် ချောင်းဆိုးခြင်းသည် နောက်ကျမှဖြစ်မည်။

  • ကိုယ်အလေးချိန်တစ်ဖြေးဖြေးလျော့ကျခြင်း။
  • မကြာခဏဖျားခြင်း။
  • အရေပြားဖြူဖပ်ဖြူရော်ဖြစ်ခြင်း။
  • လည်ပင်းတွင်အကျိတ်ထခြင်း (ပြန်ရည်ကျိတ်) သို့မဟုတ် ဝမ်းဗိုက်ဖောင်းခြင်း

တီဘီရောဂါသည် အဆုတ်တွင်အဖြစ်များသည်။ သို့သော်လူတစ်ကိုယ်လုံး ဘယ်နေရာမဆို ဖြစ်နိုင်သည်။ ကလေးငယ်များတွင် ဦးနှောက်အမြှေးရောင်သည်။ အထိဖြစ်နိုင်သည်။ တီဘီရောဂါကြောင့် အရေပြားပြဿနာကို တွင်ကြည့်ပါ။

အကယ်၍သင့်ကိုယ်သင်တီဘီရောဂါဖြစ်ပြီဟုထင်လျှင်

ဆေးရုံ၊ ဆေးခန်းသို့ပြပါ။ တီဘီရောဂါ လက္ခဏာ စပြသည်နှင့် ဆေးရုံ၊ ဆေးခန်းသို့ပြသ၍ စမ်းသပ်စစ်ဆေးမှုခံယူပါ။ ချောင်းဆိုး၍ ထွက်လာသောသလိပ်ကိုတီဘီရောဂါဟုတ်မဟုတ် ဓါတ်ခွဲစစ်ဆေးပါ။ နိုင်ငံတော်တော်များများ အစိုးရမှ တီဘီဆေးကို အခမဲ့ပေးဝေလေ့ ရှိသည်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ပြပါ။ အောက်ဖော်ပြပါ ဆေးများပေးပါမည်။

  • Isoniazid (INH) အိုင်ဆိုနိုင်ယာဇစ်သောက်ဆေး
  • Rifampicin ရိုင်ဖင်ပီစင်သောက်ဆေး
  • Pyrazinamide ပိုင်ရာဇီနမိုက်သောက်ဆေး
  • Ethambutol အီသမ်ဗျူသောသောက်ဆေး
  • Streptomycin စထရက်ပ်တိုမိုင်စင်ထိုးဆေး

တီဘီဆေးများကို ညွှန်ကြားချက်အတိုင်း သေသေချာချာ သောက်ရန် အရေးကြီးပေသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုသချက်များ မတူညီသော်လည်း ကုသမှုမှာ (၂) ပိုင်းရှိပါသည်။ပထမ (၂)လတွင်ဆေး(၄)မျိုး သောက်ရမည်ဖြစ်ပြီး ၂ လပြည့်လျင် သလိပ် ပြန်စစ်ရပါမည်။ ရောဂါသက်သာလျှင် နောက်ထပ်ဆေး (၂)မျိုး (သို့) (၃) မျိုးကို (၄) လသောက်ရပါမည်။ ထို့နောက် ရောဂါပျောက်မပျောက် စစ်ဆေးရပါမည်။ အနည်းငယ် သက်သာရုံနှင့် ဆေးသောက် လုံးဝမရပ်ပါနှင့်။ ဤနည်းဖြင့် သင်သည် ပိုဆိုးသည့် ကုသရန် ခက်ခဲသည့် တီဘီရောဂါပြန်ဖြစ်နိုင်ပြီး သင်နှင့်သင့် မိသားစုဝင်များသို့ ကူးစက်စေနိုင်သည်။ ဆေးယဉ်ပါး တီဘီရောဂါ ဟု ခေါ်ပါသည်။ တီဘီရောဂါ လုံးဝ ပျောက်ကင်းရန်မှာ ဆေး (၆)လပြည့်အောင် သောက်ရန်လိုပြီး လိုအပ်လျှင် တစ်နှစ် အထိ သောက်ရပါမည်။

ထို့အပြင် အင်အားဖြစ်စေသော အစားအစာများ၊ အသားဓာတ်ပရိုတိန်း များများပါသော အစားအစာများနှင့် ဗိုက်တာမင်များ ကို များများ စားပေးရပါမည်။ အနားယူရန်လည်း အရေးကြီးပါသည်။ ဖြစ်နိုင်လျှင် နေပြန်ကောင်းလာသည် အထိ အလုပ်မှအနားယူရန် လိုအပ်ပါသည်။ အလုပ်ကြမ်း မလုပ်ပါနှင့်။အလုပ်ကြမ်း လုပ်ခြင်းဖြင့် မောပန်းလွယ်ပြီး အသက်ရှု ခက်ခဲတတ်ပါသည်။ လုံလောက်စွာ အနားယူ၍ အိပ်ရေးဝဝအိပ်ပါ။

ကိုယ်ခန္ဓာ အခြားနေရာတွင် ဖြစ်သော တီဘီရောဂါအတွက် အဆုတ်တီဘီကုသကဲ့သို့ ကုသမည်ဖြစ်သော်လည်း ဆေးကုသချိန် ပိုကြာပါသည်။ ၎တို့မှာ လည်ပင်းပြည်ရည်ကျိတ် တီဘီ၊ အူတီဘီ ၊ အရေပြား တီဘီ နှင့် အဆစ် တီဘီ (ဒူးဆစ်တီဘီ) ဖြစ်သည်။ ကလေးငယ်များတွင် ဖြစ်တတ်သော ပြင်းထန်သော ကျောရိုးတီဘီမှာ လေဖြတ်ခြင်းကို ကာကွယ်ရန် ခွဲစိတ်ကုသရန် လိုအပ်သည်။

(အခန်း ၂၁ ဒုက္ခိတကလေးတို့၏ကျေးရွာတွင်ကြည့်ပါ။)

တီဘီရောဂါသည် ကူးစက်ရန ်အလွန် လွယ်ကူမြန်ဆန်သည်။ တီဘီရောဂါရှိသူမှ လေထုထဲသို့ တီဘီရောဂါပိုးများကို ချောင်းဆိုး ထုတ်ခြင်းဖြင့် ကူးစက်ပြန့်နှံ့သည်။ မည်သူမဆို အထူးသဖြင့် ကလေးငယ်များ တီဘီရောဂါရှိသူနှင့် နီးကပ်စွာ နေထိုင်ခြင်းသည် တီဘီရောဂါကူးစက်နှုန်း ပိုမြင့်ပါသည်။

အိမ်တစ်အိမ်တွင် တီဘီရောဂါဖြစ်သူတစ်ယောက်ရှိပြီဆိုလျှင်

  • ဖြစ်နိုင်လျှင် မိသားစုဝင်အားလုံး တီဘီရောဂါရှိ မရှိ စမ်းသပ်စစ်ဆေးပါ။ (Tuberculin စမ်းသပ်ချက်)
  • ကလေးငယ်များကို တီဘီကာကွယ်ဆေး (B.C.G) ထိုးပါ။
  • လူတိုင်း အထူးသဖြင့် ကလေးငယ်များ အာဟာရပြည့်ဝသောအစားအစာများများစားပါ။
  • တီဘီရောဂါရှိသူသည် ချောင်းဆိုးပျောက်သည်အထိ ကလေးငယ်များနှင့်ခွဲ၍ စားသောက်ခြင်း၊ ခွဲအိပ်ခြင်း(ဖြစ်နိုင်လျှင် အခန်းခွဲအိပ်ခြင်း) ပြုလုပ်ရမည်။
  • တီဘီရောဂါရှိလျှင် ချောင်းဆိုးပါက လက်ဝါးဖြင့်အုပ်ဆိုးရမည်။ ကြမ်းပြင်ပေါ်တံတွေးမထွေးရပါ။
  • မိသားစုဝင်များကို တီဘီရောဂါလက္ခဏာများနှင့် ကိုယ်အလေးချိန်ကျမကျ စောင့်ကြပ်ကြည့်ရှုပါ။ ကိုယ်အလေးချိန် ချိန်ပါ။ ကလေး ငယ်များတွင် အထူးသဖြင့် (၁)လ(၁)ခါချိန်ပါ။ အိမ်တွင်တီဘီရောဂါဖြစ်သူလုံးဝမရှိသည်အထိ ပြုလုပ်ပါ။

မိသားစုဝင်များအား တီဘီရောဂါပိုးကူးစက်ပုံမှာ အလွန်နှေးကွေးစွာနှင့်ညင်သာတတ်ပါသည်။ မိသားစုဝင်တစ်ဦး တီဘီရောဂါ လက္ခဏာ တွေ့ပါက ချက်ချင်းစမ်းသပ်စစ်ဆေးမှုခံယူ၍ ချက်ချင်းဆေးကုသမှုခံယူပါ။

"ကာကွယ်ခြင်းအတွက်သော့ချက်မှာ ဆောလျင်စွာနှင့်ပြည့်ဝစွာကုသမှုခံယူခြင်းပင်ဖြစ်သည်။"

ခွေးရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါသည်ရောဂါရှိသော(သို့)ရူးနေသော တိရိစ္ဆာန်ကိုက်ခြင်းကြောင့် ဖြစ်သောရောဂါဖြစ်သည်။ အထူးသဖြင့် ရူးနေသောခွေး၊ ကြောင်၊ မြေခွေး၊ ဝံပုလွေ၊ မြွေပါနှင့် တောခွေးများ ကိုက်လျှင် ဖြစ်တတ်သည်။ လင်းနို့နှင့် အခြားတိရိစ္ဆာန်များ ကြောင့်လည်း ခွေးရူးရောဂါ ကူးစက်တတ်ပါသည်။

ခွေးရူးပြန်ရောဂါ၏ရောဂါလက္ခဏာများ

တိရိစ္ဆာန်များတွင်

  • ထူးခြားစွာပြုမူတတ်ခြင်း၊ တစ်ခါတစ်ရံစိတ်ဓါတ်ကျခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းနှင့် ရန်လိုတတ်ခြင်း။
  • ပါးစပ်မှအမြှုပ်တစီစီထွက်ခြင်း။ အစာမစား၊ ရေမသောက်နိုင်ခြင်း။
  • တစ်ခါတစ်ရံတိရိစ္ဆာန်သည်ရူးသွား၍ အနီးအနားရှိမည်သူမဆို မည်သည့်အရာမဆိုကိုက်ဖဲ့ခြင်း။
  • တိရိစ္ဆာန်သည် ၅ရက်မှ၇ရက်အတွင်း သေဆုံးခြင်း။

လူတွင်ဖြစ်တတ်သောလက္ခဏာများ

  • အကိုက်ခံရသောနေရာတစ်ဝိုက်နာကျင်ခြင်းနှင့်ထုံကျင်ခြင်း။
  • အသက်ရှုပုံမမှန်ခြင်း။ ငိုယိုပြီးချိန်တွင်ပိုဆိုးခြင်း။
  • မျိုချရန် နာကျင်ခြင်းနှင့်ခက်ခဲခြင်း။ ရေကြောက်ခြင်း။ သွားရည်ပျစ်စေးစေးများကျခြင်း။
  • လူမျာတက်ကြွလန်းဆန်းနေသော်လည်း အလွန်ထိတ်လန့်ကြောက်ရွံ့ခြင်း (သို့) စိတ်လှုပ်ရှားခြင်းရှိသည်။ ဒေါသကြီး၍တက်ခြင်း ဖြစ်တတ်သည်။
  • သေခါနီးတွင်ဝက်ရူးပြန်ခြင်း (တက်ခြင်း၊ သတိလစ်ခြင်း) နှင့်လေဖြတ်ခြင်းတို့ဖြစ်တတ်သည်။

တစ်စုံတစ်ယောက်အားကိုက်ခဲ့သောတိရိစ္ဆာန်တွင် ခွေးရူးပြန်ရောဂါရှိသည်ဟု သင်ယုံကြည်လောက်သော အကြောင်းပြချက်ရှိခဲ့လျှင်

  • ထိုတိရိစ္ဆာန်ကို တစ်ပတ်ခန့်ချုပ်နှောင် (သို့) လှောင်အိမ်တွင်းထားပါ။
  • အကိုက်ခံရသောနေရာကို ဆပ်ပြာ၊ ရေနှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ရည်ဖြင့် စင်ကြယ်စွာဆေးကြောရမည်။ ဒါဏ်ရာကိုမအုပ်ပါနှင့်။ ဖွင့်ထားပါ။
  • တစ်ပတ်အတွင်း တိရိစ္ဆာန်သေဆုံးခဲ့လျှင် (သို့မဟုတ် အသတ်ခံရလျှင် သို့မဟုတ် မဖမ်းဆီးနိုင်ခဲ့လျှင်) အကိုက်ခံရသူကို ဆေးရုံ၊ ဆေးခန်းသို့ပြသ၍ ခွေးရူးပြန်ပျောက်ဆေးနှင့်ကာကွယ်ဆေးထိုးရန်ကူညီပါ။

ပထမဆုံးသောခွေးရူးပြန်ရောဂါလက္ခဏာသည် အကိုက်ခံရပြီး (၁၀)ရက် မှ (၂)နှစ်အတွင်း (သာမန်အားဖြင့် ၃ ပတ် မှ ၇ ပတ်) ပေါ်တတ်သည်။ ကုသချက်အား ရောဂါလက္ခဏာ စတင်မပေါ်ပေါက်မီကုသမှုပေးရမည်။ ရောဂါလက္ခဏာပြသည်နှင့် ဆေးကုသရန်ဆေးမရှိပါ။

ကာကွယ်ခြင်း

  • သတ်ပြီးမြေမြှုပ်ပါ (သို့မဟုတ် တစ်ပတ်ခန့်လှောင်ထားပါ) သံသယရှိ တိရိစ္ဆာန်များအား။
  • ခွေးများအား ကာကွယ်ဆေးထိုးသော စီမံချက်တွင်ကူညီပါ။
  • နေမကောင်းဖြစ်နေသော (သို့) ထူးဆန်းစွာပြုမူနေသောတိရိစ္ဆာန်များနှင့်ကလေးငယ်များကို ဝေးဝေးခွဲထားပါ။

နေမကောင်းဖြစ်နေသော (သို့) ထူးဆန်းစွာပြုမူနေသော တိရိစ္ဆာန်များကိုသတိကြီးစွာထား၍ ကိုင်တွယ်ပါ။

မည်သူ တစ်စုံတစ်ဦးကိုမျှ မကိုက်သော်လည်း တံထွေးရည်/သွားရည်များသည် ထိခိုက်ရှနာ (သို့) ကုတ်ခြစ်နာများနှင့် ထိတွေ့လျှင်လည်း ခွေးရူးပြန်ရောဂါဖြစ်နိုင်ပါသည်။

မေးခိုင်ရောဂါ (မေးခိုင်ခြင်း) Tetanus

တိရိစ္ဆာန် (သို့) လူတို့၏မစင်တွင် နေထိုင်သော ရောဂါပိုးသည် ခန္ဓာကိုယ်တွင်းသို့ ဒဏ်ရာမှတစ်ဆင့် ဝင်ရောက်ခြင်းဖြင့် မေးခိုင်ရောဂါကို ဖြစ်စေသည်။ ဒဏ်ရာနက်နက် (သို့) ညစ်ပတ်သော ဒဏ်ရာများသည် အထူးသဖြင့် အန္တရာယ် ပိုကြီးပါသည်။

မေးခိုင်ရောဂါဖြစ်စေနိုင်သောဒဏ်ရာအမျိုးအစားများ

1404a

1404b

မွေးကင်းစကလေးတွင် မေးခိုင်ရောဂါဖြစ်စေသောအကြောင်းများ

သန့်ရှင်းစွာနေထိုင်သည့်ဓလေ့အားနည်းခြင်း (သို့) သာမန်သတိပြုရမည့်အချက်များကို လစ်လျူရှုခဲ့မိခြင်းကြောင့် မွေးကင်းစ ကလေးငယ်၏ချက်ကြိုးမှတစ်ဆင့် မေးခိုင်ပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပေသည်။ မေးခိုင်ရောဂါဖြစ်နိုင်ခြေ ပိုများသည်။

  • ချက်ကြိုးကို ကြိုတင်မပြုတ်ပဲထားသောကိရိယာတန်ဆာပလာ (သို့) ကောင်းစွာ သန့်စင်မထားသော ကိရိယာတန် ဆာပလာဖြင့် ဖြတ်ခြင်း။
  • (သို့မဟုတ်)

  • ချက်ကြိုးကို ကိုယ်ခန္ဓာနှင့် နီးကပ်စွာ မဖြတ်ခြင်း။ (သို့မဟုတ်)
  • ဖြတ်ထားသော ချက်ကြိုးကို တင်းကြပ်စွာ ထုပ်ပိုးထားခြင်း (သို့) ခြောက်သွေ့အောင် မထားခြင်း။

ဤကဲ့သို့ ချက်ကြိုးကို ကိုယ်ခန္ဓာနနှင့် ဝေးရာတွင် ဖြတ်ခြင်းသည် မေးခိုင်ရောဂါဖြစ်နိုင်ခြေ ပိုများသည်။

မေးခိုင်ရောဂါ၏လက္ခဏာများ

  • ရောဂါပိုးဝင်ရောက်ထားသောဒဏ်ရာ (တစ်ခါတစ်ရံ ဒဏ်ရာရှာမတွေ့ပါ။)။
  • မျိုချရာတွင် ကသိကအောက်ဖြစ်ခြင်းနှင့်ခက်ခဲခြင်း။
  • မေးရိုးခိုင် (မေးခိုင်) ခြင်း၊ ၎နောက်လည်ပင်းနှင့် ကိုယ်ခန္ဓာအခြားနေရာရှိ ကြွက်သားများ တောင့်တင်းခြင်း၊ လူနာကို ရွေ့ခြင်း (သို့) ထိမိခြင်းဖြင့် အောက်ပါအတိုင်း ချက်ချင်းအကြောဆွဲခြင်း။
1406

မွေးကင်းစ ကလေးများတွင် မေးခိုင်ရောဂါ၏ ပထမဆုံး လက္ခဏာသည် မွေးပြီး ၃ ရက်မှ ၁၀ ရက်အတွင်း ဖြစ်တတ်သည်။ ကလေးငယ်သည် မရပ်မနားငိုယိုခြင်းနှင့် နို့မစို့နိုင်ခြင်း တို့ဖြစ်သည်။ ချက်ပတ်ဝန်းကျင်တစ်ဝိုက် ညစ်ပတ်ပေရေနေခြင်း (သို့) ရောဂါပိုး ဝင်ရောက်ခြင်းရှိသည်။ နာရီပေါင်းများစွာနှင့် ရက်အနည်းငယ် ကြာသော် မေးခိုင်ခြင်းနှင့် အခြားရောဂါလက္ခဏာများကို တွေ့ရမည်။

ထို့ကြောင့် ပထမဆုံး မေးခိုင်ရောဂါလက္ခဏာကို တွေ့သည်နှင့် ချက်ချင်း ကုသရန် အလွန်အရေးကြီးသည်။ အကယ်၍ သင်သည် မေးခိုင်ရောဂါဟု သံသယရှိလျှင် (မွေးကင်းစ ကလေးငယ် မရပ်မနားငိုယိုခြင်းနှင့် နို့မစို့လျှင်) အောက်ပါ စမ်းသပ်ချက်ကို ပြုလုပ်ပါ။

ဒူးခေါင်းတုန့်ပြန်ခြင်းစမ်းသပ်ချက်

1407

ဤစမ်းသပ်ချက်သည် မေးခိုင်ရောဂါသံသယဖြစ်နေသော မွေးကင်းစကလေးငယ်အတွက် အလွန် အသုံးဝင်ပါသည်။

မေးခိုင်ရောဂါလက္ခဏာများကို တွေ့ရှိလျှင် မည်သို့ပြုလုပ်မည်နည်း

မေးခိုင်ရောဂါသည် သေစေနိုင်သော ရောဂါဖြစ်သည်။ ကနဦး ရောဂါလက္ခဏာတွေ့သည်နှင့် ဆေးရုံ၊ ဆေးခန်းသို့ ပြသပါ။ အကယ်၍ အချိန်ကြန့်ကြာနေမည် ဆိုလျှင် အောက်ပါအတိုင်းပြုလုပ်ပါ။

  • ကိုယ်ခန္ဓာ တစ်ကိုယ်လုံးကို ရောဂါပိုးဝင်ဒဏ်ရာ (သို့) အပူလောင်နာများရှိ မရှိစစ်ဆေးပါ။ ဒဏ်ရာတွင် ပြည်များကို တွေ့ရမည်။ ဒဏ်ရာကိုဖွင့်၍ ဆပ်ပြာနှင့် ရေကျက်အေးဖြင့် စင်ကြယ်အောင်ဆေးကြောပါ။ ဖုန်၊ ပြည်၊ ဆူး၊ ကျောက်ခဲအစနများကို ဖယ်ရှားပါ။ ဒဏ်ရာကို hydrogen peroxide ဆေးရေဖြင့်လောင်းချပါ။
  • procaine penicillin ယူနစ် ၁ သန်းကို ချက်ချင်းထိုး၍ ၁၂ နာရီခြားတစ်ခါ ထိုးပါ။ (မွေးကင်းစကလေးငယ်များအတွက် crystalline penicillin ကပိုကောင်းပါသည်။) penicillin မရှိပါက အခြားပဋိဇီဝ ပိုးသတ်ဆေးကို သုံးပါ။ ဥပမာ tetracycline။
  • human immune globulin ရလျှင် ယူနစ် ၅၀၀၀၊ tetanus antitoxin ရလျှင် ယူနစ် ၅၀၀၀၀ ထိုးပေးပါ။ သတိပြုရန်များကို လိုက်နာပါ human immune globulin သည် ပြင်းထန်သော ဓါတ်မတည့်ဖြစ်ခြင်း နည်းပါးသော်လည်း စျေးကြီး၍ ရှားပါးသည်။
  • လူနာအစာမျိုချနိုင်ခဲ့လျှင် အာဟာရပြည့်ဝသောအရည်များကို အနည်းငယ်စီတိုက်ပါ။
  • တက်ခြင်းကိုထိန်းချုပ်ရန် diazepam (valium) တိုက်ခြင်း (သို့)စအိုတွင်းထည့်ပေးခြင်း (ဆေးအချိန်အဆ ) ပြုလုပ်ပါ။
  • လူနာကိုတတ်နိုင်သရွေ့ မထိပါနှင့်။ မရွေ့ပါနှင့်။ ဆူညံသံနှင့်အလင်းရောင်စူးစူးကိုရှောင်ကြဉ်ပါ။
  • လိုအပ်လျှင် နှာခေါင်းနှင့် လည်ချောင်းတွင်းမှ ချွဲသလိပ်များကို catheter (ရာဘာပိုက်)ကို ဆေးထိုးပိုက်တွင် တပ်၍ စုပ်ထုတ်ပါ။ အသက်ရှု လမ်းကြောင်းကို သန့်ရှင်းစေပါသည်။
  • မွေးကင်းစ ကလေးငယ် မေးခိုင်ရောဂါဖြစ်လျှင် ဖြစ်နိုင်လျှင် ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းမှ နှာခေါင်းပိုက်မှ တစ်ဆင့် အစာအိမ်တွင်းသို့ မိခင်နို့ကို သွင်းပေးပါ။ ဤနည်းဖြင့် လိုအပ်သော အာဟာရနှင့် ရောဂါကာကွယ်မှု ရရှိနိုင်သည်။

မေးခိုင်ရောဂါမဖြစ်ရန်ကာကွယ်နည်းများ

ကောင်းမွန်ပြည့်စုံသောဆေးရုံမှာပင် မေးခိုင်ရောဂါလူနာတစ်ဝက်ခန့်မှာ သေဆုံးရပါသည်။ မေးခိုင်ရောဂါကို ကုသရသည်ထက် ကာကွယ်ရသည်ကု ပိုမိုလွယ်ကူပါသည်။

  • ကာကွယ်ဆေးထိုးခြင်း။ ဤနည်းသည် မေးခိုင်ရောဂါကိုကာကွယ်ရန်အသေချာဆုံးနည်းဖြစ်သည်။ ကလေးရောလူကြီးပါ ကာကွယ်ဆေး ထိုးနိုင်သည်။ သင်၏ မိသားစုအားလုံးအား နီးစပ်ရာဆေးခန်းတွင် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးပါ။ အပြည့်အဝ ကာကွယ်မှု ရရှိရန် ၁၀ နှစ်တစ်ကြိမ်မှန်မှန်ထိုးပါ။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တိုင်း မေးခိုင်ကာကွယ်ဆေး ထိုးခြင်းဖြင့် မွေးကင်းစကလေးငယ် မေးခိုင်ရောဂါမဖြစ်အောင် ကာကွယ်နိုင်သည်။
  • အကယ်၍သင့်မှာ ဒဏ်ရာရှိလျှင် အထူးသဖြင့်ညစ်ပင်ခြင်း(သို့)နက်ခြင်းရှိလျှင် သန့်ရှင်းအောင်ပြုလုပ်၍လမ်းညွှန်ချက်များကို လိုက်နာပါ။
  • ဒဏ်ရာသည်ကြီးလျှင်၊ နက်လျှင် (သို့) ညစ်ပတ်လျှင် ဆေးရုံ၊ ဆေးခန်းပြပါ။ သင်မေးခိုင် ကာကွယ်ဆေး မထိုးထားပါက မေးခိုင် ရောဂါဖြေဆေး ထိုးပါ။
  • မွေးကင်းစ ကလေးငယ်များတွင် သန့်ရှင်းစွာနေထိုင်သည့် ဓလေ့သည် မေးခိုင်ရောဂါ ကာကွယ်ရန် အလွန်အရေးကြီးဆုံးဖြစ်သည်။ ချက်ကြိုးဖြတ် ကိရိယာ တန်ဆာပလာများသည် ပိုးသတ်ပြီးအသုံးပြုရန်လိုသည်။ ချက်ကြိုးကို တိုတိုဖြတ်၍ ချက်တစ်ဝိုက်သန့်ရှင်းခြောက်သွေ့စွာ ထားပါ။
1408

ဦးနှောက်အမြှေး ရောင်ရောဂါ

ဤရောဂါသည် ကလေးငယ်များတွင် အဖြစ်များသော (ဦးနှောက်တွင်းသို့) အလွန်ပြင်းထန်သည့် ရောဂါပိုးဝင်ရောက်ခြင်းဖြစ်သည်။ ဤရောဂါသည် အခြားသောနာမကျန်းဖြစ်မှု ဝက်သက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ငှက်ဖျား (သို့) နားတွင်းရောဂါ ပိုးဝင်ရောက်ခြင်းကဲ့သို့ ရောဂါများ၏ နောက်ဆက်တွဲ ရှုပ်ထွေးသော ရောဂါအဖြစ် စတင်ဖြစ်တတ်သည်။ ကလေးငယ်၏ မိခင်တွင် တီဘီရောဂါရှိခဲ့ပါက ကလေးငယ်၏ ဘဝ အစ ပထမလ အနည်းငယ်အတွင်းမှာပင် တစ်ခါတစ်ရံ တီဘီဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်တတ်သည်။

လက္ခဏာများ

  • အဖျားတက်ခြင်း။
  • ပြင်းထန်စွာခေါင်းကိုက်ခြင်း။
  • ဇက်ခိုင်ခြင်း။ ကလေးကိုကြည့်ရသည်မှ အလွန်နေမကောင်းဖြစ်ပြီး သူ၏လည်ပင်းနှင့်ဦးခေါင်းမှာ ဤပုံကဲ့သို့နောက်လှန်/ကော့နေမည်။
  • ကျောကုန်းမှာအလွန်တောင့်တင်းနေပြီး ဦးခေါင်းကို ဒူး (၂)လုံးကြားသို့မသွင်းနိုင်ပါ။
  • တစ်နှစ်အောက်ကလေးငယ်များတွင် ငယ်ထိပ်ဖောင်းတင်းနေမည်။
  • အများအားဖြင့်အန်မည်။
  • မွေးကင်းစနှင့်ငယ်လွန်းသော ကလေးငယ်များတွင် ဦးနှောက်အမြှေးရောင်ရောဂါ စဖြစ်ခြင်းကို သိရှိရန်ခက်ခဲတတ်သည်။ ကလေးငယ်ကို မိခင်က ရင်ခွင်တွင်း ပွေ့ဖက်ထားသော်လည်း ကလေးငယ်ငိုနေမည်။ (ဦးနှောက်အမြှေးရောင်၍ ငိုခြင်း) သို့မဟုတ် ကလေးငယ်မှာ အရမ်း အိပ်မည်။
  • တစ်ခါတစ်ရံ အတက်ရောဂါ (တက်ခြင်း၊ သတိလစ်ခြင်း)သို့မဟုတ် ထူးခြားသောလှုပ်ရှားမှုများ ရှိမည်။
  • ကလေးငယ်၏အခြေအနေမှာ တစ်စတစ်စ ပိုမိုဆိုးရွားလာပြီး လုံးဝသတိလစ်သွားချိန်တွင် ငြိမ်သက်သွားမည်။
  • တီဘီဦးနှောက် အမြှေးရောင်ရောဂါမှာ တစ်ဖြည်းဖြည်းချင်းဖြစ်တတ်ပြီး ရက်ပိုင်း(သို့) ရက်သတ္တပိုင်း ကြာတတ်သည်။ အခြားသောဦးနှောက် အမြှေးရောင်ရောဂါများမှာ ပို၍လျှင်မြန်စွာဖြစ်တတ်ပြီး နာရီပိုင်း(သို့)ရက်ပိုင်းသာကြာ တတ်သည်။

ကုသခြင်း

ပထမဦးစွာဆေးအကူအညီယူပါ။ မိနစ်တိုင်းသည်အရေးကြီးသည်။ ဖြစ်နိုင်လျှင် အချိန်မဆိုင်းပဲဆေးရုံတင်သင့်သည်။

  • ampicillin ထိုးဆေးကို ကလေးတွင် ၅၀၀ မီလီဂရမ်(သို့)လူကြီးတွင် ၁ဂရမ်ကို (၆)နာရီခြား ထိုးပေးပါ။ ဖြစ်နိုင်လျှင် Chloramphenicol ထိုးဆေးပါပေးပါ။
  • အဖျားကြီးလျှင် (၄၀ ဒီဂရီ စင်တီဂရိတ်ထက်ပိုလျှင်) ရေပတ်တိုက်ပေးပါ။ acetaminophen (သို့) aspirin ပေးပါ။
  • အကယ်၍မိခင်တွင်တီဘီရောဂါရှိလျှင် (သို့) ကလေးငယ်အား တီဘီဦးနှောက်အမြှေးရောင်ရောဂါဟု သံသယဖြစ်စရာအကြောင်းတွေ့ရှိလျှင် Streptomycin ထိုးဆေးကို ကိုယ်အလေးချိန် ၁ကီလိုဂရမ်အတွက် ၂၀ မီလီဂရမ်ထိုးပါ။ ဆေးအကူအညီချက်ချင်းခေါ်ပါ။ ampicillin ထိုးဆေးကို တီဘီမဟုတ်သော ဦးနှောက်အမြှေးရောင်ရောဂါတွင် သုံးပါ။
  • ဦးနှောက်အမြှေးရောင်ခြင်းသည် ငှက်ဖျားပိုးကြောင့်ဟုသိလျှင် artesunate (သို့) quinine ထိုးဆေးချက်ချင်းထိုးပါ။

ကာကွယ်နည်းများ

တီဘီဦးနှောက်အမြှေးရောင်ရောဂါကိုကာကွယ်ရန်မှာ တီဘီရောဂါရှိမိခင်မှမွေးဖွားလာသောကလေးငယ်အား တီဘီရောဂါ ကာကွယ်ဆေး (B.C.G)ကို မွေးမွေးချင်းထိုးပါ။ မွေးကင်းစအတွက် ဆေးအချိန်အဆမှာ ၀.၀၅ စီစီ (ပုံမှန်ဆေးအချိန်အဆ ၀.၁ စီစီ၏တစ်ဝက်) ဖြစ်သည်။ တီဘီရောဂါကာကွယ်ရန်အတွက် အခြားလမ်းညွှန်ချက်များ ကိုကြည့်ပါ။

ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါသည် သွေးတွင်းသို့ရောဂါပိုးဝင်ရောက်ခြင်းဖြစ်ပြီး ချမ်းတုန်ခြင်းနှင့်အဖျားကြီးခြင်းတို့ကို ဖြစ်စေပါသည်။ ငှက်ဖျား ရောဂါသည် ခြင်ကြောင့်ကူးစက်ပြန့်နှံ့သည်။ ခြင်သည်ငှက်ဖျားရောဂါရှိသူ တစ်ဦး၏ သွေးကို စုပ်သောအခါ ငှက်ဖျားရောဂါပိုးကိုပါ စုပ်ယူပြီး အခြားသူတစ်ဦးကို ကိုက်သည့်အခါ ထိုပိုးများကို ထိုးသွင်းသကဲ့သို့ ဖြစ်ပြီးကူးစက်ခြင်း ဖြစ်သည်။ HIV ရောဂါရှိသူမှာ ငှက်ဖျားရောဂါ ဖြစ်ရန် ရာနှုန်း ၂ ဆရှိသည်။

ငှက်ဖျားရောဂါလက္ခဏာများ

စံနမူနာပြ တိုက်ခိုက်မှုတွင် အဆင့်(၃)ဆင့်ရှိပါသည်။

1410
  • ငှက်ဖျားရောဂါမှာ အမြဲတမ်း ၂ ရက်(သို့) ၃ ရက်ခြားအဖျားတက်ပါမည်။ (ငှက်ဖျားအမျိုးအစားပေါ် မူတည်ပါသည်။) သို့သော် အစပိုင်းတွင် နေ့စဉ် အဖျားတက်မည်။ အဖျားတက်သည့် ပုံစံမှာလည်းပုံမှန် (သို့) စံပြနမူနာမဖြစ်ပါ။ ဤအကြောင်းကြောင့် အဖျားရောဂါ တိတိကျကျ မခွဲခြားနိုင်လျှင် သွေးဖောက်၍ ငှက်ဖျားရောဂါ စစ်ဆေးရန် လိုအပ်ပါမည်။
  • နာတာရှည်ငှက်ဖျားရောဂါဖြစ်လျှင် ဘေလုံးကြီးခြင်းနှင့်သွေးအားနည်းခြင်း ရှိမည်။ HIV ပိုးရှိသူဖြစ်လျှင် ပို၍ လျှင်မြန်စွာ နာမကျန်းဖြစ်နိုင်သည်။
  • ငယ်ရွယ်သော ကလေးများတွင် သွေးအားနည်းခြင်းနှင့် ဖြူဖပ်ဖြူရောက်ဖြစ်ခြင်းသည် တစ်ရက် နှစ်ရက်အတွင်း ဖြစ်နိုင်သည်။ ကလေးငယ်များတွင် ငှက်ဖျားရောဂါသည် အချိန်ပိုင်း သတိလစ်ခြင်း ဖြစ်ပေါ်ပြီးနောက် ဦးနှောက်တွင်းသို့ ငှက်ဖျားပိုး ဝင်ရောက်ခြင်းနှင့် အတက်ရောဂါ (တက်ခြင်း) တို့ဖြစ်တတ်သည်။ ထို့အပြင် လက်ဝါးပြာလာခြင်းနှင့် အသက်ရှုမြန်ခြင်း၊ ပြင်းခြင်း တို့ဖြစ်မည်။ (မှတ်ချက်။  ။ မိခင်နို့မစို့ရသော ကလေးငယ်များတွင် ငှက်ဖျား ပိုဖြစ်လွယ်သည်။)

ဓါတ်ခွဲစစ်ဆေးခြင်းနှင့် ကုသခြင်း

  • အကယ်၍ သင်သည်ငှက်ဖျားရောဂါဟုသံသယရှိလျှင် (သို့) ထပ်ခါထပ်ခါအဖျားတက်လျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့ သွားရောက် သွေးဖောက် စစ်ဆေးရမည်။ အထူးသဖြင့် အန္တရာယ်ကြီးမားသော ငှက်ဖျားအမျိုးအစား (falciparum) အဖြစ်များသော ဒေသတွင် မဖြစ်မနေ ချက်ချင်း ဆေးကုသမှု ခံယူရန် အရေးကြီးသည်။
  • ငှက်ဖျားရောဂါ အဖြစ်များသော ဒေသနှင့်သွေးဖောက်စစ်ဆေးရန် မလွယ်ကူသော ဒေသများတွင် ရှင်းပြရန်ခက်သော အဖျားကြီး ရောဂါများကို ငှက်ဖျား ရောဂါ ကုသသည့် အတိုင်းကုသပါ။ ထိုဒေသတွင် အသုံးများသော ငှက်ဖျား ဖြတ်ဆေးများကို သုံးပါ။ (ဆေးအချိန်အဆနှင့် ငှက်ဖျားဆေးများ အကြောင်းတွင်ကြည့်)
  • ထိုဆေးများကြောင့် နေကောင်းလာခဲ့သော်လည်း ရက်အနည်းငယ် အတွင်း ပြန်ဖျားပါက အခြားသော ဆေးဝါးများ လိုအပ်ပေမည်။ နီးစပ်ရာ ကျန်းမာရေး ဌာနများတွင် အကြံဥာဏ်ရယူပါ။
  • အကယ်၍ ငှက်ဖျားရောဂါ သံသယဖြစ်သူသည် အတက်ရောဂါဝင်လာလျှင် (သို့မဟုတ်) အခြားသော ဦးနှောက်အမြှေးရောင် လက္ခဏာများ ပေါ်လာလျှင် ငှက်ဖျားပိုး ဦးနှောက်တွင်းသို့ ဝင်ရောက်ခြင်း ဖြစ်နိုင်သည်။ ဖြစ်နိုင်လျှင် quinine (သို့) artesunate ထိုးဆေးချက်ချင်း ထိုးပါ။

ငှက်ဖျားရောဂါ (နှင့်သွေးလွန်တုပ်ကွေးရောဂါ)ကိုရှောင်ကြဉ်နိုင်ရန်

ငှက်ဖျားရောဂါသည် ပူပြင်း၍စိုစွတ်သောမိုးရာသီတွင်အဖြစ်များသည်။ လူတိုင်း ပူးပေါင်းဆောင်ရွက်လျှင် အလွယ်တကူ ကာကွယ်နိုင်သည်။ အောက်ပါ ထိန်းချုပ်စစ်ဆေးသည့် နည်းလမ်းများ အတိုင်း ချက်ချင်း လေ့ကျင့်ဆောင်ရွက်ပါ။

1411

  • ငှက်ဖျားဆေးများကို ပုံမှန်စီစဉ်ထားသော အချိန်အတိုင်း အချိန်ကိုက်သောက်ခြင်းဖြင့် ငှက်ဖျားရောဂါကို ကာကွယ်နိုင်သည့်အပြင် ဖြစ်နှုန်းကိုလည်း ကြီးမားစွာ လျော့ချနိုင်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါ (Breakbone အဖျား၊ dengue အဖျား)

ဤရောဂါသည် တစ်ခါတစ်ရံ ငှက်ဖျားရောဂါနှင့် မခွဲနိုင်ပါ။ ၎င်းသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်၍ ခြင်မှတစ်ဆင့် ရောဂါကူးစက် ပြန့်ပွားသည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့သည်။ ၎င်းသည် ကပ်ရောဂါ (တစ်ချိန်တည်းတွင် လူပေါင်းများစွာ ကူးစက်ဖြစ်ပွားခြင်း) အသွင်ဖြင့် ဖြစ်တတ်ပြီး ပူ၍စိုစွတ်သော မိုးရာသီတွင် အဖြစ်များသည်။ လူတစ်ယောက်သည် တစ်ကြိမ်ထက် ပို၍လည်း သွေးလွန်တုပ်ကွေး ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် ပိုမိုဆိုးရွားတတ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ရန်မှာ ခြင်များက ပိုမို ထိန်းချုပ်ရန်နှင့် ခြင်မကိုက်စေရန် အထက်ပါအတိုင်း လိုက်နာဆောင်ရွက် ရပါမည်။

ရောဂါလက္ခဏာများ

  • ရုတ်တရက်အဖျားကြီး၍ ချမ်းတုန်ခြင်း။
  • တစ်ကိုယ်လုံးပြင်းထန်စွာနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း။
  • လူနာမှာပြင်းထန်စွာနေမကောင်းဖြစ်၍အားနည်းခြင်း၊ ဆင်းရဲဒုက်ခရောက်ခြင်း။
  • ၎နောက် ၃ ရက် ၄ ရက်အတွင်း နာရီအနည်းငယ်မှ ၂ ရက်ခန့်နေပြန်ကောင်းသကဲ့သို့ဖြစ်ပြီးနောက် ၁ ရက် ၂ ရက်ခန့် ပြန်ဖျားကာလက်နှင့် ခြေတို့တွင် အနီစက်/အနီပြင်များ ထွက်လာခြင်း။
  • အနီစက်များသည် လက်မောင်း၊ ခြေထောက်တို့မှတစ်ဆင့် တစ်ကိုယ်လုံး ပြန့်သွားခြင်း။ (မျက်နှာတွင် အများအားဖြင့် မဖြစ်ပါ။)

ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါတွင် အရေပြားအောက်သို့ သွေးယိုစီးခြင်း (သေးငယ်ညိုမည်းသော အကွက်များ) သို့မဟုတ် ကိုယ်ခန္ဓာအတွင်းသို့ အန္တရာယ်ဖြစ်လောက်အောင် သွေးယိုစီးခြင်းရှိသည်။ ချက်ချင်း ဆေးရုံတက်ရမည်။

ကုသချက်

  • ကုသရန်ဆေးမရှိသော်လည်း ရက်အနည်းငယ်အတွင်း သူ့အလိုလိုပျောက်နိုင်ပါသည်။
  • အနားယူပါ။ ရေများများ ဥပမာ ဓါတ်ဆားရည်၊ သစ်သီးဖျော်ရည် သို့မဟုတ် နွားနို့သောက်ပါ။ acetaminolihen (သို့သော် asliirin နှင့် Ibuprofen မပေးရပါ။)ကို အဖျားနှင့်နာကျင်ပျောက်အောင်ပေးပါ။
  • သွေးထွက်လွန်နေပါက သွေးလန့်ခြင်းကိုကုပါ။

ဂျိုက်သိုးရောဂါ (Brucellosis) ကျွဲနွားများတွင် ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ရသည့်ရောဂါ
(Undulant အဖျား၊ Malta အဖျား)

1412

ဤရောဂါသည် ရောဂါဖြစ်နေသောနွား(သို့)ဆိတ်၊ သိုးတို့၏နို့ရည်ကို အစိမ်းသောက်ခြင်းဖြင့် ရောဂါဖြစ်ရသည်။ ဤရောဂါသည် နာမကျန်းဖြစ်နေသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်တို့နှင့်အတူ လုပ်ကိုင်နေသော လူများ၏ ခန္ဓာကိုယ်တွင်းသို့ ကုတ်ခြစ်ဒဏ်ရာများမှ တစ်ဆင့်လည်း ဝင်ရောက်နိုင်ပါသည်။ ရောဂါပိုးကို ရှုသွင်းမိခြင်းဖြင့်လည်း အဆုတ်တွင်းသို့ ဝင်ရောက်နိုင်ပါသည်။

ဂျိုက်သိုးရောဂါကို ကာကွယ်ရန် ကျိုချက်မထားသောနို့ကို မသောက်ပါနှင့်။

ရောဂါလက္ခဏာများ

  • ဂျိုက်သိုးရောဂါသည် ချမ်းတုန်၍ အဖျားတက်ခြင်းမှ စတင်ကာ တစ်ဖြေးဖြေးနှင့် မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်းနှင့် တစ်ခါတစ်ရံ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း တို့ဖြစ်သည်။
  • အဖျားအနည်းငယ်မှ အဖျားကြီးလာမည်။ စံပြပုံစံ အဖြစ် ညနေပိုင်းတွင် စတင်ချမ်းတုန်ပြီး မနက်လင်းသည်နှင့် ချွေးထွက်ကာ ပြီးဆုံးသည်။ နာတာရှည် ဂျိုက်သိုးရောဂါတွင် အဖျားမှာ ရက်ပေါင်းများစွာ ပျောက်ကင်းပြီးမှ ပြန်ဖျားတတ်သည်။ မကုသလျှင် ဂျိုက်သိုးရောဂါသည် နှစ်ကြာကြာ ဖြစ်တတ်သည်။
  • လည်ပင်း၊ ဂျိုင်းကြားနှင့် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များရောင်ရမ်းခြင်းရှိသည်။

ကုသချက်

  • ဂျိုက်သိုးရောဂါဟု သံသယဖြစ်လျှင် ဆေးအကူအညီ ရယူပါ။ အဘယ်ကြောင့်ဆိုသော် အခြားရောဂါများနှင့် ခွဲခြားရန် ခက်ခဲသောကြောင့် ဖြစ်သည့် အပြင် ကုသချက်မှာ ရက်ရှည်ပြီးစျေးကြီးနိုင်သည်။
  • Tetracycline ကိုလူကြီးတွင် ၂၅၀ မီလီဂရမ် ၂ တောင့် တစ်နေ့ ၄ ကြိမ်နှင့် ၃ ပတ်ကြာအောင်ပေးရမည်။ သို့မဟုတ် Cotrimoxazole သုံးပါ။ (ဆေးအချိန်အဆနှင့် သတိပြုရန် )

ကာကွယ်ရန်

  • နွားနို့ (သို့) ဆိတ်နို့များကိုကြိုချက်၍သောက်ပါ။ ဂျိုက်သိုးရောဂါအဖြစ်များသောဒေသများတွင် ကျိုချက်ချင်းမပြုထားသော နို့မှ ပြုလုပ်ထားသော ဒိန်ခဲများကို မစားသုံးခြင်းဖြင့်ရောဂါကာကွယ်နိုင်သည်။
  • ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို သတိကြီးစွာကိုင်တွယ်ရန်။ အထူးသဖြင့် ထိခိုက်ရှနာ (သို့) ကုတ်ခြစ်ဒဏ်ရာရှိလျှင် ပိုဂရုပြုရမည်။
  • သင်၏ ကျွဲနွားတိရိစ္ဆာန်များ ကျန်းမာခြင်းရှိမရှိ စောင့်ကြည့်လေ့လာသူ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ပါ။

တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျားရောဂါ)

တိုက်ဖွိုက်ရောဂါသည် အူလမ်းကြောင်းတွင်းသို့ရောဂါပိုးဝင်ရောက်ပြီး တစ်ကိုယ်လုံးသို့ ပြန့်နှံ့ဖြစ်ပွားသည်။ ၎သည် မစင်မှ ပါးစပ်ပေါက်သို့ ကူးစက်နည်းဖြင့် ရောဂါပိုးရှိသော အစားအစာနှင့် ရေတို့ကို စားသောက်မိခြင်းကြောင့် ဖြစ်သည်။ ၎သည် ကပ်ရောဂါ (တစ်ပြိုင်နက်တည်း လူများစွာ ကူးစက်ပြန့်ပွားခြင်း) အသွင်ဖြင့်လည်း ကူးစက်တတ်သည်။ အခြားသော ရောဂါပိုး ဝင်ရောက်ခြင်း အမျိုးမျိုး "အဖျားရောဂါ" (စာ ၂၆) နှင့်ကွဲပြားစွာ တိုက်ဖွိုက်ရောဂါသည် အသက်အန္တရာယ်ပိုရှိသည်။

တိုက်ဖွိုက်ရောဂါလက္ခဏာများ

ပထမအပတ်တွင်

  • အအေးမိခြင်း (သို့) တုပ်ကွေးမိခြင်းကဲ့သို့စတင်ခြင်း။
  • ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း နှင့် မကြာခဏချောင်းခြောက်ဆိုးခြင်း။
  • အဖျားတက်လိုက်ကျလိုက်ဖြစ်ခြင်း။ တစ်နေကုန်တစ်ဖြေးဖြေးအဖျားတက်လာပြီး ၄၀ ဒီဂရီ စင်တီဂရိတ် (သို့) ထိုထက်ပို၍အဖျားတက်ခြင်း။
  • အဖျားတက်လာသလောက် သွေးခုန်နှုန်းနှေးလာခြင်း။ နာရီဝက် တစ်ခါ သွေးခုန်နှုန်းနှင် ့အဖျားတိုင်းပါ။ အဖျား တက်လာပြီး သွေးခုန်နှုန်း တစ်ဖြေးဖြေး နှေးသွားလျှင် ထိုသူသည် တိုက်ဖွိုက်ရောဂါ စတင်ဖြစ်ပြီဟု ပြောနိုင်သည်။ (စာ ၂၆)
  • တစ်ခါတစ်ရံ အန်ခြင်း၊ ဝမ်းလျှောခြင်း (သို့) ဝမ်းချုပ်ခြင်း ရှိသည်။

ဒုတိယအပတ်တွင်

  • အဖျားအလွန်ကြီးခြင်း၊ သွေးခုန်နှုန်းနှေးခြင်း။
  • ကိုယ်ခန္ဓာပေါ်တွင် ပန်းရောင်အစက်လေးများပေါ်ထွက်လာခြင်း။
  • တုန်ရီ၊ တုန်ခါနေခြင်း။
  • ကယောင်ကတမ်းပြောခြင်း။ (လူနာသည်ကောင်းမွန်စွာမစဉ်းစားနိုင်ခြင်း သို့မဟုတ် အာရုံထွေပြားခြင်း)
  • အားနည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း။

တတိယအပတ်တွင်

နောက်ဆက်တွဲပြဿနာများမဖြစ်လျှင် အဖျားနှင့်ရောဂါလက္ခဏာများတစ်ဖြေးဖြေးပျောက်သွားမည်။

ကုသချက်

  • ဆေးအကူအညီရယူပါ။
  • ciprofloxacin ၊ Chloramphenicol ၊ ampicillin ၊ သို့မဟုတ် cotrimoxazole သုံးပါ။ သင်နေထိုင်သော ဒေသတွင် မည်သည့်ဆေးက ပိုကောင်းကြောင်း ကျန်းမာရေးဝန်ထမ်းများကို မေးမြန်းပါ။
  • အဖျားကျစေရန် ရေပတ်တိုက်ပေးပါ။
  • အရည်များများ တိုက်ပါ။ စွပ်ပြုတ်၊ ဖျော်ရည်နှင့် ဓါတ်ဆားရည်များကို ရေဓါတ်ခမ်းခြောက်ခြင်း မဖြစ်အောင် တိုက်ပေးပါ။
  • အာဟာရရှိသော အစားအစာများကို စွပ်ပြုတ်လုပ် တိုက်ပါ။
  • အဖျားလုံးဝ ကျသွားသည် အထိ အိပ်ယာ ထဲတွင်နေပါ။ အနားယူပါ။
  • လူနာသည် သွေးဝမ်းသွားခြင်း၊ ကိုယ်/ဝမ်းတွင်းအမြှေးရောင်လက္ခဏာများရှိခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်း (pneumonia) ရှိလျှင် ချက်ချင်း ဆေးရုံတက်ပါ။

ကာကွယ်ခြင်း

  • တိုက်ဖွိုက်ရောဂါ ကာကွယ်ရန်မှာ အစားအစာနှင့် ရေများကို လူ့မစင်မှ တစ်ဆင့် ရောဂါပိုး ဝင်ရောက်ခြင်း မရှိစေရန် ဂရုပြုပါ။ အခန်း ၁၂ တွင် ဖော်ပြထားသော တစ်ကိုယ်ရေနှင့် လူထုအတွင်း သန့်ရှင်းရေး လမ်းညွှန်ချက်များကို လိုက်နာပါ။ အိမ်သာ ဆောက်လုပ် အသုံးပြုပါ။ အိမ်သာကို လူအများသောက်သုံးသည့် ရေတွင်းရေကန် တို့နှင့် လုံလောက်သော အကွာအဝေးတွင် ဆောက်လုပ်ရန် သတိပြုပါ။
  • ရေကြီးရေလျှံခြင်း (သို့) သဘာဝဘေး အန္တရာယ်များကြောင့် တိုက်ဖွိုက်ရောဂါများ ဖြစ်ပွားတတ်ရာ ဤအချိန်တွင် သန့်ရှင်းစွာ နေထိုင်သည့် ဓလေ့ရှိရန် အထူးဂရုပြုပါ။ သောက်ရေ သန့်ရှင်းရန် သတိပြုပါ။ သင်၏ ရပ်ရွာတွင် တိုက်ဖွိုက်ရောဂါ အဖြစ်များလျှင် ရေကို ကျိုချက်၍ သောက်ပါ။ အစားအစာနှင့် ရေများ ရောဂါပိုး မဝင်ရောက်စေရန် ဂရုစိုက်ပါ။

တိုက်ဖွိုက်ရောဂါကာကွယ်ခြင်း

တိုက်ဖွိုက်ရောဂါပြန့်ပွားခြင်းကို ရှောင်ကြဉ်နိုင်ရန် ရောဂါဖြစ်သူသည် သီးသန့်ခန်းတွင် နေထိုင်ရမည်။ လူနာ အသုံးပြုထားသော အိုးခွက် ပန်းကန်များနှင့် ရောနှောစားသောက်ခြင်း မပြုရ။ လူနာမစင်များကို မီးရှို့ခြင်း (သို့) မြေနက်နက်တူး၍ မြှုပ်ပါ။ လူနာကို ပြုစု စောင့်ရှောက်သူသည် လက်ကို ဆပ်ပြာဖြင့် မကြာခဏ စင်ကြယ်အောင် ဆေးကြောပါ။

လူနာပြန်လည် နေကောင်း၍ နလန်ထလာသော်လည်း ထိုသူသည် ရောဂါပိုးကို သယ်ဆောင်ထားသေးသောကြောင့် တစ်ခြားသူများကို ကူးစက် စေနိုင်သေးသည်။ ထို့ကြောင့် တိုက်ဖွိုက်ရောဂါဖြစ်ပြီး သူမည်သူမဆို တစ်ကိုယ်ရေသန့်ရှင်းစွာ နေထိုင်သည့် ဓလေ့ကို ပိုမို ကျင့်သုံးရမည် ဖြစ်ပြီး စားသောက်ဆိုင်များနှင့် အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း မပြုရန် အရေးကြီးသည်။ တိုက်ဖွိုက် ရောဂါသယ်ဆောင်သူကို တစ်ခါတစ်ရံ Ampicillin ပေးခြင်းဖြင့် ကုသနိုင်သည်။

တိုက်ဖတ်စ်ရောဂါ (Typhus)

တိုက်ဖတ်စ်ရောဂါသည်နာမကျန်းဖြစ်မှုတစ်ခုဖြစ်ပြီး တိုက်ဖွိုက်ရောဂါနှင့် ဆင်တူသော်လည်း ကွဲပြားခြားနားချက်များ ရှိပါသည်။ ရောဂါပိုး ဝင်ရောက်ကူးစက်မှုသည် အောက်ပါ ကပ်ပါးအင်းဆက်ပိုးများ အကိုက်ခံရခြင်းဖြင့် ကူးစက်သည်။

1414

လက္ခဏာများ

  • တိုက်ဖတ်စ်ရောဂါသည် ဆိုးဝါးစွာအအေးမိခြင်းမှစတင်သည်။ တစ်ပတ်(သို့)တစ်ပတ်ထက်ပိုကြာသော် အဖျားတက်လာပြီး ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများနှင့် ရင်ဘတ်နာကျင်လာမည်။
  • အဖျားတက်ပြီး ရက်အနည်းငယ် အတွင်း အနီပြင်များပေါ်လာမည်။ အဓိကလက္ခဏာဖြစ်သည်။ ပထမဦးစွာချိုင်းကြား ထိုမှတစ်ဆင့် ကိုယ်ခန္ဓာနှင့် လက်မောင်း၊ ခြေထောက် (သို့သော် မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့တွင်မဖြစ်ပါ။) တို့တွင်ပေါ်လာမည်။ အနီပြင်သည် အလွန် သေးငယ်သောသွေးခြေဥငယ်များ စုဝေးနေသည်နှင့် တူပါသည်။
  • ၂ ပတ် (သို့) ၂ ပတ်နောက်ပိုင်းအဖျားကျပါမည်။ တိုက်ဖတ်စ်ရောဂါသည် ကလေးငယ်များတွင် သာမန်မျှသာဖြစ်သော်လည်း သက်ကြီး ရွယ်အိုများတွင် ဖြစ်လျှင် အလွန်ဆိုးပါသည်။ ကပ်ရောဂါအသွင်ဖြစ်ပေါ်သော တိုက်ဖတ်စ်ရောဂါသည် အထူးသဖြင့် အသက် အန္တရာယ်ရှိပါသည်။
  • မွှားကိုက်ခြင်းကြောင့် ဖြစ်သော တိုက်ဖတ်စ်ရောဂါသည် အကိုက်ခံရသော နေရာတွင် ကြီးမား၍ နာကျင်သော အပူနာဖြစ်ပြီး နီးစပ်ရာ ပြန်ရည်ကျိတ်များ ရောင်ရမ်း နာကျင်ခြင်း ဖြစ်စေသည်။

ကုသချက်

အကယ်၍ တစ်စုံတစ်ယောက်သည် တိုက်ဖတ်စ်ရောဂါဖြစ်သည်ဟု သံသယရှိလျှင် ဆေးအကူအညီ ခေါ်ရပါမည်။ အထူးစမ်းသပ် စစ်ဆေးချက်များ လိုအပ်ပါမည်။ tetracycline ဆေးပေးပါ။ လူကြီး ၂၅၀ မီလီဂရမ် ၂ တောင့် တစ်နေ့ ၄ ကြိမ်နှင့် ၇ ရက် ပေးရမည်။ chloramphenicol သုံးလျှင် ရသော်လည်း အန္တရာယ်ရှိပါသည်။

ကာကွယ်နည်း

  • သန့်ရှင်းစွာနေထိုင်ပါ။ မိသားစုဝင်အားလုံးပုံမှန်သန်းချပါ။
  • သင်မွေးထားသောခွေး၏ ကိုယ်ခန္ဓာပေါ်ရှိ မွှားကောင်များကို ဖယ်ရှားပစ်ပါ။ ခွေးကို အိမ်တွင်းသို့ မဝင်ပါစေနှင့်။
  • ကြွက်ကို သုတ်သင်ပါ။ ကြောင်(သို့) လှောင်အိမ်/ထောင်ချောက် သုံးပါ။ (အဆိပ်မသုံးပါနှင့်။ အိမ်မွေး တိရိစ္ဆာန်များနှင့် ကလေးငယ်များ အတွက် အန္တရာယ်ရှိသောကြောင့် ဖြစ်ပါသည်။)
  • ကြွက်သန်းကို သုတ်သင်ပါ။ သေဆုံးနေသော ကြွက်ကို လက်ဖြင့်မကိုင်ရ။ ကြွက်သန်းများ သင့်ထံသို့ခုန်ဝင်နိုင်သည်။ ဆွဲထုတ်၍ မီးရှို့ခြင်း အားဖြင့် ကြွက်သန်းများပါ သေစေနိုင်သည်။ အင်းဆက်ပိုးသတ်ဆေးများကို ကြွက်တွင်းများနှင့် အသိုက်များအတွင်း ထည့်ပါ။

အနာကြီးရောဂါ (Hansen’s ရောဂါ)

အနာကြီးရောဂါသည် မပြင်းထန်သော ရောဂါပိုးဝင်ရောက် ကူးစက်ခြင်းကြောင့် တစ်ဖြေးဖြေးနှင့် နှစ်ပေါင်းများစွာကြာမှ ရောဂါ ဖြစ်တတ်သည်။ ၎င်းသည် အနာကြီးရောဂါဖြစ်ပွားပြီး ကုသမှု မခံယူသူမှ တစ်ဆင့် ရောဂါအားခုခံနိုင်စွမ်းနည်းပါးသူထံသို့ တိုက်ရိုက် ကူးစက်ခြင်း ဖြစ်သည်။ အနာကြီးရောဂါ အဖြစ်များသော ဒေသတွင် ကလေးငယ်များကို ၆ လ (သို့) ၁ နှစ် တစ်ခါ မှန်မှန်စစ်ဆေးရမည်။ အထူးသဖြင့် အနာကြီးရောဂါရှိသူနှင့် အတူ နေထိုင်သူများကို ပိုစစ်သင့်သည်။

လက္ခဏာများ

အနာကြီးရောဂါသည် အရေပြားတွင်ပြဿနာ အမျိုးမျိုးကို ဖြစ်စေသည်။ ခံစားချက်မဲ့ခြင်း (ထုံနာကျင်နာ)နှင့် လက်နှင့်ခြေတို့ လေဖြတ်ခြင်း ဖြစ်စေတတ်သည်။

အနာကြီးရောဂါ၏ ကနဦးရောဂါလက္ခဏာမှာ အရေပြားပေါ်တွင် တစ်ဖြေးဖြေးကြီးလာသော အကွက်ဖြင့် စတင်ပါသည်။ ၎င်းအကွက်သည် ယားယံခြင်းမရှိ။ ထိခိုက်လျှင် နာကျင်ခြင်းမရှိ။ အစပိုင်းတွင် အကွက်ပေါ်ရှိ ခံစားချက်မှာ ပုံမှန်ဖြစ်နေလိမ့်မည်။ ၎င်းအကွက်ကို စောင့်ကြည့်နေပါ။ အကွက်သည် ခံစားချက် လျော့နည်းခြင်း(သို့) မရှိခြင်း ဖြစ်လာပါက အနာကြီးရောဂါဖြစ်နိုင်သည်။

နောက်ပိုင်းလက္ခဏာများ။   ။လူတစ်ယောက်နှင့်တစ်ယောက်ရောဂါကို ခုခံနိုင်အားပေါ်မူတည်၍ ကွဲပြားပါသည်။အောက်ပါတို့ကိုစောင့်ကြည့်ပါ။

  • ခြေ၊ လက်များထုံခြင်း၊ ကျင်ခြင်းနှင့်ခံစားချက်မဲ့ခြင်း။ သို့မဟုတ် ပုံပန်းပျက်ခြင်း၊ သို့မဟုတ် အကွက်ပေါ်ရှိ အရေပြား အထိအတွေ့ ခံစားချက်မဲ့ခြင်း။
  • အနည်းငယ်အားနည်းခြင်း (သို့) ခြေလက်များ ပုံပန်းပျက်ခြင်း၊ ပုံပန်းမကျခြင်း။
  • အာရုံကြောများ ရောင်ရမ်းခြင်း၊ အရေပြားအောက်တွင်ထူသော ကြိုးသဏ္ဍာန် ရှိခြင်း။ အာရုံကြောများကိုဖိကြည့်လျှင် နာကျင်ခြင်းရှိချင်ရှိမည်။ မရှိခြင်းလည်း ဖြစ်နိုင်သည်။

ရောဂါပိုဆိုးလာလျှင် ဖြစ်ပေါ်သောလက္ခဏာများ။

  • ခံစားချက်မဲ့သောနေရာများတွင် အပူလောင်ခြင်းနှင့် အမာရွတ်များ။
  • မျက်ခုံးမွေးမရှိခြင်း။
  • နှာခေါင်းပုံပျက်ရှိခြင်း။
  • နားရွက်ထူ၍အကျိတ်အဖုရှိနေခြင်း
  • ခြေချောင်းများ ကုတ်ကွေးလာခြင်း။
  • ခြေကျင်းဝတ်ကျခြင်း။
  • ခြေလက်များလေဖြတ်ခြင်းနှင့် ပုံသဏ္ဍာန် ပျက်ယွင်းခြင်း။
1418

အနာကြီးရောဂါကိုကုသခြင်း

အနာကြီးရောဂါသည် ပုံမှန်အားဖြင့် ကုသနိုင်သော ရောဂါဖြစ်သော်လည်း ဆေးကို အချိန်မှန်မှန်ဖြင့် နှစ်နှင့်ချီ၍ သောက်ရပေမည်။ အကောင်းဆုံး ဆေးမှာ dapsone ဖြစ်ပြီး တစ်ခြားသောဆေး ၁ မျိုး ၂ မျိုးနှင့်တွဲပေးရမည်။ အကယ်၍ lepra တုန့်ပြန်မှု (အဖျားတက်ခြင်း၊ အနီပြင်များထွက်ခြင်း၊ နာကျင်ခြင်းနှင့် ခြေ၊ လက်တို့တွင် ရောင်ရမ်းမှုဖြစ်ခြင်း သို့မဟုတ် မျက်စိ ထိခိုက်မှု ရှိခြင်း) ရှိခဲ့လျှင် (သို့) ဆေးသောက်နေစဉ် ပိုမို ဆိုးဝါးခဲ့လျှင် ဆေးကို ရပ်မပစ်ပဲ ဆက်သောက်၍ ဆေးအကူအညီ ရယူရမည်။

ခြေ၊ လက်နှင့်မျက်စိတို့ကို ထိခိုက်စေခြင်းမှကာကွယ်ရန်

အနာကြီးရောဂါရှိသူ၏ ခြေ၊ လက်တို့တွင် ကြီးမား၍ ပွင့်နေသော အပူနာများသည် အနာကြီးရောဂါကြောင့် ဖြစ်ခြင်း မဟုတ်ပဲ ကြိုတင် ကာကွယ်နိုင်သည်။ ၎င်းအနာများသည် ထိခိုက်ဒဏ်ရာများကြောင့် ဖြစ်ရပြီး ခြေ၊ လက်များထုံကျင်ခြင်း၊ ခံစားချက်မဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာကို မကာကွယ်နိုင်သောကြောင့် ဖြစ်သည်။

1419

ဥပမာ သာမန်လူတစ်ယောက် လမ်းဝေးဝေး လျှောက်ခြင်းကြောင့် ခြေထောက်တွင် ရည်ကြည်ဖု/ မန်းရည်ဖုဖြစ်ခဲ့လျှင် ထိခိုက် နာကျင်သဖြင့် ထိုသူသည် လမ်းလျှောက်ရပ်တန့်ခြင်း (သို့) ခြေတစ်ဖက်ထော့ကျိုး လမ်းလျှောက်ခြင်း ပြုပေလိမ့်မည်။

  1. ခြေ၊ လက်တို့ကို ထိခိုက်ရှနာ၊ သွေးခြေဥနာ၊ အရည်ကြည် ဖုနာနှင့် အပူလောင်နာများ ဖြစ်စေနိုင်သော အရာများနှင့် မထိခိုက်ရန် ကာကွယ်ပါ။
  2. ခြေဗလာဖြင့် လမ်းမလျှောက်ပါနှင့်။ အထူးသဖြင့် ချွန်ထက်ပြတ်ရှသော ကျောက်ခဲများ၊ ဆူးများပေါသော နေရာတွင် မလျှောက်ပါနှင့်။ ရှုးဖိနပ် (သို့) ကြိုးသိုင်းဖိနပ်စီးပါ။ ရှုးဖိနပ် အတွင်းပိုင်းနှင့် သိုင်းကြိုးနှင့် ပွတ်တိုက်နိုင်သော နေရာများတွင် ပျော့ပြောင်းသော အခုအခံများ ပြုလုပ်ဝတ်ဆင်ရမည်။

    အလုပ်လုပ်နေချိန်နှင့် အစားအသောက် ချက်ပြုတ်နေချိန်တွင် လက်အိတ် ဝတ်ဆင်ရမည်။ သင်၏လက်ကို အပူလောင်စေနိုင်သော အရာဝတ်ထုများကို လက်အိတ်ထူထူ (သို့) အဝတ်ခေါက်ထူထူဖြင့် မကာကွယ်ပဲနှင့် ဘယ်တော့အခါမျှ ကောက်မကိုင်ပါနှင့်။ ဖြစ်နိုင်လျှင် ချွန်ထက်သော အရာများနှင့် ပူလွန်းသော ပစ္စည်းများကို ရှောင်ကြဉ်ပါက ပိုကောင်းပါသည်။ ထို့အပြင် ဆေးလိပ်မသောက်ပါနှင့်။

  3. အလုပ်ပြင်းထန်စွာလုပ်ပြီးချိန် (သို့) လမ်းဝေးဝေး လျှောက်မိသောနေ့များတွင် ညနေပိုင်းရောက်သည်နှင့် သင်၏ ခြေနှင့် လက်တို့ကို သေချာစွာ စစ်ဆေးပါ။ လိုအပ်လျှင် အခြားသူတစ်ဦးကို စစ်ခိုင်းပါ။ ပြတ်ရှဒဏ်ရာများ၊ သွေးခြေဥများနှင့် ဆူးစူးခြင်းရှိ မရှိစစ်ဆေးပါ။ ထို့အပြင် ခြေ၊ လက်များတွင် အရည်ကြည်ဖုဖြစ်လာနိုင်သော နီရဲ၊ ပူလောင်၊ ရောင်ကိုင်းနေသောအကွက်များရှိ မရှိစစ်ဆေးပါ။ အကယ်၍ဖြစ်ခဲ့လျှင် ဒဏ်ရာ မပျောက်မချင်း အနားယူပါ။ ဤနည်းဖြင့် သင်၏အရေပြားကို တောင့်တင်းခိုင်မာစေပြီး အသားမာတက်စေနိုင်သည်။ အပူလောင်နာ များ သည် ကြိုတင်ကာကွယ်နိုင်ပါသည်။
  4. သင့်တွင် ပွင့်နေသော အပူလောင်နာဖြစ်ခဲ့လျှင် အနာဖြစ်သော နေရာကို သန့်ရှင်းစွာထား၍ အနာကျက်သည် အထိအနားယူပါ။ ထိုနေရာကို ထပ်မံ မထိခိုက်မိစေရ။ အထူးသတိကြီးစွာထားရမည်။
  5. သင်၏ မျက်စိကို ကာကွယ်ပါ။ မျက်စိအတော်များများ ထိခိုက်ပျက်စီးရခြင်းမှာ လုံလောက်စွာ မျက်တောင်မခတ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားနည်းခြင်းနှင့် ခံစားချက်မဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်၏ မျက်စိစိုစွတ်ရန် ခက်ခဲနေလျှင် နေ့အချိန်တွင် သင်၏ မျက်စိကိုမကြာခဏ တင်းကြပ်စွာ ပိတ်ထားပါ။ အထူးသဖြင့်လေတိုက်၍ ဖုန်ထနေချိန်တွင် ပိတ်ပါ။ ဘေးကာများပါ ပါဝင်သော နေကာ မျက်မှန်တပ်ပါ။ နေရောင်ကာ ဦးထုပ်ဆောင်းပါ။ မျက်စိကို သန့်ရှင်းစွာထားပါ။ ယင်မနားအောင် ဂရုစိုက်ပါ။

အထက်ပါ လမ်းညွှန်ချက်များ အတိုင်း ကောင်းစွာလိုက်နာပြီး ဆောလျင်စွာ ဆေးကုသမှုခံယူလိုက်ပါက အနာကြီးရောဂါကြောင့် ပုံပျက် ပန်းပျက်ဖြစ်ခြင်းကို ကာကွယ်နိုင်ပေသည်။ Hansen’s ရောဂါအကြောင်း ပိုသိလိုလျှင် "ဒုက္ခိတ ကျေးရွာသားကလေးများ" အခန်း ၂၆ တွင်ကြည့်ပါ။