home

အခန်း ၁၇ သွား၊ သွားဖုံး နှင့် ခံတွင်း



ခေါင်းစဉ်များ


သွားနှင့် သွားဖုံးများ

သွားနှင့် သွားဖုံးကျန်းမာရေးသည် အရေးကြီးသည်။

အစာများကို ဝါးရန်နှင့် အစာ ချေရန် ကြံ့ခိုင်၊ ကျန်းမာသော သွားများရှိရမည်။

သွားပိုးပေါက်များနှင့် သွားဖုံးယောင်ခြင်းကို သွားကျန်းမာရေးကို သေချာစွာဂရုစိုက်ခြင်းဖြင့် ကာကွယ်နိုင်သည်။

သန့်ရှင်းမှု အားနည်း၍ သွားပိုးစားပါက ရောဂါပိုးများဝင်တတ်ပြီး၊ တစ်ကိုယ်လုံး ပြန့်သွားနိုင်သည်။

သွားနှင့် သွားဖုံးများကျန်းမာအောင်

  1. အချိုရှောင်ပါ။ အချို (ကြံ၊ ချိုချဉ်၊ လက်ဖက်ရည်ချိုချို၊ ကော်ဖီချိုချို၊ အချိုရည် အအေးဗူးများ) များများစားပါက သွားများ လျင်မြန်စွာ ပိုးစားတတ်သည်။
  2. ဒီကလေး အချိုစားလွန်းလို့ ကြရင် သွားတစ်ချောင်းမှ ရှိမှာ မဟုတ်တော့ဘူး။

    ကလေးများ ကျန်းမားစေချင်ရင် ငယ်စဉ်ကတည်းက အချိုတွေ မကြိုက်အောင် လုပ်ပါ၊

  3. နေ့စဉ်သွားတိုက်ပါ။ အချိုစားပြီးပါက ချက်ချင်းသွားတိုက်ပါ။ ကလေးငယ်များ သွားပေါက်လျှင် ပေါက်ချင်း သွားတိုက်ပေးပါ။ ကိုယ်ဖာသာ သွားတိုက်တတ်အောင် သင်ပေးပါ။ သွားတိုက်နည်း မှန်မမှန် ကြည့်ပေးပါ။
  4. သွားကို ဘေးတိုက်အပြင်၊ အထက်၊ အောက် ပွတ်တိုက်ပေးပါ။

    အရှေ့၊ နောက်၊ အပေါ်နှင့် အောက် အနှံ့ တိုက်ပါ။

    1702
  5. ရေနှင့် အစားအစာများတွင် ဖလိုရိုက်ဓာတ် ချို့တဲ့သော ဒေသများတွင် ဖလိုရိုက်ဓာတ်ကို သောက်ရေများနှင့် သွားပေါ်တိုက်ရိုက် ဖြည့်တင်းပေးရမည်။ အချို့နိုင်ငံများတွင် ဖလိုရိုက်ဓာတ်ကို သွားပေါ် တိုက်ရိုက် ထည့်ပေးလေ့ရှိသည်။ ပင်လယ်စာများတွင် ဖလိုရိုက်ဓာတ်များစွာ ပါဝင်သည်၊
  6. သတိပြုရန် ဖလိုရိုက်ဓာတိ်ကို စားမိပါက အဆိပ်သင့်တတ်သည်။ သတိထားသုံးပါ။ ကလေးများ လက်လှမ်း မမီသောနေရာတွင် ထားပါ။ သောက်ရေများကို ဖလိုရိုက်ဆေး မခတ်မီ မည်မျှခတ်ရမည်ကို ဦးစွာ စစ်ဆေးပါ။

  7. ကလေးများကြီးလာလျှင် နို့ဗူးဖြတ်ပါ။ နို့ဗူးဆက်စို့နေလျှင် သွားများ အချိုကဲ၍၊ သွားပိုးစားကာ စောစီးစွာ သွားကျိုးကလေးများဖြစ်သွားမည်။

သွားတိုက်တံမရှိလျှင်

သစ်ကိုင်းတစ်ခုကို သုံးနိုင်သည်။

1703

သွားတိုက်ဆေးမရှိလျှင်

1704

ရေနှင့်လည်း တိုက်နိုင်သည်။ နူးညံ့သည့် အရာတစ်ခုနှင့် ပွတ်တိုက်နိုင်သည်။ မီးသွေးမှုန့်၊ ဆားတို့နှင့်လည်း တိုက်နိုင်သည်။ ဆိုဒါမှုန့်နှင့် ဆား ဆတူရော၍လည်း သွားပွတ်ဆေးမှုနှု်အဖြစ် သုံးနိုင်သည်။ သွားပွတ်တံကို ရေ အရင် စွတ်ထားပါက ၎င်းသွားပွတ်ဆေးမှုန့်များကို အလွယ်တကူ ထည့်ကာ သုံးနိုင်မည်။

သွားပိုးပေါက်ရှိလျှင်

၎င်းသွားပိုးပေါက်များ မနာအောင်၊ ရောဂါပိုး မဝင်အောင် အချိုရှောင်ပါ။ အစာစားပြီးတိုင်း သွားတိုက်ပါ။

သွားဆရာဝန်တစ်ဦးနှင့် ပြပါ၊ အချိန်မီသေးလျှင် ၎င်းအပေါက်ကို သန့်ရှင်းရေး လုပ်ပေးကာ၊ ဖာပေးနိုင်သည်။

သွားပိုးပေါက် ရှိလျှင် အရမ်းနာသည့် အထိ အချိန်ဆွဲ မနေပါနှင့်။ သွားဆရာဝန်နှင့် အမြန်ပြ၍ ဖာလိုက်ပါ။

သွားကိုက်ခြင်းနှင့် ပိုးဝင်ခြင်း

  • သွားပိုးပေါက်ကို သန့်ရှင်းရေး လုပ်ပေးပါ။ အစာဟောင်းများကို ဖယ်ပါ။ ဆားရေနွေးနွေးနှင့် ပလုပ်ကျင်းပါ။
  • အနာသက်သာဆေး (အက်စပရင်) သောက်ပါ။
  • ပိုးဝင်ပါက (ယောင်နေမည်၊ ပြည်ရှိမည်၊ ပါးစောင်အကျိပ်များ ယောင်မည်၊ နာမည်။) ပိုးသတ်ဆေး တစ်မျိုးမျိုး (ပင်နီဆလင် pennicillin အမောက်ဇာစီလင် AMOXICILLIN၊ အပ်ပီစီလင် ampicillin) ကို သောက်ရမည်။ ဆေးမတည့်ပါက အရီဒြိုမိုင်ဆင် erythromycin ကို သောက်ပါ။
  • မသက်သာလျှင်၊ ထပ်ဖြစ်လျှင် ၎င်းသွားကို နှုတ်ပစ်မှ သက်သာမည်။

    ရောဂါပိုးများ ခန္ဓာကိုယ်၏ အခြားနေရာများသို့ မပြန့်အောင် ပိုးဝင်နေသည်ကို ဦးစွာ ကုရမည်။

    သွားဖုံး ပိုးဝင်ခြင်း pyorrhea

    သွားဖုံး ပိုးဝင်ပါက နာမည်၊ ယောင်နေမည်၊ နီနေမည်၊ သွေးထွက်တတ်သည်။

    1. သွားနှင့် သွားဖုံးကို မှန်မှန် မတိုက်လျှင်သော် ၎င်း
    2. အာဟာရ ပြည့်ဝဖူလုံစွာ မစားလျှင်သော်၎င်း ဖြစ်တတ်သည်။

    ကာကွယ်၊ ကုသရန်

    • အစာစားပြီးတိုင်း သွားတိုက်ပါ။ သွားကြားထိုးပါ။ သွားနှင့် သွားဖုံးထိသည့်ရောများတွင် တွေ့ရတတ်သည့် ညိုဝါရောင် အဖတ်များ (tartar ဟုခေါ်သည်)ကို ခြစ်ထုတ်ပါ။ သွားပွတ်ကြိုး (dental floss) သုံး၍၊ သွားကြားနှင့် သွားဖုံး၊ သွားကြား ကပ်ညႇိနေသော အစာများ၊ အညစ်အကြေးများကို ဖယ်ရှားနိုင်သည်။ အစဦးပိုင်းတွင် သွေးထွက်တတ်သည်။ သို့သော် သန့်ရှင်းရေးလုပ်ဖန်များလာပါက သွားဖုံးများ ကောင်းလာပြီး၊ သွေးအထွက် နဲသွားမည်။
    • ဗီတာမင်ဓာတ်မျိုးစုံ ကြွယ်ဝသော အစားအစာများ၊ ဥအမျိုးမျိုး၊ အသား၊ ပဲ၊ အစိမ်းရင့်ရောင် အသီးအရွက်၊ လိမေ်မာ်၊ သံပုရာ၊ ခရမ်းချဉ်သီး စသော အသီးအမျိုးမျိုးတို့ကို စားပါ။ အချိုနှင့် သွားကြားညႇပ်နိုင်သော ကပ်စေးစေး အစာများကို ရှောင်ပါ။

    သတိပြုရန်။ ။ အတက်ရောဂါအတွက် အသုံးပြုသော ဖင်နီတွိုင်း phenytoin (Dilantin) ဆေးသည် သွားဖုံးကို ယောင်စေတတ်သည်။ ဆေးပြောင်းသောက်ရန် ဆရာဝန်နှင့် ပြန်ပြပါ။

    နှုတ်ခမ်းတောင့်များ ကွဲခြင်း၊ နာခြင်း

    ကလေးငယ်များတွင် နှုတ်ခမ်းထောင့်များ ကွဲတတ်သည်။ အာဟာရ ချို့တဲ့သောကြောင့် ဖြစ်သည်။

    နို့၊ အသား၊ ငါး၊ မြေပဲ၊ ဥ၊ အသီးနှင့် အစိမ်းရောင် အသီးအရွက်များ ကဲ့သို့သော ဗီတာမင်နှင့် အသားဓာတ် ကြွယ်ဝသော အစာများကို စားရမည်။

    ပါးစပ်အတွင်းမှ အဖြူကွက်များ

    လျှာဖြူခြင်း ရောဂါ အတော်များများက လျှာကို ဖြူစေတတ်သည်။ ကိုယ်ပူလျှင် ပိုဖြစ်တတ်သည်။ ဆိုဒါနှင့် ဆား ရောထားသော ရေနွေးဖြင့် ပလုပ်ကျင်းပါက သက်သာမည်။

    ကိုယ်ပူနေသော ကလေးငယ်များ ဝက်သက်ရောဂါဖြစ်လျှင် ပါးစောင်အတွင်း ဆားပွင့်ကဲ့သို့ အဖြူစက်များကို ကနဦးလက္ခဏာ တစ်ခု အဖြစ်တွေ့ရတတ်သည်။

    မက်ခရု။ ။ ပါးစောင်အတွင်းနှင့် လျှာပေါ်တွင် အသားပေါ်တင်နေသည့် နွားနို့ဖတ်ကဲ့သို့သော အဖြူဖတ် များကို တွေ့ရမည်။ မိုနီလီယေးစစ် moniliasis ဟုခေါ်သော မှိုစွဲသည့် ရောဂါတစ်မျိုးဖြစ်သည်။ မွေးကင်းစ ကလေးငယ်များ၊ အိပ်ချ်အိုင်ဗွီ ရောဂါရှိသူများ၊ tetracycline တက်ထရာဆိုင်ကလင်း၊ ampicillinအမ်ပီဆလင် ကဲ့သို့သော antibiotic ပဋိဇီဝ ပိုးသတ်ဆေး တစ်မျိုးမျိုးကို သောက်ထားသူများ တွင် တွေ့ရတတ်သည်။

    အကယ်၍ သိပ်အရေးမကြီးပါက ပဋိဇီဝ ပိုးသတ်ဆေးသောက်ခြင်းကို ရပ်လိုက်ပါ။ နီစတက်တင် nystatin (သို့မဟုတ်) ဂျန်းရှင်း ဝိုင်လက် gentian violet ဆေးကို ပါးစပ်အတွင်းရှိ မက်ခရုများကို လိမ်းပေးပါ။ နို့ချဉ်၊ ဒိန်ချဉ် စားပေးနိုင်လျှင်လည်း ကောင်းပါသည်။ ပိုဆိုးလာမည်ဆိုပါက (သို့မဟုတ်) လည်ချောင်းအတွင်းသို့ မက်ခရုများပေါက်ပါက အစာမျိုရခက်လာမည်။ ဆရာဝန်နှင့် ပြရမည်။

    ကင်န်ကာ ပါးစပ်နာ (Canker Sores)။ ။ သေးငယ်သော အဖြူရောင်၊ အနာစက်ကို ပါးစောင်တွင်းနှင့် နှုတ်ခမ်းပေါ်တွင်တွေ့ရသည်။ အဖျားပျောက်ပြီးခါစ လူနာများနှင့် စိတ်ဖိစီး အလုပ်ပိနေသူများတွင် ဖြစ်ပွားတတ်သည်။ ရက်သတ်တ ၁ ပါတ်၊ ၂ ပါတ်ကြာပါက အလိုလို ပျောက်သွားတတ်သည်။ ဆားရည်နှင့် ပလုတ်ကျင်းပါ။ ပဋိဇီဝ ပိုးသတ်ဆေး သောက်စရာမလို။

    ရေယုန်အရည်ကြည်ဖုများ Cold Sores and Fever Blisters

    ဖျားပြီးခါစနှင့် စိတ်ဖိစီးမှုဒဏ် ခံရပြီးခါစ လူနာများ၏ နှုတ်ခမ်း (လိင်အဂႍါတွင်လည်း ပေါက်တတ်သည်) တွင် အရည်ကြည်ဖု အသေးလေးများကို တွေ့ရတတ်သည်။ နာကျင်သည်။ ရေယုန်ပိုးကြောင့် ဖြစ်သည်။ ရက်သတ်တ ၁ ပါတ်၊ ၂ ပါတ်ကြာပါက အလိုလို ပျောက်သွားတတ်သည်။ အနာပေါ် ရေခဲကို မိနစ်အတန်ကြာ၊ မကြာခဏ အုံပေးခြင်းဖြင့် အမြန်သက်သာစေသည်။ အေဆိုက်ကလိုဗာ Acyclovir လိမ်းဆေး လိမ်းပေးပါက နာကျင်မှုကို သက်သာစေသည်။