အချို့သောမိဘများသည် ကလေးအများကြီးမွေးဖွားလိုကြသည်။ အထူးသဖြင့် ဆင်းရဲချို့တဲ့သောသူများသည် လုံလောက်သော မြေနေရာ၊ အရင်းအမြစ်နှင့်လူမှုအကျိုးခံစားခွင့်များ မရရှိသောနိုင်ငံများတွင် ပိုမိုတွေ့ရှိရသည်။ အဘယ့်ကြောင့်ဆိုသော် မိဘများ အသက်ကြီး သွားသောအခါ စောင့်ရှောက်ရန်နှင့် လုပ်ပိုင်ခွင့်တွင် ကူညီလုပ်ကိုင်နိုင်သောကြောင့်ဖြစ်သည်။ ထိုနေရာမျိုးတွင် လူချမ်းသာများသာ ကလေး နည်းနည်းရှိစေရန် အခွင့်အရေးအားတတ်နိုင်ကြသည်။
ထိုအခြေအနေသည် အရင်းအမြစ်နှင့် အကျိုးခံစားခွင့်များ တူညီစွာရရှိသော ဆင်းရဲသောနိုင်ငံများတွင် ခြားနားသည်။ ထိုနိုင်ငံများ တွင် အလုပ်အကိုင်၊ အိမ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား အာမခံချက်ပေးထားပြီး အမျိုးသမီးများအား ပညာရေးနှင့်အလုပ်အကိုင်တွင် တန်းတူအခွင့်အရေးပေးထားသည်။ ထိုနိုင်ငံရှိလူအများသည် မိသားစုနည်းသည်ကိုသာရွေးချယ်ကြသည်။ အကြောင်းရင်းအားဖြင့် သူတို့၏ ကလေးများအပေါ်တွင် စီးပွားရေးခိုင်မြဲစေရန်အတွက် မှီခိုရန်မလိုအပ်သောကြောင့်ဖြစ်သည်။
မည်သည့်အသိုင်းအဝိုင်းတွင်မဆို မိဘတိုင်းသည် ကလေးဘယ်နှစ်ယောက်ယူမည်။ ဘယ်အချိန်တွင်ယူမည်ဆိုသည့် ကိုယ်ပိုင်ဆုံး ဖြတ်ရန် အခွင့်အရေးရှိသည်။
မိဘများတွင် သူတို့၏မိသားစုဝင်အရေအတွက်ကို ကန့်သတ်ရန်အတွက်အကြောင်းပြချက်အမျိုးမျိုးရှိကြသည်။ အသက်ငယ်သော မိဘများသည် သူတို့အလုပ်ကောင်းမွန်စွာလုပ်နိုင်ပြီး အတန်အသင့်ငွေစုနိုင်သည့်အချိန်ရောက်မှ ကလေးလိုချင်ကြသည်။ သို့မှသာ ကလေး အား ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်နိုင်မည်။ အချို့သောမိဘများက ကလေးနည်းနည်းနှင့်လုံလောက်သည်ဟု ယူဆသည်။ နောက်ထပ် ယူရန်ဆန်ဒလုံးဝမရှိတော့ပေ။ အချို့ကတော့ ကလေးတစ်ယောက်နှင့်တစ်ယောက်ကြားတွင် နှစ်များစွာခြားလိုကြသည်။ သို့မှသာ မိခင်ရော ကလေးပါ ကျန်းမာသည်။ အချို့ကတော့ သူတို့သည် ကလေးထပ်ယူရန် အသက်အားဖြင့်အရမ်းကြီးသွားသည်ဟု ခံစားရသည်။ အခြားအခြေ အနေတွင် ယောကျငျာ်းနှင့်မိန်းမပါသေချာသိသည်မှာ သူတို့တွင်ကလေးအများကြီးရှိပါက ထိုကလေးများကြီးလာလျှင် အားလုံးအတွက် လုံ လောက်သော အစာအာဟာရ ရရှိရန်အတွက် လျော်ညီသောမြေနေရာမရှိခြင်းဖြစ်သည်။
မိမိမွေးလိုသော ကလေးဦးရေ၊ မည်သည့်အချိန်တွင် မွေးမည် စသည်စီစဉ်ထားခြင်းကို မိသားစု စီမံကိန်း ဟုခေါ်သည်။ ကလေး ခြားသည့်နည်း တစ်ခုခုကို သုံး၍ သားဆက်ခြားထားနိုင်သည်။
ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းနှင့် သားပျက်သားလှျောခြင်းတို့နှင့် ပါတ်သက်သော ပြဿနာများကြောင့် အမျိုးသမီး ၅ သိန်းခန့် နှစ်စဉ် သေဆုံးနေကြသည်။ အဆိုပါ အမျိုးသမီးများ သေဆုံးနေခြင်းကို သားဆက်ခြားခြင်းနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။ သားဆက်ခြားခြင်းက အောက်ပါ ကိုယ်ဝန်သည်များကို အသက်ဘေးမှ ကာကွယ်ပေးသည်။
သန်းပေါင်းများစွာသော အမျိုးသမီးများသည် သားဆက်ခြားခြင်းနည်းလမ်းတစ်ခုခုကို အန္တရာယ်ကင်းစွာ သုံးနေကြသည်။
အောက်ဖော်ပြပါ စာမျက်နှာများသည် သားဆက်ခြားနည်းများစွာကို ဖော်ပြထားသည်။ အချို့သူများအတွက် ရွေးချယ်ထားသော နည်းလမ်းသည် အခြားသူများထက် ပိုကောင်းတတ်ပါသည်။ ဤစာများကိုလေ့လာခြင်း၊ သားဖွားဆရာမ၊ ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ဆရာဝန်များနှင့် ရနိုင်သည့်နည်းလမ်းများ၊ ကိုယ်နှင့် သင့်လျော်မည့် နည်းလမ်းတစ်ခုစီကို ဖတ်ရှုပြီးနောက် သင်နားမလည်သော၊ သိလိုသော မေးခွန်းများကို တွေ့ရှိလာပါလိမ့်မည်။
သားဆက်ခြားခြင်းနည်းလမ်းတွင် ဇနီးသာမက ခင်ပွန်းတွင်ပါတာဝန်ရှိပါသည်။ (လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ရာတွင်)
အောက်ဖော်ပြပါ ဇယားတွင်အပြည့်အစုံဖော်ပြထားပါသည်။ ကြယ်ပွင့်များသည် ကိုယ်ဝန်မရအောင် ဘယ်လောက်ကာကွယ်နိုင် သည်ကို ညွှန်ထားပါသည်။ ဇနီးရောခင်ပွန်းပါ မှန်ကန်သောနည်းလမ်းများဖြင့် အတူတကွဆက်ဆံပါက ထိရောက်ပါလိမ့်မည်။
အမျိုးသမီးများတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော ဓာတ်ပစ္စည်းများ (ဟော်မုန်းများ)ဖြင့် ဖော်စပ်ထားသည်။ နည်းလမ်းမှန်စွာ သုံးပါက ကလေးမရရန် ကာကွယ်ပေးနိုင်သော အကောင်းဆုံးနည်း ဖြစ်သည်။ သို့သော် အမျိုးသမီးများ အခြားနည်းတစ်ခုခုကို သုံးနိုင်ပါက ဤနည်းကို မသုံးသင့်ပေ။ ဤသောက်ဆေးများသည် အိပ်ချ်အိုင်ဗွီပိုးနှင့် ကာလသားရောဂါကို မကာကွယ်နိုင်ပါ။ အဆိုပါရောဂါများကို ကွန်ဒုံးကသာ ကာကွယ်ပေးနိုင်သည်။
သားဆက်ခြား သောက်ဆေးများသည် ၂၁ လုံးကဒ်၊ ၂၈ လုံးကဒ် များနှင့် လာတတ်သည်။ ၂၁ လုံးကဒ်များက ဈေးပိုသက်သာသည်။ ဈေးနှုန်းများသည် တံဆိပ်ပေါ်လည်း မူတည်သည်။ တံဆိပ်အလိုက် ပါဝင်သော ဆေးပမာဏသည်လည်း ကွာခြားတတ်သည်။ သင့်အတွက် မည်သည့်တံဆိပ်က အသင့်တော်ဆုံးဖြစ်သည်ကို ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ပါလေ။ ဤသောက်ဆေးများကို သောက်လိုက်ပြီး၊ ကိုယ်ဝန်မရစေရန် ချက်ချင်းကာကွယ်မပေးပါ။ ထို့ကြောင့် စသောက်ပြီး၊ (၇) ရက်အတွင်း၊ လိင်ဆက်ဆံပါက ကွန်ဒုံးသုံးနေရမည်။
ရာသီလာနေစဉ် ပထမဆုံးရက်မှ စ၍၊ သောက်ပါ။ သို့ဖြစ်ရာ ရာသီလာသည့်ရက် ပထမရက်ကို "ရက်နံပါတ် (၁)" ဟု သတ်မှတ်သည်။ ဆေးများကုန်သည်အထိ တစ်ရက် တစ်လုံး နေ့စဉ်သောက်သွားရမည်။ နေ့စဉ်သောက်သည့် အချိန် နာရီ တူပါစေ။
တစ်ကဒ်လုံးသောက်၍ ကုန်သွားပါက၊ (၇) ရက်စောင့်ပါ။ (၇) ရက်လွန်မှ ဆေးကဒ်အသစ်ကို စသောက်ပါ။ တစ်ရက် တစ်လုံး၊ နေ့စဉ် သောက်ပါ။
ဤနည်းအားဖြင့် လတိုင်းတွင် (၃) ပါတ်ဆေးသောက်၊ တစ်ပါတ်နား ဖြစ်နေမည်။ ဆေးသောက်နားနေသော အပါတ်အတွင်း ရာသီလာမည်။ ရာသီမလာပါကလည်း (၇) ရက်နားပြီးပါက၊ ဆေးကဒ်အသစ် စသောက်ပါ။
ကိုယ်ဝန်မရချင်ပါက ညွန်ကြားထားသည့်အတိုင်း တစ်ရက် တစ်လုံးသောက်နေရန် အရေးကြီးသည်။ ဆေးသောက်ရန် မေ့သွားပါက ချက်ချင်းပြန်သောက်ပါ။ နောက်တစ်နေ့ ဖြစ်သွားပါက (၂) လုံးသောက်ပါ။
၂၁ လုံးကဒ်ကဲ့သို့ပင် ရာသီလာနေစဉ် ပထမဆုံးရက်မှ စ၍၊ သောက်ပါ။ တစ်ရက် တစ်လုံးသောက်သွားပါ။ (၇) လုံးသည် အရောင်နှင့် အရွယ် မတူသည့် ဆေးလုံးများဖြစ်နေမည်။ ဤ (၇) လုံးကို နောက်ဆုံးပါတ်တွင် သောက်ပါ။ ၂၈ လုံးသောက်ပြီးပါက ကဒ်အသစ်ဆက်သောက်ပါ။ နားစရာမလိုပေ။ ကိုယ်ဝန်မလိုချင်သေးသ၍၊ တစ်ကဒ်ပြီးတစ်ကဒ် ဆက်တိုက် သောက်သွားရမည်။
သားဆက်ခြားဆေးများ သောက်နေစဉ် ပုံမှန်အစားအစာ များကို စားပါ။ နှာစေး အအေးမိလျှင်သော်မှ ဆေးသောက်ရပ်ရန် မလို။ ဆက်သောက်ပါ။ ဆေးကဒ်မကုန်သေးခင် ဆေးအသောက်ရပ်လျှင် ကိုယ်ဝန်ရနိုင်သည်။
မနက်ခင်းအချိန် ပျို့အန်ခြင်း၊ နို့အုံများ တင်းခြင်း၊ ကိုယ်ဝန်ဆောင်သည်များတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများကို ဆေးစသောက်သည့် အမျိုးသမီးအချို့တွင် တွေ့ရတတ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၏ သွေးထဲတွင် ထွက်ပေါ်လာသည့် ဟော်မုန်းများနှင့် ဆင်တူသော ဓာတ်ပစ္စည်းများ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ အထက်ပါ မအီမသာ ဖြစ်စေသည့် လက္ခဏာများပေါ်လာခြင်းသည် မကျန်းမာ၍ ပေါ်လာခြင်းမဟုတ်၊ ဆေးရပ်စရာလည်း မလိုပေ။ ဆေးသောက်ပြီး ၂၃ လအတွင်း သက်သာသွားလေ့ရှိသည်။ မသက်သာပါက ဆေးပြောင်းသောက်ရန် လိုလိမ့်မည်။
ဆေးသောက်နေသော အမျိုးသမီးအများစုသည် ရာသီလာပါက ရာသီသွေး နဲသွားတတ်သည်။ အရေးမကြီးပေ။
အခြားဆေးများနည်းတူ ဤသားဆက်ခြားဆေးများသည် လူအချို့ကို ဒုက္ခပေးတတ်သည်။ အဆိုးဆုံး အန္တရာယ်မှာ နှလုံး၊ အဆုပ်နှင့် ဦးနှောက်တွင်း သွေးခဲများ ပိတ်ဆို့တတ်ခြင်းပင် ဖြစ်သည်။ အသက် ၃၅ အထက်၊ ဆေးလိပ်သောက်တတ်သည့် အမျိုးသမီးများတွင် ဖြစ်တတ်သည်။ သို့သော် ကိုယ်ဝန်ဆောင်လျှင် ဖြစ်မည့် သွေးခဲပိတ်နိုင်ခြေ ရာခိုင်နှုန်းက ဆေးသောက်၍ သွေးခဲပိတ်နိုင်ခြေ ရာခိုင်နှုန်းထက် ပိုများသည်။ အချို့သော အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်လျှင်သော်၄င်း၊ ဆေးသောက်လျှင်သော်၄င်း သွေးခဲပိတ်တတ်သည့် အန္တရာယ်က ထပ်တူများနေတတ်သည်။ အဆိုပါ အမျိုးသမီးများကို သားဆက်ခြားနည်း အခြားနည်းများကို ပြောင်းသုံးရမည်။
သားဆက်ခြားဆေးသောက်နေလျှက် ကိုယ်ဝန်ရသွားခြင်းသည် အလွန် ဖြစ်ခဲသော အရာတစ်ခု ဖြစ်သည်။ ဖြစ်လာပါက ဆေးအသောက် ချက်ချင်းရပ်ရမည်။ ကလေး၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေတတ်သောကြောင့် ဖြစ်သည်။
သားဆက်ခြားဆေးသောက်ခြင်းကြောင့် သေဆုံးခြင်းဆိုသည်မှာလည်း အလွန် ဖြစ်ခဲလှသည်။ ပျှမ်းမျှအားဖြင့် အမျိုးသမီးများ အသက် ဆုံးရှုံးမှုနှုန်းသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်းက သားဆက်ခြားဆေးသောက်ခြင်းထက် အဆပေါင်း (၅၀) ပိုများသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၅၀၀၀ အနက်၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်းကြောင့် သေဆုံးနိုင်ခြေရှိသော ဦးရေ
သားဆက်ခြားဆေးသောက်သော အမျိုးသမီး ၁၅၀၀၀ အနက်၊ ဆေးကြောင့် တစ်ဦးသာ သေဆုံးနိုင်ခြေရှိသည်။
မှတ်ချက် ဆေးသောက်ခြင်းက ကိုယ်ဝန်ဆောင်ခြင်းထက် ပို၍ အန္တရာယ်ကင်းသည်။
အကြောင်းတစ်ခုခုကြောင့် လိင်မဆက်ဆံခင် သားဆက်ခြားဆေးကို ပုံမှန်မသောက်ဖြစ်ခဲ့လျှင်၊ လိင်ဆက်ဆံပြီးမှ ဆေးပမာဏပို များများပါသော သားဆက်ခြားဆေးများ (အရေးပေါ် သားဆက်ခြားဆေး) ကို သောက်ခြင်းဖြင့် ကိုယ်ဝန်ကို တားနိုင်သေးသည်။
အောက်ပါ ရောဂါလက္ခဏာတစ်ခုခု ရှိသော အမျိုးသမီးများ သားဆက်ခြား သောက်ဆေး/ ထိုးဆေးကို မသုံးသင့်ပေ။
သားဆက်ခြားဆေးသောက်လျှင် အောက်ပါ ရောဂါများကို ပိုဆိုးစေတတ်သည်။
တီဘီရောဂါ၊ ဆီးချို၊ သည်းခြေအိတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝက်ရူးပြန်ရောဂါ တို့ရှိလျှင် သားဆက်ခြားဆေးကို မသောက်ခင် ဆရာဝန်များနှင့် ဆွေးနွေးသင့်သည်။ ရောဂါရှိသော အမျိုးသမီးအများစု အန္တရာယ်ကင်းစွာ သောက်နေသည်လည်း ရှိပါသည်။
အထက်ပါ လက္ခဏာများ တစ်ခုခု ပေါ်လာလျှင် သားဆက်ခြားဆေး အသောက်ရပ်ပါ။ ဆရာဝန်နှင့် ပြပါ။ အခြားနည်းတစ်ခုခုဖြင့် ကိုယ်ဝန်တားပါ။ ကိုယ်ဝန်ဆောင်မိပါက အန္တရာယ်ရှိသည်။
ကွန်ဒုံး(အမျိုးသားသုံး) ဆိုသည်မှာ အမျိုးသား လိင်အင်္ဂါကို ဖုံးစွပ်ပေးသော ပါးလလွှာသော ရော်ဘာအစွပ်ဖြစ်သည်။ လိင်ဆက်ဆံစဉ် အမျိုးသမီး၏ သားအိမ်အတွင်းသို့ အမျိုးသား၏ သုက်ပိုးမဝင်အောင် တားပေးသည်။ ထို့အပြင် ကာလသားရောဂါပိုးနှင့် အိပ်ချ်အိုင်ဗွီပိုး မကူးအောင် ကာကွယ်ပေးသော အကောင်းဆုံးပလတ်စတစ်ပါးပင် ဖြစ်သည်။ လိင်မဆက်ဆံမှီ၊ အမျိုးသား၏ လိင်တံမာလာသော အချိန်တွင် စွပ်ရသည်။ လိင်ဆက်ဆံ၍ အမျိုးသားက သုက်လွတ်ပြီး၊ ပြန်မပျော့သွားခင်၊ ကွန်ဒုံးကို တစ်ပါတည်း ပါလာအောင် လိင်တံကို မိန်းမကိုယ်မှ ထုတ်ရသည်။ ထို့နောက် သုက်ရည်မဖိတ်အောင်၊ သတိတားချွတ်ကာ၊ ထုံးချည်လိုက်ပြီးမှ စွန့်ပစ်ပါ။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသစ်ကိုသာ သုံးပါ။ ကွန်ဒုံးကို အေး၍၊ ခြောက်သွေ့သော နေရာတွင် ထားရမည်။ နေရောင်အောက်တွင် မထားရ။ ရက်လွန်နေသော ကွန်ဒုံးအဟောင်းနှင့်၊ ကွန်ဒုံးအိတ် ပေါက်ပြဲနေပါက မသုံးပါနှင့်။
အမျိုးသမီးသုံး ကွန်ဒုံး ဆိုသည်မှာ မိန်းမကိုယ်တွင်းထည့်နိုင်သော ပါးလွှာသည့် ပလတ်စတစ်အိတ်တစ်မျိုးဖြစ်သည်။ မိန်းမကိုယ်အတွင်း ထည့်ထားလျှင် ကွန်ဒုံးအိတ်၏ အဆုံးဖက်တွင် ရှိသော ကျုံ့နိုင်၊ ဆန့်နိုင်သည့် ပလတ်စတစ်ကွင်းက နေရာမြဲအောင် ထိန်းထားပေးသည်။ ကွန်ဒုံး၏ အဝသည် မိန်းမကိုယ်၏ အပြင်ဖက်တွင် ထွက်နေမည် ဖြစ်ပြီး၊ မိန်းမကိုယ်၏ အပြင်နခမ်းသားများကို ဖုံးနေမည်။ မိန်းမကိုယ်အတွင်းတွင် လိင်မဆက်ဆံခင် (၆) နာရီကြာသည်အထိ ကြိုထည့်ထားနိုင်သည်။ လိင်ဆက်ဆံပြီးလျှင်မူ ချက်ချင်းဆွဲထုတ်ပစ်ပါ။ တစ်ခါသုံးသာ ဖြစ်သည်။ ရေလှျော်ပြီး၊ ပြန်သုံးလျှင် လိင်ဆက်ဆံနေစဉ် ပေါက်ပြဲနိုင်သည်။ သို့သော် မသုံးသည်ထက်စာလျှင်၊ ရေလှျော်ပြီး ပြန်သုံးလိုပါက (၅) ကြိမ်ထိ သုံးနို်င်သည်။ ကိုယ်ဝန်တားရန်၊ ကာလသားရောဂါနှင့် အိပ်ချ်အိုင်ဗွီပိုး ကာကွယ်ရန် အတွက် အမျိုးသမီးများ ကိုယ်တိုင် ကာကွယ်နိုင်သော နည်းများထဲတွင် အကောင်းဆုံးနည်းဖြစ်သည်။ အမျိုးသမီးကွန်းဒုံးသုံးလျှင် အမျိုးသားက ကွန်ဒုံးသုံးစရာမလိုပါ။ တစ်နည်းအားဖြင့် နှစ်ဦးစလုံး တစ်ပြိုင်နက် သုံးစရာမလို။
သားအိမ်ခေါင်းအစွပ် (Diaphragm) ဆိုသည်မှာ မိန်းမကိုယ်အတွင်းထည့်သုံးရသော ခပ်တိမ်တိမ် ရော်ဘာခွက်တစ်မျိုး ဖြစ်သည်။ အချိန်မရွေးသုံးနိုင်သော ပစ္စည်းဖြစ်ပြီး၊ လိင်ဆက်ဆံပြီးပါက မိန်းမကိုယ်အတွင်း အနဲဆုံး (၆) နာရီကြာ ဆက်၍ ထားရမည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ မည်သည့်အရွယ်ကို သုံးရမည်ကို ကျန်းမာရေး ဆရာမများအား မေးမြန်း အကြံဉာဏ်တောင်းနိုင်သည်။ အသုံးပြုပြီး ဆပ်ပြာ၊ ရေနှင့် ဆေးပါ။ အေး၍ ခြောက်သွေ့သော နေရာတွင် ထားရမည်။ (၂) နှစ် ကြာထိ သုံးနိုင်သည်။ အလင်းရောင်တွင် ထောင်ကြည့်ကာ အပေါက် ရှိမရှိ အမြဲစစ်ပေးရမည်။ အပေါက်ငယ်တွေ့ပါက အသစ်ပြောင်းသုံးပါ။
သုက်ပိုးသတ်ဆေး (Spermicides) > ဆိုသည်မှာ မိန်းမကိုယ်တွင်းထည့်၍ သုံးရသော၊ အမြုတ် (သို့) ဆေးပြား (သို့) ခရင်မ် (သို့) ဂျယ်လီ တစ်မျိုးဖြစ်သည်။ လိင်မဆက်ဆံခင် ကြိုထည့်ရသည်။ သုက်ပိုးများကို သားအိမ်ထဲ မဝင်ခင် သတ်ပေးသည်။ ကာလသားရောဂါနှင့် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကိုမူ မကာကွယ်ပေးနိုင်။ ဆေးပြားဆိုလျှင် လိင်မဆက်ဆံခင် (၁၀၁၅) မိနစ်ခန့် ကြိုထည့်ရမည်။ အမြုတ် (သို့) ခရင်မ် (သို့) ဂျယ်လီတို့ကိုမူ လိင်ဆက်ဆံခါနီးမှ ထည့်နိုင်သည်။ လိင်ဆက်ဆံတိုင်း သုက်ပိုးသတ်ဆေးကို ထည့်ရသည်။ လိင်ဆက်ဆံပြီးပါက မိန်းမကိုယ်ကို (၆) နာရီကြာသည် အထိ မဆေးပဲ၊ ထားရသည်။ အချို့သော သုက်ပိုးသတ်ဆေးများသည် မိန်းမကိုယ်ကို ယားယံစေတတ်သည်။
>သားအိမ်တွင်းထည့်သည့် ပစ္စည်း (Intrautrine DeviceIUD) >– သားအိမ်တွင်းထည့်ရသည့် သေးငယ်သော ပစ္စည်း တစ်မျိုးဖြစ်သည်။ ကျွမ်းကျင်သူ ဆရာမများမှ ထည့်ပေးရသည်။ ၄င်းပစ္စည်းသည် သားအိမ်တွင်း မမျိုးဥနှင့် သုက်ပိုးတို့ မျိုးမစပ်နိုင်အောင် ကာကွယ်ပေးသည်။ ကိုယ်ဝန်မရှိသော၊ ကာလသားရောဂါမရှိသော၊ အိမ်ထောင်သည်အမျိုးသမီးတိုင်း ဤနည်းကို သုံးနိုင်သည်။ အခြားနည်းကို ပြောင်းသုံးလိုလျှင်၊ ကလေးယူလိုလျှင် မည်သည့်အချိန်မဆို လေ့ကျင့်ထားသော ကျွမ်းကျင်သူ ကျန်းမာရေး ဆရာမတစ်ဦးက ပြန်ဆွဲထုတ်ပေးနိုင်သည်။ ဤပစ္စည်းသည် ကာလသားရောဂါကို ကာကွယ်မပေးပါ။
အကုန်အကျမရှိသော်လည်း၊ ကလေးမရရန် မသေချာလှပေ။ ၂၈ ရက်တစ်ကြိမ်၊ ဓမ္မတာရာသီမှန်သော အမျိုးသမီးများတွင်သာ ကလေးမရအောင် ကာကွယ်ပေးနိုင်သည်။ ထို့အပြင် လင်မယားနှစ်ဦးစလုံးက တစ်လလျှင် (၁၁) ရက်တာ လိင်မဆက်ဆံရန် လိုအပ်သည်။
ပုံမှန်အားဖြင့် မိ်န်းကလေးတစ်ဦးသည် ဓမ္မတာရာသီခွင်တစ်ခုတွင်း (၁၁) ရက်သာ ကလေးရနိုင်သည်။ ၄င်း (၁၁) ရက်သည် ဓမ္မတာရာသီခွင်၏ အလယ်လောက်တွင် ကျရောက်သည်။ ရာသီသွေးဆင်းသည့် ပထမဆုံးရက်မှ စရေတွက်သော် (၈) ရက်မြောက်သောနေ့သည် ဤ (၁၁) ရက်တာကာလ၏ ပထမနေ့အဖြစ် မှတ်ယူနိုင်သည်။ ထို (၁၁) ရက်အတောအတွင်း လိင်ဆက်ဆံခြင်းကို ရှောင်နိုင်လျှင် ကိုယ်ဝန်မရ။ ကျန်အခြားရက်များတွင်မူ ကလေးရနိုင်ခြေ အလွန်နဲသည်။
လိင်ဆက်ဆံခြင်းကို ရှောင်ရမည့် ထို (၁၁) ကို ပြက်ခဒိန်တွင် မှတ်သားထားသင့်သည်။
ကိုယ်ဝန်ရနိုင်သော ဤ (၁၁)ရက်တာကာလတွင် လင်၊မယားနှစ်ဦးလုံး လိင်မဆက်ဆံကြပါက၊ ရှောင်နို်င်လျှင် ရှောင်နိုင်သလောက် နှစ်ချီကာ နောက်ထပ် ကလေးမရနိုင်ပေ။ သို့သော် ဤသို့ ရှောင်နို်င်သော အိမ်ထောင် အနဲငယ်သာ ရှိသည်။ ဤနည်းသည် ကွန်ဒုံး၊ သားအိမ်ခေါင်းအစွပ်တို့နှင့် တွဲမသုံးလျှင် ကလေးရသွားနိုင်သောကြောင့် ရာနှုန်းပြည့် စိတ်ချရသော နည်းမဟုတ်ပေ။ အထူးသဖြင့် ရာသီသွေးရပ်သွားသောနေ့မှ ကလေးရနိုင်သောကာလအတွင်း ကလေးရသွားတတ်သည်။
ရက်တွက်ခြင်းနည်းနှင့် တူသည်။ အမျိုးသမီးက သူမ၏ မိန်းမကိုယ်အတွင်းမှ အရည်ကို နေ့စဉ် စစ်ဆေးခြင်းဖြင့် သူမမည်သည့်နေ့တွင် ကိုယ်ဝန်ကပ်နိုင်သည်ကို သိနိုင်သည်။ ကိုယ်ဝန်မရရန် သေချာသောနည်းတစ်ခုအဖြစ် မမှတ်ယူသင့်။ ကုန်ကျမှုမရှိခြင်း၊ ဘေးထွက်ဆိုးကျိုးမရှိခြင်းက ဤနည်း၏ အားသာချက်ဖြစ်သည်။ သို့သော် အမျိုးသမီးက ကာသသားရောဂါဖြစ်ပြီး၊ မိန်းမကိုယ်မှ အရည်ဆင်းနေလျှင်သော်၄င်း၊ ရာသီမမှန်လျှင်သော်၄င်း၊ မိန်းမကိုယ်ကို ဆေးလျှင်သော်၄င်း မစမ်းသပ်နို်င်တော့ပေ။
ရာသီလာသည့် ရက်များမှ လှှဲ၍၊ မိန်းမကိုယ် အရည်ကို နေ့စဉ်စမ်းကြည့်ရမည်။ သန့်ရှင်းသော လက်ချောင်းဖြင့် မိန်းမကိုယ်အတွင်းမှ အရည်ကို နှိုက်ကာ လက်မနှင့် လက်ညိုးကြားထားပြီး၊ ဆွဲဆန့်၍ စမ်းရသည်။
မိန်းမကိုယ်အရည်သည် ရာသီခွင်၏ အလယ်လောက်တွင် ချောကျိကျိဖြစ်လာလေ့ရှိသည်။ ၄င်းရက်သည် ရက်တွက်ခြင်းနည်း၏ ကိုယ်ဝန်ရနိုင်သည့် (၁၁)ရက်နှင့် ထပ်တူကျပါသည်။
ပိုသေချာစေရန် ရက်တွက်ခြင်းနှင့် မိန်းမကိုယ်အရည်ကို စမ်းသပ်ခြင်းနည်း နှစ်ခုကို တွဲသုံးပါ။ နှစ်နည်းစလုံးက ကာလသားရောဂါနှင့် အိပ်ချ်အိုင်ဗွီ တို့ကို မကာကွယ်နိုင်။
ကိုယ်ဝန်မဆောင်လိုလျှင်၊ နည်း ၂ နည်းကို တွဲသုံးသင့်ပါ။ ရက်တွက်ခြင်း (သို့မဟုတ်) မိန်းမကိုယ်အရည်ကို စမ်းသပ်ခြင်းနည်း တစ်ခုခုနှင့် ကွန်ဒုံး၊ သားအိမ်ခေါင်းအစွပ်၊ သုက်ပိုးသတ်ဆေး တို့ထဲမှ နည်းတစ်ခုတို့ တွဲသုံးရမည်။ ဤသို့တွဲသုံးခြင်းက တစ်နည်းတည်း သီးသန့်သုံးခြင်းထက် ပိုသေချာသည်။ ထို့နည်းတူစွာ အမျိုးသမီးက သားအိမ်ခေါင်းအစွပ် ကိုသုံး၊ အမျိုးသားက ကွန်ဒုံးကို သုံးလျှင် ကလေးမရနိုင်တော့ပေ။
ဆေးခန်းတစ်ခုတွင် တတ်ကျွမ်းသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးကို လစဉ် (သို့မဟုတ်) ၃ လတစ်ခါ ကိုယ်ဝန်တား ဟော်မုန်းဆေးထိုးပေးခြင်းဖြစ်သည်။ ကိုယ်ဝန်မရှိမှန်းသေချာသည့် အမျိုးသမီးတစ်ဦးကို မည်သည့်အချိန်တွင်မဆို ပထမထိုးဆေး တစ်လုံးကို စထိုးပေးနိုင်သည်။ ရာသီစလာပြီး (၅) ရက်အတွင်း ထိုးပေးပါက ကိုယ်ဝန်မရနိုင်တော့ပေ။ ရာသီစလာပြီး (၆) ရက် (သို့မဟုတ်) ၆ ရက်ထက်ကျော်သွားပါက ကိုယ်ဝန်တားပေးရန် သိပ်မသေချာတောပါ။ ထို့ကြောင့် ကွန်ဒုံးသုံးရန်လိုအပ်သည်။ သို့မဟုတ်ပါက နောက် (၇) ရက်အတွင်း လိင်မဆက်ဆံပါနှင့်။
အမျိုးသမီး၏ လက်မောင်း အတွင်းဘက် အရေပြားအောက်တွင် မီးခြစ်ဆံကဲ့သို့သော အဆံလေးများ မြှုပ်ထည့်ပေးခြင်း ဖြစ်သည်။ ၄င်းအဆံထဲတွင် ပရိုဂျက်စတင် Progestin ဟော်မုန်းပါရှိပြီး၊ ကိုယ်ဝန်ကို (၆) လမှ (၅) နှစ်ထိ တားပေးသည်။ ဆေးခန်းတစ်ခုတွင် တတ်ကျွမ်းသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ထည့်ပေးရန်လိုသည်။ ကိုယ်ဝန်မရှိမှန်းသေချာသည့် အမျိုးသမီးတစ်ဦးကို မည်သည့်အချိန်တွင်မဆို ထည့်ပေးနိုင်သည်။ နို့တိုက်မိခင်များကို ကလေးမွေးပြီး (၆) ပါတ်အကြာတွင် ထည့်ပေးနိုင်သည်။
ကလေးကို ရာသက်ပန် မရလိုတော့လျှင် အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဦးကို ခွဲစိပ်မှုတစ်ခု လုပ်ရသည်။ နိုင်ငံအတော်များများတွင် ဤသို့သော ခွဲစိပ်မှုအတွက် အခမဲ့ ပြုလုပ်ပေးလေ့ရှိသည်။ ဆေးခန်းများတွင် စုံစမ်းကြည့်ပါ။ သားကျောဖြတ်ခြင်းသည် ကာလသားရောဂါနှင့် အိပ်ချ်အိုင်ဗွီ တို့ကို မကာကွယ်ပေးပါ။
အမျိုးသားများတွင် ပြုလုပ်သော ခွဲစိတ်မှုကို သုက်ပိုးပြွန် ဖြတ်ခြင်း vasectomy ဟုခေါ်သည်။ ဆေးခန်းတစ်ခုတွင်ပင် မေ့ဆေးပေးစရာမလိုပဲ၊ မိနစ်ပိုင်းအတွင်း ပြုလုပ်ပေးနိုင်သည်။ ဤနေရာတွင် ဓားနှင့် အနည်းငယ် ခွဲ၍၊ အမျိုးသား၏ ဝှေးစေ့မှထွက်လာသော သုက်ပိုးပြွန်ကို ချည်နှောင်ပြီး၊ ဖြတ်လိုက်ရသည်။ ဝှေးစေ့ကို မထုတ်ပစ်ပါ။
အမျိုးသား၏ လိင်ပိုင်းဆိုင်ရာ သာယာမှုနှင့် စွမ်းဆောင်မှုကို မထိခိုက်ပါ။ သုက်ရည်များလည်း ထွက်ပါသည်။ သို့သော် သုက်ပိုးများ မပါလာတော့ပေ။
အမျိုးသမီးများတွင် ပြုလုပ်သော ခွဲစိပ်မှုကို သားဥပြွန်ချည်နှောင်ခြင်း tubal ligation ဟုခေါ်သည်။ ဝမ်းဗိုက်အောက်ပိုင်းတွင် အနည်းငယ်ခွဲ၍၊ သားဥအိမ်မှထွက်လာသော သားဥပြွန်ကို ချည်နှောင်ပြီး၊ ဖြတ်လိုက်ရသည်။ ဆေးခန်းတစ်ခုတွင်ပင် မေ့ဆေးပေးစရာမလိုပဲ၊ မိနစ်ပိုင်းအတွင်း ပြုလုပ်ပေးနိုင်သည်။ အမြဲတမ်း အောင်အောင်မြင်မြင် ခွဲစိပ်နိုင်သော်လည်း၊ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုးဝင်တတ်သည်။
အမျိုးသမီး၏ လိင်ပိုင်းဆိုင်ရာ သာယာမှုနှင့် ဓမ္မတာရာသီကို ထိခိုက်မှု အလျဉ်းမရှိ။ ကလေးမရနိုင်တော့သဖြင့် စိုးရိမ်စိတ်လည်း မရှိတော့ပေ။
လူထုအတွင်း ကိုယ်ဝန်တားနိုင်သည့် မိမိတို့၏ ဒေသနည်းများရှိတတ်ကြသည်။ အချို့သည် ကလေးခြားအောင် လုပ်ပေးနိုင်သော်လည်း၊ ခေတ်ပေါ်နည်းများကဲ့သို့ ရာနှုန်းပြည့် မတားပေးနိုင်။ အချို့နည်းများသည် ဘေးမကင်းပေ။ အချို့မှာမူ လုံးဝမတားပေးနိုင်။ ဥပမာ လိင်ဆက်ဆံအပြီး ရေနှင့် ဆေးပစ်ခြင်း၊ ဆီးသွားလိုက်ခြင်းတို့သည် ကိုယ်ဝန်မတားနိုင်ပေ။
လိင်ဆက်ဆံမပြီးခင် လိင်တံကို အပြင်သို့ဆွဲထုတ်၍ အပြင်တွင်မှ သုက်ရည်လွတ်ခြင်းဖြစ်သည်။ မည်သည့်နည်းမှ မသုံးသည်ထက်စာလျှင် အကောင်းဆုံနည်းဖြစ်သည်။ သို့သော် ရာနှုန်းပြည့် ကာကွယ် မပေးနိုင်။ တစ်ခါတရံ အပြင်မရောက်ခင် သုက်ရည်ထွက်သွားတတ်သည်။ အပြင်ထုတ်နိုင်သော်လည်း၊ သုက်ရည်မလွတ်ခင်ကတည်းက သုက်ပိုးပါသော အရည်များ ထွက်နေနိုင်သဖြင့်၊ ကိုယ်ဝန်ရသွားတတ်သည်။
အောက်ပါ အချက် ၃ ချက်နှင့် ပြည့်စုံပါက မိခင်နို့တိုက်နေခြင်းကလည်း ကိုယ်ဝန်ကို တားပေးနိုင်သည်။
အန္တရာယ်ကင်းသည်။ ကလေးမရအောင် ရာနှုန်းပြည့် ကာကွယ် မပေးနိုင်။ ကာလသားရောဂါနှင့် အိပ်ချ်အိုင်ဗွီ တို့ကိုလည်း မကာကွယ်ပေးပါ။ သို့သော် အခြားနည်းတစ်ခုမှ သုံးစရာမရှိလျှင် သုံးနိုင်သည်။
ရှလကာရည်၊ သံပုရာရည် (သို့မဟုတ်) ဆားရည်တို့နှုင့် စိမ်ထားသော ရေမြှုပ်ကို သုံးခြင်းဖြစ်သည်။ ပင်လယ် ရည်နှင့် စိမ်လျှင်လည်း ရသည်။ ရေမြှုပ်မရှိပါက ဝါဂွမ်းလုံး၊ နှုးညံ့သော အဝတ်စတို့ကိုလည်း သုံးနိုင်ပါသည်။
ရှလကာရည် နှစ်ဇွန်း နှင့် ရေသန့် တစ်ခွက်
သို့မဟုတ်
သံပုရာရည် တစ်ဇွန်း နှင့် ရေသန့် တစ်ခွက်
သို့မဟုတ်
ဆား တစ်ဇွန်း နှင့် ရေသန့် လေး ဇွန်း
ရေမြှုပ်ကို ရေဆေးပြီး အကြိမ်ကြိမ် ပြန်သုံးနိုင်သည်။ အေး၍ ခြောက်သွေ့သော နေရာတွင် သိမ်းထားရမည်။
အရည်များကိုလည်း ကြိုရောစပ်ကာ၊ ပုလင်းတစ်ခုထဲတွင် ထည့်ထားနိုင်သည်။