ဤအခန်းတွင် အသက်ကြီးသူများ၌ အများအားဖြင့် တွေ့ရသော ကျန်းမာရေး ပြဿနာများကို မည်ကဲ့သို့ ကုသရမည်၊ ကာကွယ်ရမည်ကို ဖော်ပြပေးမည် ။
အသက် (၄၀) ပြည့်ပြီးနောက်ပိုင်း လူအများစုတွင် အနီးမြင်နှင့် ပတ်သက်၍ ပြဿနာများစွာ ရှိပါသည်။ အထူးသဖြင့် အနီးမှုန်ပြဿနာကို ခံစားနေရပါပြီ။ မျက်မှန်၏ အကူအညီကို ယူနေရပါပြီ။
အသက် ၄၀ ကျော်သည်နှင့် လူတိုင်းလူတိုင်းတွင် ရေတိမ် glaucoma ၏ လက္ခဏာတွေကို စောင့်ကြည့်ဖို့လိုနေပါပြီ။ ၎င်းရောဂါသည် မကုဘဲ ထားမည်ဆိုလျှင် မျက်စိကွယ်သည် အထိ ဖြစ်နိုင်ပါသည်။
ထို့ပြင် Cataract အတွင်းတိမ် ဆိုသည့်ရောဂါကလည်း အသက်ကြီးလာသည်နှင့်အမျှ ဖြစ်ပွားနှုန်းကလည်း များလာပါသည်။
အသက်ကြီးသူများတွင် ငယ်ရွယ်စဉ်ကလောက် သန်မာမှုလည်းမရှိတော့ချေ။ စွမ်းအား၊ စွမ်းအင် တွေလည်း ငယ်ရွယ်သူများလောက် မလိုတော့ချေ။ သို့သော် မိမိစားသင့်သည့် အစားအစာများကိုကောင်း ကောင်းမစားလျှင် ကိုယ်ခန္ဓာ အင်အား လျော့နည်းလာမည်။ မောပန်းလာမည်။ ၎င်းတို့၏ နောက်ဆက်တွဲ ပြဿနာများကို ဆက်လက်ခံစားသွားရမည်။ ထို့ကြောင့် နေ့တိုင်းနေ့တိုင်း မည်ကဲ့သို့စားသောက်ရမည်။ မည်သည့် အစားအစာများကို ရွေးချယ်စားသောက်ရမည် ဆိုသည်မှာ လွန်စွာမှ အရေးကြီးပေသည်။
ခြေထောက်များ ဖောယောင်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ရှိနိုင်သော်လည်း အသက်ကြီး သူများတွင်မူ သွေးလည်ပတ်မှု အားနည်းခြင်းနှင့် နှလုံးရောဂါများကြောင့် တွေ့ရခြင်းကများသည်။ မည်သို့သောအကြောင်းများကြောင့် ဖြစ်စေကာမူခြေထောက်ကိုအမြင့်တွင် ထားခြင်းသည် အမှန်ကန်ဆုံးသော ကုသမှုသာဖြစ်ပါသည်။
အသက်ကြီးချိန်တွင် လမ်းပုံမှန်လျှောက်ပေးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူ ပြုသော်လည်း ကြာကြာ မတ်တပ်ရပ်ခြင်း၊ ခြေထောက်တွဲလွဲချပြီး ကြာကြာ ထိုင်ခြင်းတို့ မပြုလုပ်သင့်ပေ။ မည်သည့် အချိန်တွင် မဆို ခြေထောက်ကို ခုံလေးတခုပေါ်တွင် တင်ထားသင့်ပါသည်။
အသက်ကြီးသူများတွင် သွေးလည်ပတ်မှုအားနည်းခြင်း၎င်း၊ varicose vein (သွေးကြောထုံးခြင်း) ကြောင့်၎င်း၊ ဆီးချို ရောဂါရှိခြင်းကြောင့်၎င်း၊ ခြေထောက်များတွင် အနာများကို တွေ့ရတတ်သည်။ ၎င်းအနာများသည် ပျောက်ကင်းမှုကလည်း ကြာရှည် နှောင့်နှေးတတ်သည်။ ထို့ကြောင့် အနာများကို အတတ်နိုင်ဆုံး သန့်ရှင်းအောင် ထားရမည်။ ရေနွေးနှင့် မကြာခဏ ဆေးပေးရမည်။ Betadine (ဗီတာဒိုင်း) ကဲ့သို့သော ဆေးရည်များနှင့်လည်း ဆေးကြောနိုင်သည်။ ပတ်တီးများ စည်းထားလျှင်လည်း မကြာခဏ လဲပေး ရမည်။ အကယ်၍ ပိုးဝင်ခဲ့သော် ကုသရမည်ဖြစ်ပါသည်။
ထိုင်လျှင်သော်၎င်း၊ အိပ်လျှင်သော်၎င်း ခြေထောက်ကို ပုံတွင်ပြထားသည့် အတိုင်း အမြင့်တွင် ထားလျှင် ပို၍ ကောင်းပါသည်။
အထူူးသဖြင့် အသက်ကြီးသည့် ယော်ကျားများတွင် ဆီးတစက်တစက်၊ ထွက်ကျခြင်း၊ ဆီးကျန်ခြင်း၊ ဆီးသွားမဝခြင်း စသည့် ဆီးသွားရာတွင် ခက်ခဲသည့် ပြဿနာများနှင့် တွေ့ရတတ်သည်။ ၎င်းသည်များသောအားဖြင့် BPH ဟုခေါ်သည့် ဆီးကြိတ်ကြီးသည့် ပြဿနာများကြောင့် တွေ့ရတတ်သည်။
အသက်ကြီးသူများတွင် ချောင်းဆိုးခြင်းကြာမြင့်နေလျှင် ကျွမ်းကျင်သောဆရာဝန်များနှင့် ပြသပြီး အကြံဥာဏ် ယူသင့်သည်။ ဆေးလိပ်ကိုလည်း ဖြတ်သင့်ပါသည်။ မသောက်သင့်တော့ချေ။ ထို့ပြင် ငယ်စဉ်က တီဘီရောဂါများဖြစ်ခဲ့ဖူးလျှင်လည်း ချောင်းကြာရှည်စွာ ဆိုးတတ်ကြသည်။ ချောင်းဆိုးချိန်တွင် သွေးများပါလာခဲ့လျှင် တီဘီရောဂါဖြစ်နိုင်သည့်အပြင် အခြားစာအုပ်နှင့် ပတ်သက်သည့်ရောဂါများ ရှိနိုင်ပါသဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားသင့်ပါသည်။
အကယ်၍ အသက်ကြီးသူတစ်ယောက်တွင် ချောင်းလည်းဆိုးမည်၊ အသက်ရှုကြပ်မည်၊ ခြေထောက်လည်း ယောင်နေမည် ဆိုလျှင် ၎င်းတွက် နှလုံးပြဿနာများ ရှိနိုင်ပါသည်။
အသက်ကြီးသူများတွင် အထူးသဖြင့် Arthritis ဟုခေါ်သည့် အရိုး၊ အဆစ်များယောင်ခြင်း၊ နာခြင်းကိုတွေ့ရသည်။ ၎င်းဝေဒနာများလျော့ပါးစေရန်
အသက်ကြီးသူများတွင် အထူးသဖြင့်၎င်းသည် ခန္ဓာကိုယ်အလေးချိန်များ ပိုနေသောသူ၊ ဆေးလိ်ပ် သောက်သူ၊ သွေးတိုး ရောဂါရှိနေသူတွင် နှလုံးရောဂါရှိသည်ကိုတွေ့ရသည်။ အောက်ဖော်ပြပါပုံတွင် နှလုံးရောဂါလက္ခဏာများကို ဖော်ပြပေးထားပါသည်။ အမျိုးသမီးများတွင် ၎င်းလက္ခဏာများကိုအနက်မှ ပို၍မောပန်းလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ အသက်ရှု မဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက်နာခြင်း စသည့်လက္ခဏာများသည် အမျိုးသားများထက်ပို၍ ခံစားရပါသည်။
သက်လတ်အရွယ်မှစ၍ အသက်ကြီးသူများတွင် ကျန်းမာရေး ပြဿနာ အတော်များများ ဖြစ်တတ်ကြသည်။ ငယ်ရွယ်စဉ်က အစားကျူးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ များပြုလုပ်ခဲ့လျှင် အသက်ကြီးလာသောအခါ သွေးတိုးခြင်း၊ သွေးကြောများ မာကြောလာခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါ စသည်တို့ကို ခံစားရတတ်သည်။ အကယ်၍ သင်သည် အောက်ပါအချက်များကို လက်ခံ၊ လိုက်နာကျင့်သုံးခဲ့မည်ဆိုလျှင် အသက်ကြီးလာသောအခါ ရောဂါကင်းဝေပြီး သက်တမ်းစေ့ နေနိုင်ပါလိမ့်မည်။
ထမင်း၊ အဆီနှင့်ဟင်းအနှစ်များ၊ အငံများသော အစာများကို ရှောင်ကြဉ်ပြီး အာဟာရပြည့်ဝသော၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ။ ကိုယ်အလေးချိန် မတက်အောင် ထိန်းပါ။ ဟင်းချက်ရန် အတွက် ပဲဆီ၊ နှမ်းဆီကဲ့သို့သော အသီးအရွက်ဆီ ကိုသာ အမြဲသုံးစွဲပါ။ တိရိစ္ဆာန်အဆီများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
သွေးတိုးခြင်းနှင့် သွေးကြောကျဉ်းခြင်းများသည် နှလုံးရောဂါနှင့် လေဖြတ်ရောဂါတို့၏ အဓိကတရားခံများဖြစ်သဖြင့် ၎င်းတို့ကို ကာကွယ်နိုင်ရန်အတွက် အထက်ပါ အချက် (၆) ချက်ကို လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်။
သွေးပေါင်လျော့ချရေးသည် နှလုံးရောဂါနှင့် လေဖြတ်ရောဂါမဖြစ်ရန်အတွက် အဓိကအရေးကြီး ဆုံးအချက် ဖြစ်ပေသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများသည် မကြာခဏသွေးချိန်ဖို့ရာ လိုအပ်ပေသည်။ သွေးတိုး ရောဂါရှိသူများသည် မိမိ၏ အလေးချိန် များနေလျှင်၊ အစာလျော့စာရန်၊ ဆေးလိပ်သောက် သူဖြစ်လျှင် ဆေးလိပ်ဖြတ်ရန်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ပိုမိုပြုလုပ်ရန်၊ ဒေါသကြီးသူဖြစ်လျှင် တရားထိုင်ရန်၊ သွေးတိုးကျစေသည့် ဆေးများကို ပုံမှန်သောက်ရန် လိုအပ် ပေသည်။
ပုံတွင်ပြထားသည့် လူနှစ်ယောက် မည်သူက အိုသည်အထိ ကျန်းကျန်းမာမာနှင့် နေနိုင်မည်ကို စဉ်းစားကြည့်ပါ။
မည်သူက နှလုံးရောဂါ၊ လေဖြတ်နှင့် သေမည်နည်း။ ရသမျှ အချက်များကို စဉ်းစားကြည့်ပါ။
အသက်ကြီးသူများတွင် ဦးနှောက်အတွင်း သွေးကြောပေါက်ခြင်း၊ သွေများခဲခြင်း တို့ကြောင့် လေဖြတ်တတ်သည်။ လေဖြတ်ခြင်းဟူသည် မည်သည့်လက္ခဏာမှ ကြိုတင်မပြပဲ ရုတ်တရက်ဖြစ်ပွားတတ်သည်။ လူနာသည် ရုတ်တရက်လဲကျသွားပြီး သတိလစ်သွားတတ်သည်။ ၎င်း၏ မျက်နှာသည် နီရဲနေတတ်သည်။ အသက်ရှုသံမှာလည်း ရှူးရှူးရှဲရှဲနှင့် ဆူညံနေတတ်သည်။ ၎င်း၏ သွေးခုန်နှုန်းမှာ ပြင်းပြီး၊ နှေးနေတတ်သည်။ နာရီပေါင်းများစွာ (သို့) ရက်ပေါင်းများစွာ သတိမေ့နေတတ်သည်။
သတိပြန်ရလာသောအခါတွင်လည်း စကားပြောခက်ခဲခြင်း၊ အမြင်အာရုံနှင့် အတွေးအခေါ်ပိုင်းများ ချို့ယွင်းခြင်း ခန္ဓာကိုယ်နှင့် မျက်နှာတခြမ်း မလှုပ်ရှားနိုင်ခြင်းများ ဖြစ်တတ်သည်။ အချို့သော လေဖြတ်လူနာများတွင် ၎င်းလက္ခဏာများကလည်း အချိန်ကြာလာသည့်နှင့် အမျှ ပြန်လည်ကောင်းမွန်လာသည်ကို လည်း တွေ့ရတတ်ပါသည်။
လူနာကိုအိပ်ရာပေါ်တွင် ခေါင်းပိုင်းကို အနဲငယ်မြင့်၍ လှဲလျောင်းနေပါစေ။ သတိမေ့နေလျှင် ခေါင်းကို ဘေးသို့ စောင်းစေပြီး တံတွေများ (ရှိလျှင်) ပါးစပ်မှ ထွက်အောင် လုပ်ပေပါ။ ၎င်း၏ အဆုပ်ထဲသို့ မဝင်စေရန် ဖြစ်သည်။ လူနာ သတိမေ့နေစဉ် အစားအသောက်များ၊ အရည်များ ယုတ်စွအဆုံး ဆေးများကိုပင် ပါးစပ်မှ မတိုက်ရ၊ မကျွေးရပါ။ (ကြည့်ရန်သတိမေ့လူနာများ တွင်ကြည့်)၊ ဖြစ်နိုင်လျှင် ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီများကို ရယူပါ။
လေဖြတ်ပြီးသည့်နောက်တွင် နောက်ဆက်တွဲပြဿနားများမှ တခုဖြစ်သည့် လမ်းလျှောက်ရခက်ခြင်းကို လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ အထောက်အကူပြုကိရိယာများဖြင့် ကူညီလမ်းလျှောက်ခြင်း၊ ကောင်းသောလက်တဖက်ဖြင့် ဒုတ်ကောက် ကိုင်ပြီး၊ မိမိကိုယ်တိုင် လမ်းလျှောက်နိုင်အောင် လေ့ကျင့် ခြင်းတို့ဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ သို့သော် စိတ်လှုပ်ရှားခြင်းနှင့် လေ့ကျင့်ခန်း ပြင်းပြင်းလုပ်ခြင်းကိုမူ ရှောင်ရှားသင့်ပေသည်။
အသက်ငယ်ရွယ်သူ (သို့) လူငယ်များတွင် မျက်နှာတခြမ်းလေဖြတ်လျှင် မျက်နှာရွဲ့သွားတတ်သည်။ ၎င်းကို Bell's Palsy ဟုခေါ်သည်။ ၎င်းသည် လေဖြတ်ရောဂါ၏ အခြားသော လက္ခဏာရပ်များကို မတွေ့ရဘဲ မျက်နှာတွင်ရှိသော နာမ်ကြောများကသာ တစ်ခဏတာ လေဖြတ်သွားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော ရောဂါများသည် ရက်သတ်တပတ် အနည်းငယ်မှ လအတန်ကြာ ဖြစ်နေတတ်သည်။ ဖြစ်ပွားမှု အကြောင်းရင်းကိုမူ သေချာစွာ မသိသေးချေ။ အခြားကုသထုံးများ မလိုအပ်သော်လည်း ရေနွေးအိပ်နှင့် မကြာခဏ ကပ်ပေးခြင်းက အမြန်ဆုံး သက်သာစေသော နည်းလမ်းတခုဖြစ်ပေသည်။ အကယ်၍ မျက်စိ တဖက်ပိတ်၍ မရခဲ့လျှင် ပတ်တီးစဖြင့် မျက်စိကို ဖုံးပိတ်ပေးထားခြင်းဖြင့် မျက်စိခြောက်ခြင်းမှ ကာကွယ်ပေးရမည်။
အသက် ၄၀ ကျော်သော လူကြီးများတွင် နားတွင် နာကျင်မှုနှင့် အခြား ရောဂါလက္ခဏာများ မရှိဘဲ နားလေးလာတတ်သည်ကို တွေ့ရသည်။ ၎င်းသည် များသောအားဖြင့် ကုသ၍ မပျောက်ဘဲ နားကြပ် အကူအညီယူရသည်ကို တွေ့ရသည်။ တခါတရံတွင် နားလေးမှုသည် နားအတွင်းသို့ ပိုးဝင်ခြင်းကြောင့်သော်လည်းကောင်း၊ ဦးခေါင်းတွင် ဒဏ်ရာရခြင်း၊ နှားချေးပိတ်ခြင်းတို့ကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပါသည်။
အသက်ကြီးသူများတွင် နားတစ်ဖက် (သို့) နှစ်ဖက်စလုံး မကြားတော့ပဲ၊ နားအူနေတတ်သည်။ ရံဖန်ရံခါတွင် ချာချာလည်အောင် မူးဝေတတ်သည်။ ၎င်းကို Meniere's disease ဟုခေါ်သည်။ ၎င်းတို့တွင် အော့အန်ခြင်း၊ မူးဝေခြင်း၊ ချွေးထွက်ခြင်းတို့ပါ ခံစားရတတ်သည်။ ၎င်းတို့ကို Antihistamine အုပ်စုအမျိုးအစားဖြစ်သော dimenhydrinate (Dramamine) ကဲ့သို့သော ဆေးမျိုး သောက်သုံးသင့်ပေသည်။ ၎င်းလူနာများသည် ဆား မစားရ။ မသက်သာလျှင် ဆေးရုံ၊ ဆေးခန်းများသို့ သွား၍ ဆရာဝန်နှင့် ကုပါ။
အသက်ကြီးသူများတွင် အသက်ငယ်သူများလောက် အိပ်ပျော်ခြင်းမရှိပေ။ အိပ်ချိန်အနည်းငယ် လောက်နှင့်ပင် အိပ်ရေး ဝတတ်ပါသည်။ ညသန်းခေါင်များတွင် မကြာခဏ နိူးနေတတ်ပါသည်။ အထူးသဖြင့် ညတာရှည်သော ဆောင်းတွင်း ကာလများတွင် နာရီပေါင်းများစွာ အိပ်မပျော်ပဲရှိတတ်သည်။
အိပ်ပျော်အောင် အိပ်ဆေးသောက်ပြီး အိပ်နိုင်သော်လည်း၊ အိပ်ဆေး မသောက်ပဲ အိပ်ပျော်အောင် အခြားနည်းများဖြင့် ကြိုးစားသင့်သည်။ (ဥပမာတရားထိုင်ခြင်း၊ ယောဂလုပ်ခြင်း၊ လေ့ကျင့်ခန်းအနည်းငယ်လုပ်ခြင်း)
အိပ်ပျော်အောင် အောက်ပါနည်းတို့ကို သုံးနိုင်သည်။
အမျိုးသားများ ငယ်စဉ်အခါက အရက်အလွန်အကျွံသောက်ခဲ့ပြီး၊ အစာအာဟာရ ကောင်းကောင်းလည်း မစားခဲ့ပါက အသက် ၄၀ ကျော် လာလျှင် ၎င်း အမျိုးသားများသည် အသည်းခြောက်ခြင်းဝေဒနာကို ခံစားရလေ့ရှိသည်။
အသည်းခြောက်ခြင်းသည် တဖြည်းဖြည်ဆိုးလာသည်နှင့်အမျှ ကုသရန် ခက်သည်။ မည်သည့် ဆေးနှင့်မျှလည်း ကုသ၍ မရပေ။ အသက်ဆုံးရှုံးဖို့ရန်သာ ရှိပါတော့သည်။ အကယ်၍များ အသက်ရှင် နေထိုင်လိုပါလျှင် အသည်းခြောက်သည်ကို သိသည်နှင့်တပြိုင်နက် အောက်ပါနည်းလမ်းအတိုင်း လိုက်နာ ကျင့်သုံးနေထိုင်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် အသည်းခြောက်ခြင်းရောဂါကို ကာကွယ်ရန်အတွက် အရက်အလွန်အကျွံသောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
သည်းခြေအိတ်ဆိုသည်မှာ အသည်းတွင် တွဲချိတ်ထားသော အိပ်ငယ်ကလေး ဖြစ်သည်။ ၎င်းတွင် Bile ဟုခေါ်သည့် ခါးပြီးအစိမ်းရောင်ရှိသည့် သည်းခြေရည်များကို စုဆောင်းထားပြီး ၎င်းသည် စားလိုက်သော အဆီများကို ခြေဖျက်ပေးသည်။ အသက် ၄၀ ကျော်၊ ခပ်ဝဝ အမျိုးသမီးများ၊ ဆီးချိုရှိပါက သည်းခြေအိတ်ရောဂါများ ဖြစ်တတ်သည်။
အမျိုးသမီးတွင်သာမက အမျိုးသားများတွင်ပါ ခန္ဓာကိုယ်အလေးချိန်ပိုခဲ့လျှင် လျော့ချရမည်ဖြစ်သည်။ (ကြည့်ရန် P. 126)
အချိုများသော၊ အဆီများသော အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။
အသက်ကြီးရင့်သူများတွင် ၎င်းတို့ကိုယ်တိုင်ပင် ဘဝတစ်ခု၏ အဆုံးသတ်ဖြစ်သော သေခြင်းတရား ကို လက်ခံထားတတ်ကြသည်။
တခါတရံတွင် ကျွနု်ပ်တို့သည် မိမိတို့၏ ရောဂါတစ်ခုကြောင့် သေကောင်ပေါင်းလဲ ဖြစ်နေသော ချစ်သူ၊ ခင်သူများကို ငွေကြေးမည်မျှပင် ကုန်စေကာမူ အသက်ရှင်စေချင်ကြသည်။ သေခြင်းတရားကို လက်မခံနိုင်ဘဲ ဆွဲဆန့်ချင်ကြသည်။ ၎င်းသည် အမှားတစ်ခုပင် မဟုတ်ပါလား။ ၎င်းသည် ခံစားနေရသူသာမက မိသားစုအသိုင်းအဝိုင်းကိုပင် နာကျင်စွာခံစားစေသည်။ လူတစ်ယောက် မသေဆုံးစေရန် ကုသနိုင်သော အကောင်းဆုံးဆေးဝါးနှင့် အကောင်းဆုံးဆရာဝန် ဆိုသည်မှာလည်း မရှိပေ။ ပျော်ရွင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ဝေမျှသွားနိုင်ပြီး သေဆုံးမှုကို လက်ခံနိုင်ရပါမည်။ နောက်ဆုံးအချိန်တွင် ကျွနု်ပ်တို့၏ ချစ်ခင်မှု၊ လေးစားမှု၊ မြတ်နိုးမှု၊ ဂရုစိုက်မှုတို့ကို အတတ်နိုင်ဆုံး ပေးဝေခြင်းသည် အကောင်းဆုံး ဆေးဝါးများ ထက်ပင် တန်ဖိုးရှိသည်မဟုတ်ပါလော……………။
နာတာရှည်ရောဂါသည်များသည် ဆေးရုံ၊ ဆေးခန်းများတွင်နေရသည်ထက် မိမိချစ်ခင်သော ပတ်ဝန်းကျင်၊ မိမိချစ်ခင်သော သူများနှင့်သာ အတူ နေလိုပါသည်။ ကျွနု်ပ်တို့အားလုံး နားလည်ပေးရမည်။ စာနာပေးရမည် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ အချို့သောသူများကလည်း သေရမည်ကိုကြောက်တတ်ကြသည်။ မည်သည့်ဓလေ့ထုံးစံ၊ မည်သည့်ဘာသာများတွင်မဆို သေဆုံးမှုနှင့်ပတ်သက်၍ အယူအဆများ၊ ထုံးတမ်း စဉ်လားများ ရှိစမြဲပင်ဖြစ်သည်။ ၎င်းများကလည်း သေဆုံးခြင်းဆိုသော နာကျင်မှုကို သက်သာစွာနှင့် ရင်ဆိုင်နိုင်ပေလိမ့်မည်။
သေးဆုံးခြင်းဆိုသည်ကလည်း တခါတရံအကြာကြီး စောင့်ဆိုင်းပြီးမှ လာတတ်သလို၊ တခါတရံတွင်လည်း မထင်မှတ်ဘဲ၊ မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်ချစ်မြတ်နိုးသူက ခွဲခွာသွားခြင်းသည် လွယ်ကူသော ကိစ္စတော့ မဟုတ်ပါချေ။ ငယ်ရွယ်သော သူများနှင့် ကလေးငယ်များက မိမိထက်စောပြီး ခွဲခွာမည်ဆိုလျှင် ပို၍ ခက်ခဲနာကျင်စွာ ရင်ဆိုင်ရပေလိမ့်မည်။
မမြဲသော တရားသဘောအရ လူတိုင်းလူတိုင်းသည် မွေးဖွားပြီးသည်နှင့် တနေ့နေ့တွင် သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ထို့ကြောင့် ကျွနု်ပ်တို့ အရေးကြီးဆုံးသော တာဝန်မှာ အသက်ကြီးသူများ အတွက်ပင်မဆိုထားနှင့် ငယ်ရွယ်သူများကိုပင် ရောဂါဆိုးများကြောင့် နောက်ဆုံးအချိန် ရောက်လာပြီဆိုလျှင် မိမိတို့၏ ကိုယ်၊ စိတ်နှစ်ပါး အစွမ်းရှိသလောက် ကူညီစောင့်ရှောက်ရမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။