အခန်း ၁၁ နှင့် ၁၂ တို့တွင် အစာအာဟာရ၊ သန့်ရှင်းမှု နှင့် ကာကွယ်ဆေးထိုးခြင်းတို့၏ အရေးကြီးပုံကို ဖော်ပြထားသည်။ မိဘများက အဆိုပါ အကြောင်းအရာများကို သေချာစွာ လေ့လာ၍ ကလေးများအား ပြုစု၊ သင်ကြားကြပါ။ အဓိက အချက်များကို ထပ်မံဖော်ပြရလျှင်
ကလေးများ ဖွံ့ဖြိုးပြီး၊ ကျန်းမာအောင် အာဟာရပြည့်ဝသော အစားအစာများ စားရန် အရေးကြီးသည်။
အသက်အရွယ်အလိုက် အရေးကြီးသော အစာများမှာ
ကလေးများ၏ ရွာ၊ အိမ်၊ သူတို့ကိုယ်တိုင် သန့်သန့်ရှင်းရှင်းရှိလျှင် ကလေးများလည်း ကျန်းမာမည်။ အခန်း ၁၂ တွင် ဖော်ပြထားသည့်အတိုင်း သန့်ရှင်းအောင် လုပ်ဆောင်ပါ။ ကလေးများအား လိုက်နာလုပ်ဆောင်လာအောင် သင်ပြပေးပါ။ အရေးကြီးသည့် အချက်များကို ထပ်မံဖော်ပြလိုက်သည်။
ကာကွယ်ဆေးများသည် ကလေးများတွင် ဖြစ်ပွားတတ်သော၊ အန္တရာယ်ပေးတတ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပိုလီယို၊ ဝက်သက်၊ တီဘီ၊ အသည်းရောင်၊ ဝမ်းရောဂါ စသည့်ရောဂါများ ကို ကာကွယ်ပေးသည်။
ကလေးများ၏ အသက်ပေါ်မူတည်၍ ကာကွယ်ဆေးများကို ပေးကြရသည်။ ပိုလီယို အရိုးပျော့ ကာကွယ်ဆေးကို မွေးမွေးချင်းပေးရမည်။ နှစ်လထက် မကျော်ရ။ ကလေးပိုလီယိုသည် အသက် တစ်နှစ်အောက်ကလေးများတွင် ဖြစ်လွယ်သောကြောင့် ဖြစ်သည်။
မွေးကင်းစကလေးများ မေးခိုင်ရောဂါ မဖြစ်စေရန်၊ မိခင်များကို ကိုယ်ဝန်ဆောင်စဉ်ကတည်းက မေးခိုင်ကာကွယ်ဆေး ထိုးပေးရသည်။
ကာကွယ်ဆေးများအားလုံး ကလေးအား ထိုးနှံ၊ တိုက်ကျွေးပေးပါ။
ကျန်းမာသောကလေးများသည် ဖြေးဖြေးမှန်မှန် ကြီးထွားသည်။ အာဟာရပြည့်သော အစာများ လုံလုံလောက်လောက်စားရပြီး၊ ရောဂါ ကြီးကြီးမားမားမရှိလျှင် ကလေး၏ ကိုယ်အလေးချိန်သည် မှန်မှန် တိုးမြဲဖြစ်သည်။
ကျန်းမာသော ကလေးသည် ပုံမှန် ကြီးထွားနေမည်။
အခြားကလေးထက် ကြီးထွားနှုန်းနှေးနေလျှင်၊ ကြီးထွားမှုရပ်သွားလျှင်၊ ကိုယ်အလေးချိန် လျော့သွားလျှင် ကလေးမကျန်းမာ၍ ဖြစ်သည်။ ဝလင်စွာမစားရ၍၄င်း၊ ရောဂါရှိ၍၄င်း တစ်ခုခု ဖြစ်နိုင်သည်။ နှစ်ခုလုံး ဖြစ်နေ၍လည်း ဖြစ်နိုင်သည်။
ကလေးတစ်ယောက် ကျန်းမာသည်၊ မကျန်းမာသည်ကို၄င်း၊ အစာအာဟာရ ပြည့်စုံစွာရမရကို၄င်း သိရှိရန် လစဉ် ကိုယ်အလေးချိန် ချိန်ပေးခြင်းဖြင့် သိနိုင်သည်။ ကိုယ်အလေးချိန်မှန်မှန် တိုးနေမနေ သိမည်။ ကလေး၏ အလေးချိန်ကို ကလေးကြီးထွားမှုမှတ်တမ်းတွင် လစဉ်မှတ်သားထားပါက ကလေးကြီးထွားမှုကို ကြည့်ရလွယ်ကူသည်။
ကလေးကြီးထွားမှုမှတ်တမ်းမှ မည်သည့်အချိန်တွင် ကလေး၏ ကြီးထွားမှု ပုံမမှန်တော့လျှင် ချက်ချင်း သိနို်င်သဖြင့်၊ လုပ်စရာရှိသည်များကို စောလျင်စွာ လုပ်ဆောင်နိုင်သည်။ အစာကို ပိုမိုကျွေးပေးနိုင်သည်။ ရောဂါရှိမရှိ စစ်ဆေးပြီး၊ ကုသပေးနိုင်သည်။
ကလေးကြီးထွားမှုမှတ်တမ်းကို နောက်စာမျက်နှာတွင် ဖော်ပြထားသည်။ မိတ်တူကူးယူထားပါ။ ကျန်းမာရေးဌာနများမှလည်း ရယူနိုင်ပါသည်။
မိခင်တိုင်းသည်် သူတို့၏ ၅ နှစ်အောက် ကလေးတိုင်း၏ ကလေးကြီးထွားမှုမှတ်တမ်းကို သိမ်းဆည်းထားသင့်သည်။ ကလေးကို ရပ်ထဲရွာထဲရှိ ကျန်းမာရေး ဆေးပေးခန်းသို့ လစဉ် ခေါ်သွားပြီး၊ ကိုယ်အလေးချိန် ချိန်ကာ မှတ်တမ်းတွင် ရေးမှတ်ရမည်။ ကျန်းမာရေးဝန်ထမ်းများကလည်း ကလေးကြီးထွားမှုမှတ်တမ်း၏ အသုံးဝင်ပုံကို ရှင်းပြပေးရမည်။ မှတ်တမ်းကို မပျက်စီးစေရန် ပလတ်စတစ်အိတ်တစ်ခု ထဲတွင် ထည့်သိမ်းထားရမည်။
ဝါး၊ သစ်တို့ဖြင့် ကလေးပေါင်ချိန်စက်တစ်ခုကို ပြုလုပ်နိုင်သည်။ တုတ်ချောင်းပေါ် ပုံတွင်ပြထားသည့်အတိုင်း ချိတ်များကို ချိတ်ဆွဲလိုက်ပြီး၊ အလေးကို ထပ်ချိတ်ပါ။ ကီလိုအမှတ်အသားများ မှတ်သားရန် တစ်လီတာဝင် ပလတ်စတစ်ရေသန့်ဗူး နှစ်လုံးကို ရေအပြည့်ဖြည့်၍၊ ကလေးအားချိတ်ဆွဲမည့် ချိတ်နေရာတွင် ချိတ်ပါ။ ချိန်ခွင်လျှာ မျှနေသော အချိန်တွင် အလေးဆွဲထားသော အမှတ်သည် တစ်ကီလို အမှတ်ဖြစ်သည်။ ဤနည်းအတိုင်း ပေတံဖြင့် တိုင်းတာကာ (၂၀၀)၊ (၄၀၀)၊ (၆၀၀) ဂရမ်အမှတ်များကို မှတ်သားပါ။
ကလေးကြီးထွားမှုမှတ်တမ်းကို ပေါင်ချိန်စက် အနောက်တွင် လျှောတစ်ခု ထည့်ထားသည်။ ကလေး၏ အလေးချိန်ကို ချိန်ပြီး၊ မှတ်တမ်းပေါ် တိုက်ရိုက် မှတ်သားနိုင်သည်။ ကလေး မကြောက်အောင် ကြမ်းပြင်နှင့် ကပ်လျှက် ချိန်ပေးပါ။
ပထမ မှတ်တမ်းကဒ်၏ အောက်ဖက်ရှိအကွက်တွင် လအမည်ကို ရေးမှတ်ပါ။
ကလေးမွေးသော လကို နှစ်တစ်နှစ်ချင်း၏ ပထမဆုံးအကွက်တွင် စဖြည့်ပါ။ ဤကဒ်ပြားတွင် ကလေးအား မတ်လ (၃) လပိုင်းတွင် မွေးသည်ဟု ဖြည့်ထားသည်။
ဒုတိယ ကလေးကို ပေါင်ချိန်ပါ။
ကလေးသည် ဧပြီလတွင် မွေးကာ၊ ယခုလသည် သြဂုတ်လတွင် ရောက်နေပြီး၊ ကိုယ်အလေးချိန် ၆ ကီလိုရှိသည်ဟု ဆိုပါစို့။
တတိယ မှတ်တမ်းကို ကြည့်ပါ။
ကီလိုဂရမ် အမှတ်များကို ကဒ်ပြား၏ ဘေးတွင် ရေးထားသည်။ ကလေး၏ကိုယ်အလေးချိန် မည်မျှရှိသည်ကို ရှာကြည့်ပါ။ ဤကဒ်တွင် (၆) ကီလိုတွင် မှတ်ထားသည်။
ထို့နောက် မည်သည့်လဆိုသည်ကို ကဒ်ပြား၏ အောက်ဖက်တွင် တွေ့နိုင်သည်။ ဤကဒ်တွင် သြဂုတ်လ ဟုရေးထားသည်ကို တွေ့ရမည်။
စတုတ္ထ ၆ ကီလို အလျားလိုက်မျဉ်းနှင့် သြဂုတ်လ ဒေါင်လိုက်မျဉ်းတို့ ဆုံသောနေရာကို ရှာပါ။
မျဉ်းနှစ်ခုဆုံသော နေရာကို အစက်ချမှတ်ပါ။
စာရွက်တစ်ရွက်၏ တောင့်နှင့် ချိန်၍ မည်သည့်နေရာတွင် အစက်ချမှတ်ရမည်ကို ရှာလျှင် ပိုလွယ်သည်။
လစဉ်ကလေး ကို ပေါင်ချိန်၍ ကဒ်ပြားပေါ်တွင် အစက်ချမှတ်သွားပါ။
ကလေးက ကျန်းမာပါက၊ လစဉ်ချရသည့် အမှတ်သည် အပေါ်သို့ တက်သွားမည်။
ထိုအမှတ်များကို ဆက်လိုက်ပါက၊ ကလေး၏ ကြီးထွားလာမှုကို မြင်နိုင်သည်။
ကဒ်ပြားပေါ်တွင် တွေ့ရသော မျဉ်းကွေးနှစ်ကြောင်းသည် ကျန်းမာလမ်းကြောင်း "Road to Health" ဟုခေါ်သည်။ ကလေး၏ ကိုယ်အလေးချိန်သည် ဤ လမ်းပေါ်တွင် ကျရောက်နေရမည်။
အမှတ်များကို ဆက်လိုက်ပါက မျဉ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်နေမည်။ ကလေး၏ အလေးချိန်ကို လ၊ နှစ် အလိုက် ဖော်ပြနေမည်။
ကျန်းမာသောကလေးတစ်ယောက်၏ ကိုယ်အလေးချိန်သည် ဤမျဉ်းနှစ်ကြောင်းကြားတွင် ကျရောက်နေမည်။ ထို့ကြောင့်လည်း ကျန်းမာလမ်းကြောင်း "Road to Health" ဟုခေါ်သည်။
အစာအာဟာရ ပြည့်ဝစွာ စားရပါက၊ ကိုယ်အလေးချိန်သည် တဖြည်းဖြည်း တက်လာမည်။ ကလေး၏ ကိုယ်အလေးချိန်သည် ကျန်းမာလမ်းကြောင်း "Road to Health" အတွင်းတွင် ကျရောက်နေမည်။
အာဟာရချို့တဲ့၍ နာမကျန်းဖြစ်သော ကလေးများ၏ မှတ်တမ်းမှာ အောက်ပါပုံအတိုင်း ဖြစ်နေမည်။ ကိုယ်အလေးချိန် အမှတ်များ ဆက်ထားသောမျဉ်းသည် ကျန်းမာလမ်းကြောင်း "Road to Health" ၏ အောက်တွင် ရောက်နေမည်။ ကိုယ်အလေးချိန်မျဉ်းကြောင်းသည် အပေါ်သို့တက်မနေသည့် အပြင် တစ်ဖြောင့်တည်းမရှိပဲ၊ ကောက်ကောက်ကွေ့ကွေ့ ဖြစ်နေမည်။ ကလေးတွင် အသက် အန္တရာယ် ရှိနိုင်သည်။
အထက်ပါ မှတ်တမ်းကဲ့သို့ ဖြစ်နေသောကလေးသည် ကိုယ်အလေးချိန် ဆိုးဆိုးရွားရွား နည်းနေမည်။ ပိန်နေမည်။ အစာ အာဟာရ ပုံမှန် မစားခဲ့ရသောကြောင့် ဖြစ်နိုင်သည်။ တီဘီ၊ ငှက်ဖျားကဲ့သို့သော ရောဂါများ ခံစားနေရ၍လည်း ဖြစ်နိုင်သည်။ နှစ်ခုစလုံးလည်း ဖြစ်တတ်သည်။ အဆိုပါကလေးများကို အာဟာရပြည့်ဝသော အစာများကို မကြာခဏ ကျွေးပေးရမည်။ ရောဂါရှိမရှိကိုလည်း စစ်ဆေးပေးရမည်။ ကိုယ်အလေးချိန် ပုံမှန်တက်လာသည်အထိ ကလေးကို ဆရာဝန်၊ ဆရာမများနှင့် မကြာမကြာ ပြသပေးပါ။
အရေးကြီးသည် ကိုယ်အလေးချိန်မျဉ်း တက်နေသလား၊ ကျနေသလား ဂရုစိုက် ကြည့်ပေးပါ။
ကိုယ်အလေးချိန်မျဉ်းကြောင်း မည်သည့်ဘက်သို့ သွားနေသည် (တက်နေသည်၊ ကျနေသည်) က ကိုယ်အလေးချိန်အမှတ်များ ကျန်းမာလမ်းကြောင်း "Road to Health" ရှိနေခြင်း၊ ရှိမနေခြင်းထက် ပို၍ အရေးကြီးသည်။
အန္တရာယ် ဤကလေးသည် ကိုယ်အလေးချိန် ဆက်မတိုးတော့။
ကလေးကျန်းမာရေးမှတ်တမ်းသည် အရေးကြီးသည်။ သေချာမှတ်တမ်းတင်ထားပါက မိခင်တစ်ဦးအနေနှင့် မည်သည့်အချိန်တွင် ကလေးကို အစာအာဟာရ ပိုကျွေးရမည်၊ ဂရုပိုစိုက်ရမည်ကို သိနိုင်သည်။အဆိုပါ မိသားစုကျန်းမာအောင် မည်သည့်အရာများ လုပ်ရမည်ကို ကျန်းမာရေးဝန်ထမ်းများက သိနိုင်သည်။ မိခင်များကိုယ်တိုင်ကလည်း မိမိ၏ကလေးကို မည်မျှထိ တိုးတက်လာအောင် လုပ်နိုင်သည်ကို ဆန်းစစ်နိုင်သည်။
ဤစာအုပ်ထဲတွင် ဖော်ပြထားသော ရောဂါများမှာ ကလေးများတွင်လည်း ဖြစ်လေ့ရှိသည်။ အဖြစ်များသော ရောဂါများကို ဖော်ပြသွားမည်။ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ အခန်းတွင် ပြန်လည် ဖတ်ရှုပါ။
မွေးကင်းစ ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ရောဂါများကို ပြန်ဖတ်ပါ။
မှတ်သားရန်၊ ကလေးတွင် ရောဂါတစ်ခုဖြစ်ပါက ဆိုးရွားသည့်အဆင့်သို့ အလျင်အမြန်ပင် ရောက်ရှိသွားလေ့ရှိသည်။ လူကြီးများတွင် ရက်ရှည်ဖြစ်ပါမှ အသက်အန္တရာယ်ပြုတတ်သော ရောဂါသည် ကလေးများတွင် နာရီပိုင်းအတွင်းမှာပင် အသက်အန္တရာယ်ရှိစေနိုင်သည်။ ထို့ကြောင့် ရောဂါများ၏ ကနဦး လက္ခဏာများကို သိရှိထားရမည်ဖြစ်ပြီး၊ စောစောစီးစီး ကုသနိုင်မည်။
အစာအာဟာရ ဝဝလင်လင် မစားရသောကြောင့် ကလေးငယ်များ အာဟာရချို့တဲ့လေ့ရှိသည်။ သို့မဟုတ်ပါကလည်း ပြောင်း၊ ထမင်း၊ တို့ကိုသာ အဓိကထားစားနေလျှင် အရေးကြီး အာဟာရများ မစားမီ ဗိုက်ပြည့်သွားသောကြောင့် ထို အရေးကြီး အာဟာရများ စားမဝင်တော့ပဲလည်း ဖြစ်တတ်သည်။ အချို့ဒေသမှ ကလေးများ၏ နေ့စဉ်စားသုံးသော အစာထဲတွင် ဗီတာမင် အေ၊ အိုင်အိုဒင်း ကဲ့သို့သော အရေးကြီး သက်စောင့်ဓာတ်များ ချို့တဲ့နေလေ့ရှိသည်။ ကလေးများအတွက် အစားအစာများအကြောင်းကို အခန်း ၁၁ တွင် အသေးစိတ် ဖတ်နိုင်သည်။
ဤကလေးနှစ်ဦးသည် အာဟာရချို့တဲ့နေသည်။
ကလေးတစ်ဦး အာဟာရချို့တဲ့ပါက အခြားဝေဒနာများကိုပါ ခံစားရမည်။
အာဟာရချို့တဲ့သည့် ရောဂါကို အခြောက် (dry malnutrition or marasmus) နှင့် အစို (wet malnutrition or kwashiorkor) ဟူ၍ နှစ်မျိုးရှိသည်။
အာဟာရချို့တဲ့သည့် လက္ခဏာများကို ဝမ်းလျှောအပြီး၊ ဝက်သက်ပေါက်အပြီးတွင် ထင်ရှားစွာ တွေ့နိုင်သည်။ ဖျားနာနေသောကလေးနှင့် နာလန်ထကလေးကို ပုံမှန်ကလေးထက် အစာအာဟာရ ပိုများများ ကျွေးပေးရမည်။
အာဟာရချို့တဲ့ခြင်းကို ကာကွယ်ရန်၊ သင့်ကလေးကို ဝဝလင်လင်ကျွေးပါ။
ခဏခဏ ကျွေးပါ။ စွမ်းအင်ပိုများများ ပါသော အစာများဖြစ်သည့်
အဆီ၊ ဆီ ကဲ့သို့သော အစာများကို ထည့်ကျွေးပါ။ သက်စောင့်ဓာတ် (vitamins)
များပါဝင်သည့် အသီးအရွက်၊ အနှံများနှင့် ကိုယ်ခန္ဓာ ကြီးထွား စေသည့်
အသားဓာတ် (protein) များပါဝင်သည့် ပဲအမျိုးမျိုး၊ နို့၊ နွားနို့၊
ဥ၊ ငါး နှင့် အသားတို့ကို ထည့်ကျွေးပေးပါ။
ဝမ်းလျှောနေသော ကလေးများတွင် အရေးအကြီးဆုံး အန္တရာယ်မှာ ရေဓာတ် ခမ်းခြောက်ခြင်း (dehydration) ဖြစ်သည်။ ကိုယ်ခန္ဓာမှ ရေပမာဏ များစွာဆုံးရှုံးသွားခြင်းဖြစ်သည်။ ဓာတ်ဆားရည်ဖြင့် ရေဓာတ်ပြန်လည် ဖြည့်တင်း (rehydration) ပေးရန် လိုအပ်သည်။ နို့စို့ကလေးငယ် ဖြစ်ပါက နို့ဆက်တိုက်ပေးရန် အရေးကြီးသည်။ ဓာတ်ဆားရည်လည်း တိုက်ပေးပါ။
ဒုတိယ အရေးကြီးသည့် အန္တရာယ်မှာ အာဟာရချို့တဲ့ခြင်း ဖြစ်သည်။ အာဟာရရှိသော အစားအစာများကို စားနိုင်သလောက်၊ စားချင်သလောက် ကျွေးပါ။
ကလေးငယ်များတွင် ကိုယ်အပူချိန် (၃၉) ဒီဂရီ စင်တီဂရိတ် ထိပူသည်နှင့် တက် (seizure or febrile fits) တတ်သည်။ ကိုယ်အပူချိန်ကျရန် အဝတ်များ ချွတ်ပစ်ရမည်။ မအီမသာဖြစ်နေပုံရလျှင်၊ ငိုနေလျှင် ကိုယ်ပူကျဆေး ပါရာဆီတမော (paracetamol) (သို့မဟုတ်) အိုင်ဗျူပရိုဖင် (ibuprofen) ကို ဆေးညွန်းအတိုင်း တို်က်နိုင်သည်။ ထို့အပြင် ရေများများတိုက်ပေးရမည်။ ကိုယ်အရမ်းပူလျှင် (အဖျားကြီးလျှင်) ရေအေး လောင်းပေးနိုင်သည်။ ယပ်ခပ်ပေးနိုင်သည်။ အဖျားတက်စေသော အကြောင်းရင်းကို ရှာ၍ ကုသပေးပါ။
ကလေးများတွင် တက်စေတတ်သော ရောဂါများမှာ ကိုယ်အပူချိန်တက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဝက်ရူးပြန်ရောဂါ၊ ငှက်ဖျားနှင့် ဦးနှောက်အမြှေးရောင်ခြင်း တို့ဖြစ်သည်။ ကိုယ်အပူချိန်တက်ခြင်းကြောင့် ဖြစ်ပါက မြန်မြန်အေးအောင် ပြုစုပါ။ ရေဓာတ်ခန်းခြောက်ခြင်း၊ ငှက်ဖျားနှင့် ဦးနှောက်အမြှေးရောင်ခြင်း လက္ခဏာများကို ရှာကြည့်ပါ။ ကိုယ်လည်းမပူ၊ အခြားရောဂါလက္ခဏာများလည်းမတွေ့၊ ကလေးကလည်း ကျန်းကျန်းမာမာရှိနေပါက ဝက်ရူးပြန်ခြင်းကြောင့် ဖြစ်နိုင်သည်။ တက်နေသောကလေးသည် မေးရိုးက ဦးစွာခိုင်သွားပြီးမှ ကျန်တစ်ကိုယ်လုံး ဝ၏ ကြွက်သားများ တောင့်တင်းသွားလျှင် မေးခိုင်ရောဂါကြောင့် ဖြစ်နိုင်သည်။
ဝက်သက်၊ ပါးချိတ်ရောင်နှင့် အခြားသော ရောဂါများကြောင့် ဦးနှောက်အမြှေးရောင်တတ်သည်။ တီဘီရောဂါသည် မိခင်များ၏ ကလေးများတွင်လည်း တီဘီဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်တတ်သည်။ ဖျားနာနေသော ကလေးတစ်ဦး၊ ဦးခေါင်းနောက်သို့ လှန်နေပြီး၊ ရှေ့သို့ ပြန်ငုံ့မရအောင် မာတောင့်နေကာ တစ်ကိုယ်လုံးလည်း ဂနာမငြိမ်ပဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါက ဦးနှောက်အမြှေးရောင်နေမည်မှာ သေချာသည်။
သတိပြုရန် မွေးကင်းစကလေးနှင့် ကလေးငယ်များကို သံဓာတ်ဆေးပြား မတိုက်ရ။ အဆိပ် သင့်စေတတ်သည်။ ဆေးပြားအစာ သံဓာတ်အရည်ကို တိုက်နိုင်သည်။ သို့မဟုတ် ဆေးပြားကို ကျိတ်ကာ အစာနှင့် ရော၍ ကျွေးနိုင်သည်။
မိသားစုဝင် ကလေးတစ်ယောက်သန်ထလျှင်၊ ကျန်မိသားစုဝင်အားလုံးလည်း သန်ချသင့်သည်။ သန်ကောင်ရောဂါ မရှိစေရန် ကလေးများကို
ကလေးများတွင် အဖြစ်များသော ရောဂါများမှာ
အရေပြားရောဂါမဖြစ်စေရန် သန့်သန့်ရှင်းရှင်းနေ/မနေ စောင့်ကြည့်ပါ။
အဝတ်သန့်သန့်ကို ရေသန့်သန့်တွင်စွတ်၍ မျက်ဝတ်များကို မကြာခဏ သုတ်ပစ်ပါ။ မျက်စဉ်းဆေးကို မျက်ခွံအတွင်းဝင်အောင် တစ်ရက်လျှင် ၃၄ ကြိမ် ခတ်ပါ။ အခြားကလေးများနှင့် မဆော့၊ မအိပ်ပါစေနှင့်။ ရက်အတန်ကြာထိ မပျောက်လျှင် ကျန်းမာရး ဝန်ထမ်းနှင့် ပြပါ။
အအေးမိနှာဆေးခြင်းသည် ကလေးများတွင် မကြာခဏဖြစ်လေ့ရှိသည်။ ဖြစ်လျှင် နှာရည် ယိုမည်။ ကိုယ်အနည်းငယ် ပူမည်။ ချောင်းဆိုးမည်။ တစ်ခါတစ်ရံ လည်ချောင်းနာမည်။ ဝမ်းလျှောမည်။ သို့သော် အန္တရာယ်မရှိပါ။
ရေများများတိုက်ပါ။ အကိုက်အခဲပျောက်ဆေး (ပါရာဆီတမော paracetamol) တိုက်နိုင်သည်။ ကလေးက အိပ်ယာထဲ လဲနေချင်ပါက လှဲနေပါစေ။ အစာကောင်းကောင်းနှင့် အသီးများများ ကျွေးက မြန်မြန် ပြန်ကောင်းလာမည်။
ပင်နီဆီလင်၊ တက်ထရာဆိုက်ကလင်းကဲ့သို့သော ပိုးသတ်ဆေးများ မတိုက်ရ။ ဆေးထိုးရန် မလိုပါ။
အအေးမိနှာစေးပြီး၊ ကိုယ်အပူ တက်နေမည်၊ အသက်ရှူမြန်နေမည် ဆိုပါက အဆုတ်ရောင်ရောဂါ (pneumonia) ဖြစ်နေနိုင်သည်။ ပိုးသတ်ဆေးပေးရမည်။ နားပြည်တည်နာ ရှိ/မရှိနှင့် အာသီးရောင်/မရောင် စစ်ဆေးပါ။
ကလေးငယ်များတွင် ဖြစ်လေ့ရှိသည်။ အအေးမိ နှာစေးဖြစ်ပြီး၊ ရက်ပိုင်းအတွင်း၊ ဖြစ်တတ်သည်။ ကိုယ်ပူလာမည်၊ ငိုမည်၊ ဦးခေါင်းဘေး နှစ်ဘက်ကို လက်နှင့် ပွတ်နေမည်။ တစ်ခါတစ်ရံ နားမှ ပြည်များထွက်မည်။ အချို့ကလေးများတွင် အန်မည်၊ ဝမ်းလျှောမည်။ ထို့ကြောင့် ကလေးငယ်များ ဝမ်းလျှောပြီး၊ ကိုယ်ပူလျှင် နားကို စစ်ဆေးကြည့်ရန် မမေ့ပါနှင့်။
နားအတွင်း ပိုးဝင်မဝင်သိလိုပါက နားရွက်ကို အသာအယာဆွဲ၍ ကြည့်ပါ။ နာနေပါက ပိုးရှိနိုင်သည်။ ရေရောထားသော ရှာလကာရည် (ရှာလကာရည် တစ်ဇွန်းကို ရေကျက်အေး တစ်ဇွန်းနှင့် ရောပါ။) ကို နားအတွင်းသို့ တစ်ရက်လျှင် ၃၄ ကြိမ် အစက်ချပေးပါ။ ကိုယ်ပူလျှင်သော်၄င်း၊ ပြည်ယိုလျှင်သော်၄င်း ပိုးသတ်ဆေး antibiotics တစ်ခုခု တိုက်ပါ။
အအေးမိခြင်း၏ နောက်ဆက်တွဲရောဂါများဖြစ်သည်။ လည်ချောင်းနီနေမည်။ အစာမျိုလျှင် နာမည်။ အာသီးများ (အာခံတွင်း၏ အနောက်၊ ဘေးနှစ်ဖက်တွင် ရှိသော သားငန်ရည် အကျိတ်နှစ်ခု) ရောင်နေမည်။ နာနေမည်။ ပြည်များထွက်နေမည်။ ကိုယ်အပူချိန် ၄၀ ဒီဂရီထိ ရှိမည်။
အကယ်၍ ရုတ်တရက် နာလာပြီး၊ ကိုယ်ပူလာပါက သို့မဟုတ် ထိုကဲ့သို့ ၃ ရက်ဆက်တိုက် ဖြစ်နေပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။
အအေးမိပြီးတိုင်း၊ အာသီးရောင်/ နာပါက ပိုးသတ်ဆေးသုံးကုသခြင်း ဆက်မလုပ်သင့်တော့ပါ။ အကျိုးထူးမည် မဟုတ်ပါ။ ပလုတ်ကျင်းပါ။ အကိုက်အခဲပျောက်ဆေးပါ။
သို့သော် အာသီးရောင်ခြင်း တစ်မျိုးဖြစ်သည့် စထရက်ပိုးကြောင့် အာသီးရောင်ခြင်း (strep throat) ကိုမူ ပင်နီဆလင် penicillin နှင့် ကုရသည်။ ကလေးများနှင့် လူငယ်များတွင် ဖြစ်လေ့ရှိသည်။ ရုတ်တရက် လည်ချောင်းနာလာမည်၊ ကိုယ်ပူမည်၊ အအေးမိခြင်းလည်းမရှိ၊ ချောင်းလည်းမဆိုး။ အာခံတွင်း အနောက်ဖက်ပိုင်းနှင့် အာသီးတို့ နီရဲနေမည်၊ မေးရိုုးအောက်နှင့် လည်ပင်းရှိ သားငန်ရည်အကျိတ်များ ရောင်နေမည်။ နာမည်။
ပင်နီဆလင် (penicillin) ၁၀ ရက်တိုက်ရမည်။ ပင်နီဆလင်ကို အချိန်မီ ၁၀ ရက်အပြည့် တိုက်ဖြစ်ပါက လေးဖက်နာရောဂါ မဖြစ်နိုင်တော့ပါ။ အခြားကလေးများနှင့် အတူမအိပ်စေရ၊ ကူးတတ်သည်။
ကလေးများနှင့် လူငယ်များတွင် ဖြစ်လေ့ရှိသည်။ စထရက်ပိုးကြောင့် အာသီးရောင်ခြင်း (strep throat) ဖြစ်ပြီး၊ ၁၃ ပါတ်အတွင်းတွင် ဖြစ်တတ်သည်။
ဗိုင်းရပ်ပိုးတစ်မျိုးကြောင့် ဖြစ်သည်။ ရောဂါရှိသော ကလေးတစ်ဦးထံမှ ကူးစက်ခံရခြင်းဖြစ်သည်။ ၂၃ ပါတ်အတွင်း လက္ခဏာများ ပေါ်သည်။
အစက်များ၊ အရည်ကြည်ဖုများ၊ အနာဖေးများ
အနီရောင်၊ အစက်များ ပေါ်လာမည်။ ယားသည်။ အဖုငယ်ဖြစ်လာပြီး၊ အရည်ကြည်ဖု အဖြစ်ပြောင်းသွားမည်။ နောက်ဆုံး အနာဖေး ဖြစ်သွားမည်။ ခန္ဓာကိုယ်ပေါ်တွင် အလျင်ပေါ်ပြီး၊ မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်များတွင် ပေါ်လာမည်။ အစက်များ၊ အရည်ကြည်ဖုများ၊ အနာဖေးများအဖြစ် တစ်ပြိုင်တည်း ပြောင်းသွားမည်။ ကိုယ်ငွေ့ငွေ့ ပူတတ်သည်။
တစ်ပါတ်ကြာပါက ပျောက်သွားလေ့ရှိသည်။ ရေနွေးချိုး၊ ဆပ်ပြာတိုက်ပေးပါ။ အယားပြေစေရန် ရေအေးစိမ်ထားသော အဝတ် အေးအေးနှင့် ရေပတ်တိုက်ပါ။ လက်သည်း တိုတို ညႇပ်ပေးပါ။ အနာဖေးများ ပိုးဝင်ပါက သန့်သန့်ရှင်းရှင်းဖြစ်အောင် ထားပေးပါ။ ရေနွေးစိမ်ထားသော အဝတ်ဖြင့် အုပ်ပေးပါ။ ပိုးသတ်ဆေးပါသော လိမ်းဆေး လိမ်းပေးပါ။ ကလေးအား မကုပ် ပါစေနှင့်။
အာဟာရချို့တဲ့နေသော (သို့မဟုတ်) တီဘီရောဂါ ခံစားနေရသော ကလေးငယ်များတွင် ဝက်သက်ရောဂါဖြစ်ပါက အန္တရာယ် များသည်။ ရောဂါရှိသောသူအနား နေမိပြီး၊ ၁၀ ရက်အကြာတွင် ဖြစ်တတ်သည်။ အအေးမိသည့် လက္ခဏာများတွေ့ရမည်။ ကိုယ်ပူမည်၊ နှာရည်ယိုမည်၊ မျက်လုံးများ နီပြီး၊ နာမည်။ ချောင်းဆိုးမည်။
ကလေးသည် တစ်နေ့တစ်ခြား ပိုဆိုးလာမည်။ ပါးစပ်နာမည်။ ဝမ်းလျှောမည်။
၂၃ ရက်ကြာသော်၊ ဆားပွင့်နှင့် တူသော အဖြူရောင်အစက်သေးလေးများ အာခံတွင်းအတွင်း ပေါ်လာမည်။ နောက်ထပ် ၁၂ ရက်အကြာတွင် အနီပြင်များထွက်လာမည်။ ၄င်းအနီပြင်များသည် နားအနောက်ဖက်နှင့် လည်ပင်းတွင် စပေါ်မည်။ ထို့နောက် မျက်နှာနှင့် ခန္ဓာကိုယ်၊ နောက်ဆုံး လက်နှင့် ခြေတို့တွင် ပြန့်သွားမည်။ အနီကွက်များသည် ၅ ရက်ကြာရှိနေမည်။ တစ်ခါတစ်ရံ အမဲစက်များ ပေါ်တတ်သည်။ အရေပြားအောက်တွင် သွေးယိုစိမ့်သောကြောင့် ဖြစ်သည်။ ဝက်သက် အနက် (Black measles) ဟုခေါ်သည်။ ရောဂါ အလွန်ပြင်းသည့် လက္ခဏာ တစ်ခုဖြစ်သည်။ အမြန်ကုပါ။
ဝက်သက်ရောဂါဖြစ်နေသော ကလေးကို အခြားကလေးများနှင့် ခွဲထားပါ။ မောင်နှမများနှင့်ပင် မတွေ့ပါစေနှင့်။ အထူးသဖြင့် အစာ အာဟာရ ချို့တဲ့သောကလေး၊ တီဘီရှိသော ကလေးများ၊ နာတာရှည်ရောရှိသော ကလေးများနှင့် မတွေ့ပါစေနှင့်။ ဝက်သက်ရောဂါဖြစ်နေသော အိမ်သို့ အခြားအိမ်မှ ကလေးများ သွားမလည်ရ။ ရောဂါဖြစ်နေသော အိမ်မှ ရောဂါ မဖြစ်သေးသော မိသားစုဝင်များပင်လျှင် လူအများ စုဝေး သွားလာတတ်သော နေရာများဖြစ်သည့် ဈေး၊ စတိုးဆိုင်များသို့ ၁၀ ရက်အတွင်း မသွားသင့်ပေ။
ဝက်သက်ရောဂါကြောင့် အသက်အန္တရာယ်မဖြစ်စေရန်၊ ကလေးများအား အစာအာဟာရ ကောင်းကောင်း ကျွေးပါ။ ကာကွယ်ဆေးလည်း ထိုးထားပါ။
ဝက်သက်ရောဂါကဲ့သို့ မဆိုးရွားပါ။ ၃၄ ရက်ကြာ ဖြစ်တတ်သည်။ အနီပြင်များပေါ်မည်။ ဇက်နှင့် လည်ပင်းတွင်ရှိသော အကျိတ်များ ရောင်ပြီး နာနေတတ်သည်။ ကိုယ်ငွေ့ငွေ့ပူမည်။
အိပ်ယာထဲတွင်သာ နေနေသင့်သည်။ ကိုယ်ပူပါက ပါရာဆီတမော တိုက်နိုင်သည်။
ကိုယ်ဝန်သည်တစ်ဦး ကိုယ်ဝန်သက် ပထမ ၃ လအတွင်း German Measles ဖြစ်ပါက ကိုယ်လက်အင်္ဂါ ချို့ယွင်းသော ကလေး မွေးတတ်သည်။ ထို့ကြောင့် German Measles မဖြစ်ဘူးသေးသော (ဖြစ်ဘူးသည်ဟု မသေချာပါကလည်း) ကိုယ်ဝန်သည်မိခင်သည် ဤဝက်သက်ရောဂါ ဖြစ်နေသည်ဟု ထင်ရသော ကလေးမှ ဝေးဝေးနေပါ။ German Measles နှင့် ပါတ်သက်သော ကိုယ်ခံအားရှိသွားစေရန်အလို့ငှာ မိန်းကလေးပျိုများ နှင့် ကိုယ်ဝန်မဆောင်သေးသောမိခင်များသည် German Measles ရောဂါဖြစ်အောင်၊ ရေဂါပိုးနှင့် ကြိုတင် ထိတွေ့ ကူးစက်အောင် လုပ်နိုင်သည်။ ကာကွယ်ဆေးရှိသော်လည်း၊ ရှားသည်။
ရောဂါရှိသူနှင့် ကြုံတွေ့မိပြီး၊ ၂၃ ရက်အကြာတွင် ရောဂါ လက္ခဏာများ စပေါ်မည်။
ကိုယ်ပူမည်၊ ပါးစပ်ဟလျှင် အစာဝါးလျှင် နာမည်။ ၂ ရက်အတွင်း နားအောက်ဖက်၊ မေးရိုးတောင့်တွင် ရောင်လာမည်။ ပထမတစ်ဖက်တွင် စပေါ်ပြီး၊ အခြားတဖက်သို့ ကူးသွားမည်။
၁၀ ရက်ကြာသော် အလိုလိုပျောက်သွားမည်။ ဆေးသောက်စရာမလိုပါ။ နာကျင်မှုသက်သာစေရန်နှင့် ကိုယ်ပူကျစေရန် ပါရာဆီတမော paracetamol သို့မဟုတ် အိုင်ဗျူပရိုဖင် ibuprofen တိုက်ပါ။ အာဟာရရှိသော အစာ ပျော့ပျော့ကျွေးပါ။ ပါးစပ်နှင့် ခံတွင်းကို သန့်သန့်ရှင်းရှင်းထားပါ။
အသက် ၁၁ နှစ်အထက် ကလေးများနှင့် လူကြီးများတွင် တစ်ပါတ်အကြာတွင် ဗိုက်နာတတ်သည်။ ယောကျာ်းများတွင် ဝှေးစေ့ရောင်တတ်သည်။ နာနေမည်။ ထိုကဲ့သို့ဖြစ်ပါက အရောင်ကျ၊ အနာသက်သာစေရန် ရေခဲအုပ်ပေးပါ။ အဝတ်စို အေးအေးနှင့်လည်း အုပ်ပေးနိုင်သည်။
ဦးနှောက်အမြှေးရောင်သော လက္ခဏာနှင့် နားအကြားအာရုံ သိပ်မကောင်းတော့ပါက ဆရာဝန်နှင့် ပြရန်လိုပါသည်။
ရောဂါရှိသူနှင့် ကြုံတွေ့မိပြီး၊ ၁၂ ပါတ်အကြာတွင် ရောဂါ လက္ခဏာများ စပေါ်မည်။ ကိုယ်ပူမည်။ နှာရည်ယိုမည်။ ချောင်းဆိုးမည်။
၂ ပါတ်ကြာသော် အသံမြည်ချောင်းဆိုးမည်။ အသက်မရှူနိုင်ပဲ၊ ချွဲပြစ်ပြစ်သလိပ်မဟပ်ထုတ်နိုင်မချင်း ဆက်တိုက်ချောင်းဆိုးမည်။ သလိပ်ထွက်သွားမှသာ အသက်ရှူသွင်းနိုင်ပြီး၊ အသက်ရှူသွင်းသံ ကျယ်ကျယ်ကို (whoop) ဖြစ်စေသည်။ ချောင်းဆိုးနေစဉ်၊ နှုတ်ခမ်းနှင့် လက်သည်းများ ပြာနှမ်းနေမည်။ အသက်ရှူသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အန်တတ်သည်။ နောက်တစကြိမ် ချောင်းမဆိုးခင်ထိ အကောင်းပကတိ ဖြစ်နေမည်။
၃ လထိကြာသွားတတ်သည်။
တစ်နှစ်အောက်ကလေးများတွင် ဖြစ်ပါက အသက် အန္တရာယ်ရှိသည်။ ထို့ကြောင့် စောလျင်စွာ ကာကွယ်ဆေးထိုးကာ ကာကွယ်ထားရမည်။ ကလေးငယ်များတွင် ရောဂါလက္ခဏာ မထင်ရှား၊ မပေါ်လွင်ဖြစ်နေတတ်သည်။ သင့်အနီးအနားတစ်ဝိုက် ကလေးအတော်များများ ချောင်းဆိုးမည်၊ ချောင်းဆိုးသည်နှင့် မျက်လုံးများ ရောင်အမ်းလာမည် ဆိုပါက ရက်တရာချောင်း ြှှhooping Cough ဟုမှတ်ယူကာ ကုသပေးပါ။
ချောင်းဆိုးလွန်းသောကြောင့် မျက်လုံး၏ မျက်ဖြူသားတွင် အနီပြောက်ပေါ်လာတတ်သည်။ သွေးယိုသောကြောင့် ဖြစ်သည်။ ကုသရန်မလိုပါ။ တက်နေမည်၊ အဆုပ်အအေးမိသည့် လက္ခဏာများပေါ်လာမည် ဆိုပါက ဆေးကုသမှု ဆရာဝန်နှင့် ပြသရန်လိုသည်။
ကလေးများအားလုံးကို ရက်တစ်ရာချောင်း Whooping Cough မှ ကာကွယ်ပေးပါ။ အသက် ၂၊ ၄၊ ၆ နှင့် ၁၈ လ အရွယ်များတွင် ကာကွယ်ဆေးထိုးပေးပါ။
ဆုံဆို့နာရောဂါသည် လည်ချောင်းနာခြင်း၊ ဖျားခြင်းတို့မှ စတင်ပြီး ဖြစ်ပေါ်လေ့ရှိပါသည်။ ရက်အနည်းငယ်အတွင်း အညိုရောင် (သို့) အဖြူရောင် အမြှေးပါးကို လည်ပင်း၏နောက် (အာခေါင်)တွင် ပေါ်လာပါသည်။ ကလေးသည် အသံသြလာပြီး လည်ပင်းလည်း ရောင်ရမ်းလာမည်။ လည်ပင်းရောင်ခြင်း၊ အမြှေးပါးပေါ်ပေါက်လာခြင်းတို့ကြောင့် အသက်မရှုနိုင်ခြင်း၊ အသက်ရှုခက်ခြင်းတို့ ဖြစ်လာမည်။ အသက်ရှုလျှင် အနံ့ဆိုးများထွက်လာမည်။
ဆုံဆို့နာရောဂါသည် အသက် အန္တရာယ်ရှိပြီး၊ ကာကွယ်ဆေးထိုး ကာကွယ်နိုင်သည်။ DPT ကာကွယ်ဆေးဟုခေါ်သည်။ ကျန်းမာရေးဌာနများတွင် အခမဲ့ထိုးပေးသည်။ သင့်ကလေးအား ကာကွယ်ဆေးထိုးပေးပါ။
အသက် ၂ နှစ်အောက်ကလေးငယ်များတွင် ဖြစ်လေ့ရှိသည်။ ဗိုင်းရပ်ပိုးကြောင့် ဖြစ်သည်။ အအေးမိသည့် လက္ခဏာများဖြစ်သည့် ကိုယ်ပူမည်၊ အန်မည်၊ ဝမ်းလျှောမည်၊ ကြွက်သားများ ကိုယ်ခဲမည်။ ရက်ပိုင်းအတွင်း ပြန်လည်နေကောင်းသွားမည်။ သို့သော် တစ်ခါတစ်ရံ ကလေးသည် အားပျော့သွားမည်၊ အကြောသေသွားမည်။ ခြေထောက်တွင်(တစ်ဖက်၊ နှစ်ဖက်လုံး) ဖြစ်လေ့ရှိသည်။ အကြောသေသော ခြေထောက် ပိန်လှီသွားမည်။ မကြီးထွားတော့။
ရောဂါဖြစ်ပြီးပါက အကြောသေသွားသည်ကို ကုသ၍ မရတော့ပါ။ (သို့သော် အကြောသေသွားသော အပိုင်းပြန်ကောင်းလာတတ်သည်။) ပဋိဇီဝဆေးများ သောက်လည်း မထူးပါ။ ကိုက်ခဲနေသော ကြွက်သားများကို အကိုက်သက်သာစေရန် ပါရာဆီတမော တိုက်နိုင်သည်။ ရေနွေးပူစိမ်ထားသော အဝတ်နွေးနွေးနှင့် အုပ်ပေးပါ။ ကလေးအား သက်တောင့်သက်သာ အနေအထားတွင် နေပါစေ။ ခြေထောက်များ မကွေးကောက်စေရန် ထားပေးပါ။ ဖြောင့်ဖြောင့်တန်းတန်းအိပ်နိုင်ရန် ခြေလက်များကို ညင်သာစွာ ဆွဲဆန့်ပေးပါ။ ဒူးခေါင်းအောက်တွင် အကိုက်အခဲသက်သာစေရန် ခေါင်းအုံးအသေးခုပေးနိုင်သည်။ သို့သော် ဒူးကို ဖြောင့်နိုင်သလောက် ဖြောင့်ဖြောင့် ထားပေးပါ။
ကလေးများအားလုံးကို ပိုလီယိုကာကွယ်ဆေး ထိုးပေးပါ။
ကလေးတစ်ဦး အကြောသေ လေဖြတ်သွားပါက အစာအာဟာရကောင်းကောင်းကျွေးပြီး၊ ကျန်သည့် ကြွက်သားများ သန်မာလာအောင် လေ့ကျင့်ခန်းလုပ်စေသင့်သည်။
လမ်းလျှောက်ကျင့်ပေးပါ။ ထောက် ၂ ခုပေါ်တွင် တန်းနှစ်ခု တင်ထားပေးပါ။ ပုံကိုကြည့်ပါ။ ဂျိုင်းထောက်တစ်စုံ လုပ်ပေးပါ။ ခြေထောက် အစွပ်အပိုးတစ်ခုလည်း လုပ်ပေးပါ။ ထိုကဲ့သို့သော အစွပ်များသည် ခြေထောက် မခွင်၊ မယိုင်သွားစေရန် ထောက်ကူပေးပါလိမ့်မည်။
အချို့သောကလေးများသည် မွေးလာကတည်းက ခါးဆစ်ရိုးလွဲနေတတ်သည်။ ခြေထောက်သည် တင်ပဆုံရိုးမှ ကျွံထွက်နေမည်။ စောစောကုပါက ပြန်ကောင်းနိုင်သည်။ ထို့ကြောင့် ၁၀ ရက်သားအရွယ်ကလေးငယ်အား ခါးဆစ်လွဲမလွဲ စစ်ဆေးပေးပါ။
ခြေထောက်အပေါ်ပိုင်းသည် ဤကဲ့သို့ အုပ်မိုးနေမည်။
အသားအရစ်များ နည်းမည်။
ပိုတိုသည်ဟုထင်ရသည်။ အပြင်ဘက်သို့ လှည့်နေမည်။
ဤကဲ့သို့ ကားပေးလိုက်ပါ။
ခြေတစ်ချောင်းက ဆက်ကား၍ မရ။ ဟကားလိုက်လျှင် ကလစ်ဟု မြည်သွားမည် ဆိုလျှင် ခါးဆစ်လွဲနေသည်။
ကလေးဒူးကို အပေါ်သို့မြင့်မြင့်တင်၊ ပေါင်ကားပြီး ကျောပိုးပါ။
၂ ပါတ်ကြာသော် ထပ်စစ်ကြည့်ပါ။ ကလစ်ဟုမြည်နေသေးပါက ကျန်းမာရေးဝန်ထမ်းနှင့် ပြပါ။ ကလေးအား ပေါင်ကား၍ ၂ ပါတ်ဆက် ကျောပိုးထားပါက ခါးဆစ်လွဲခြင်း ပျောက်သွားမည်။
ဝှေးစေ့ကို သယ်ဆောင်ထားသော ကပ်ပယ်အိတ်သည် အရည်များ (သို့) အူများ ကျွံဝင်နေတတ်ပါသည်။ ၄င်းကို ကပ်ပယ်အိတ်ရောင်ခြင်းဟု ခေါ်သည်။
ကပ်ပယ်အိတ်ရောင်စေသည့် အကြောင်းကို ရှာဖွေရမည်။ ကပ်ပယ်အိတ်ကို နောက်ဖက်မှမီးဖြင့် (လက်နှိပ်ဓါတ်မီး)ဖြင့် ထိုး၍ကြည့်ရမည်။
အချို့သောကလေးများကို မွေးကတည်းက နားမကြားခြင်း၊ စိတ်ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ကိုယ်လက်အင်္ဂါများ ချို့ယွင်းလျက်မေးလာခြင်းများ ဖြစ်တတ်သည်။ အကြောင်းရင်းကို ရှာမတွေ့တတ်ပေ။ မည်သူ့ကိုမျှ အပြစ်တင်စရာမရှိပေ။ ကံတရားအရသာ ဟုမှတ်ယူပါ။
သို့သော် အချို့သော အခြေအနေများတွင် ကလေးများ တစ်ခုခုချို့ယွင်းလျက် မွေးလာစေတတ်သည်။ သတိပြုစရာအချက်အချို့ကို ဂရုစိုက် လိုက်နာလုပ်ဆောင် ပါက ကျန်းမာသော ကလေး မွေးလာပေမည်။
မွေးဖွားလာသော ကလေးများ ကျန်းကျန်းမာမာရှိစေရန် ကိုယ်ဝန်ဆောင်မိခင်များသည် အစာ၊ အာဟာရကို လုံလောက်အောင် စားပေးရမည်။
သိုင်းရွိုက်အကျိတ် အားနည်းသည့်ရောဂါ ကို ကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင်များသည် ရိုးရိုးဆားထက် အိုင်အိုဒင်းဆားကို စားရမည်။
သင့်ကလေး သိုင်းရွိုက်အကျိတ် အားနည်းသည့်ရောဂါရှိသည်ဟု ထင်ပါက ဆရာဝန်နှင့် ပြရမည်။ သိုင်းရွိုက်ဆေးကို မြန်မြန်သောက်ရပါမှ ဖွံ့ဖြိုးကြီးထွားမှုများ ပုံမှန် ဖြစ်မည်။
အသက် ၃၅ ကျော်ပါက ကလေးမယူသင့်တော့ပေ။ ကိုယ်ဝန်တားဆေးများ သုံးရမည်။
ဤကဲ့သို့ မဖြစ်စေရန် ဆွေမျိုးအချင်းချင်း အိမ်ထောင် မပြုပါနှင့်။ ကိုယ်ခန္ဓာချို့ယွင်းသော ကလေးတစ်ဦး မွေးပြီးပါက နောက်ထပ် ကလေး မယူသင့်ပေ။
ကိုယ်လက်အင်္ဂါချို့တဲ့လျှက် မွေးလာသော ကလေးငယ်များကို ကျန်းမာရေးဌာနများသို့ ပုံမှန်ပြပေးရမည်။ အောက်ပါ တို့ကို ကုသပေးနိုင်ပါသည်။
သားဖွားဆရာမက မီးဖွားမိခင်အား သားအိမ်ညစ်ဆေးများ မထိုးစေရန် သတိပြုပါ။
ကြွက်သားများ တောင့်တင်းနေမည်။ ကိုယ်ခြေလက်များ ခါရမ်းနေမည်။ မျက်နှာ၊ လည်ပင်း၊ ကိုယ်ခန္ဓာတို့ လိမ်တွန့်နေမည်။ အကြောများ ဆွဲမည်။ ခြေထောက်နှစ်ချောင်း တောင့်တင်းနေသောကြောင့် ကတ်ကြေးကဲ့သို့ ကန့်လန့်ဖြတ် နေမည်။
မွေးစတွင် မသိသာသော်လည်း၊ အသက်ကြီးလာသည်နှင့် အမျှ အကြောဆွဲ၊ အကြောတင်းမှုများ ပေါ်လွင်သိသာလာမည်။ စိတ်ဖွံ့ဖြိုးမှုမှာ ပုံမှန်ဖြစ်နေမည်။
ဤကဲ့သို့ ဦးနှောက်လေဖြန်းခြင်းမှာ မွေးပြီးပြီးချင်း အသက်ချက်ချင်းမရှူလျှင်သော်၄င်း၊ ကလေးအရွယ်တွင် ဦးနှောက်အမြႇးရောင်ခြင်းကြောင့်၄င်း၊ ဖြစ်တတ်သည်။
ခြေလက်များ အကြောဆွဲခြင်းကို ဖြစ်ပေါ်စေသော ဦးနှောက်လေဖြန်းခြင်းကို ကုသရန် ဆေး မရှိပါ။ ကလေးအား ဂရုတစိုက် စောင့်ရှောက်ပေးရန်သာ တတ်နိုင်သည်။ ခြေလက်များ ကောက်ကွေးမသွားစေရန် နေ့စဉ်ပုံမှန် ခြေလက်များကို ဖြည်းညင်း၊ ညင်သာစွာ ဆွဲဆန့်၊ ဆွဲဖြောင့်ပေးရမည်။
ကလေးအား လိမ့်တတ်စေရန်၊ထိုင်တတ်ရန်၊ ရပ်တတ်ရန်၊ လမ်းလျှောက်တတ်ရန် စိတ်ရှည်ရှည်နှင့် သင်ပေး၊ ကူပေးရမည်။ ကိုယ့်ကိုယ်ကို အားကိုးတတ်ရန် အားပေးရမည်။ စကားကောင်းကောင်း မပြောနိုင်သော်လည်း၊ အချိန်ပေးပါက ကလေးတစ်ယောက်တတ်သင့် တတ်ထိုက် သည်များကို သင်ပေးနိုင်သည်။ ကလေးအား အမှီအခိုကင်းအောင် ပျိုးထောင်ပေးပါ။
စိတ်ဖွံ့ဖြိုးမှု နောက်ကျသော၊ ကိုယ်ခန္ဓာ ချို့ယွင်းသောကလေးများ
မမွေးလာအောင် ကိုယ်ဝန်ဆောင် မိခင်များ ဆောင်ရန်၊ ရှောင်ရန်
အချို့ကလေးများသည် မွေးလာစဉ်က ကျန်းမာသော်လည်း၊ ဖွံ့ဖြိုးမှုနှေးသွားတတ်သည်။ အစာ၊ အာဟာရ လုံလောက်စွာ မရသောကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးမှု နှေးကွေးသွားခြင်း ဖြစ်သည်။ ကလေးငယ်၏ ဦးနှောက် ဖွံ့ဖြိုးမှုသည် ပထမအစ လများတွင် အမြန်ဆုံး၊ အများဆုံး ဖြစ်သည်။ ထို့ကြောင့် ဤအချိန်သည် ကလေး၏ အစာ၊ အာဟာရသည် အထူး အရေးကြီးသည်။ မိခင်နို့သည် အကောင်းဆုံး ဖြစ်သည်။
အာဖရိကနွယ်ဝင် (နှင့် အိန္ဒိယနွယ်ဝင် အချို့) ကလေးများသည် သွေးအားနည်းရောဂါတစ်မျိုး မွေးရာပါလာတတ်သည်။ တံစဉ်ကွေး သွေးအားနည်းရောဂါ ဟုခေါ်သည်။ မိဘများ၏ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်သည်။ ၆ လအထိ ပုံမှန်ကျန်းမာနေမည်။ ၆ လလွန်ပြီးမှ ရောဂါလက္ခဏာများ ပေါ်လာမည်။
ငှက်ဖျားရောဂါပါ တွဲဖြစ်ပါက ပြင်းထန်တတ်သည်။ ကိုယ်ပူချိန်များမည်၊ လက်ခြေ၊ ဗိုက်တို့တွင် နာကျင်မည်။ သွေးအား ပိုနည်းသွားမည်။ အရိုးဖုလုံးများမှ ပြည်များထွက်လာတတ်သည်။ အသက် ဆုံးရှုံးတတ်သည်။
သွေးအားနည်းခြင်းကို ကုရန်ဆေးမရှိပါ။ အခြားရောဂါများနှင့် ငှက်ဖျားမဖြစ်အောင် ကာကွယ်ပေးပါ။ လစဉ် ကျန်းမာရေးဌာနသို့ ပြပါ။
ငှက်ဖျား ဒေသများတွင် ငှက်ဖျားကာကွယ်ဆေးကို ပုံမှန်တိုက်ရမည်။ သွေးနီဥပွားများအောင် ဖောလစ်အက်ဆစ် Folic Acid ဆေးပြားကို တွဲတိုက်ပါ။ သံဓာတ်အားဆေးများ တိုက်ရန်၊ မလိုအပ်ပါ။
ကူးစက်ရောဂါများဖြစ်သော ဝက်သက် (Measles)၊ ရက်တစ်ရာချောင်းဆိုး (whooping Cough)၊ တီဘီ ရောဂါများကို စောလျင်စွာ ကာကွယ်ပေးရမည်။ ကိုယ်ပူ၊ ချောင်းဆိုး၊ ဝမ်းလျှော၊ ဆီးမကြာမကြာသွား၊ ဗိုက်နာ စသည့် လက္ခဏာများ မကြာကြာဖြစ်နေပါက ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းပြပါ။ ပဋိဇီဝ ပိုးသတ်ဆေးများ ပေးရန် လိုပါသည်။ ရေများများတိုက်ပါ။ အကိုက်အခဲပျောက်ရန် ပါရာဆီတမော တိုက်နိုင်ပါသည်။
အအေးမခံပါနှင့်။ ညအချိန်များတွင် နွေးနွေးထွေးထွေးဖြစ်အောင် ထားပေးပါ။ အိပ်ယာခင်းနွေးနွေးနှင့် အိပ်ပါစေ။
ကလေးများအား သင်ယူရန် ကူညီပေးခြင်း
ကလေးတစ်ယောက်သည် အသက်ကြီးလာသည်နှင့်အမျှ သင်ကြားထားသည့် အပေါ်မူတည်၍ လူ့လောက အကြောင်းကို နားလည်လာမည်။ စာသင်ကျောင်းမှသင်ပေးလိုက်သော ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချတတ်လာမည်။ စာသင်ကျောင်းများသည် ကလေးများအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
သို့သော် လေ့လာသင်ကြားမှုအများစုမှာ အိမ်နှင့် ကျောင်းပြင်ပ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ဖြစ်သည်။ ကလေးငယ်သည် စိတ်ဝင်စားစရာများကို စောင့်ကြည့်မည်၊ နားထောင်မည်၊ အခြားသူများလုပ်သည်ကို လိုက်လုပ်ကြည့်၊ လိုက်စမ်းကြည့်မည်။ အခြားသူများ နှုတ်မှ ပြောပြသည်ဆုံးမမှုများထက် တစ်စုံတစ်ယောက်က မည်သို့တုန့်ပြန်၊ ပြုမူသည်ကို မှတ်သား၍ လိုက်လုပ်လေ့ရှိသည်။ သနားကြင်နာခြင်း၊ တာဝန်ယူတတ်ခြင်းနှင့် မျှဝေခြင်းစသည့် ကောင်းမွန်သည့် အကျင့်များကို လိုက်နာလုပ်ဆောင်စေလိုပါက မိမိက ရှေ့မှ နမူနာကောင်းအဖြစ် အလျင်ဦးဆုံး လုပ်ပြရန် လိုအပ်သည်။
ကလေးများသည် စွန့်စားခြင်းမှလည်း သင်ယူကြသည်။ သူကိုယ်တိုင်လုပ်ကြည့်ပါစေ။ မှားလျှင်မှားသွားမည်။ အရေးမကြီးပါ။ သူဖာသာသူ အမှားကို သိပြီး၊ အမှန်ကို ရှာဖွေဖော်ထုတ်သွားမည်။ ငယ်နေလျှင်မူ ကလေးငယ်အတွက် အန္တရာယ်မရှိအောင် ကာကွယ်မှုပေးရမည်။ သို့သော် ကြီးလာသည်နှင့် အမျှ၊ သူဖာသာသူ စောင့်ရှောက်တတ်ပါစေ။ သူအား တာဝန် တစ်ခုခုပေးပါ။ သူ၏ ဆုံးဖြတ်ချက်များကို အသိအမှတ်ပြုပေးပါ။ မိဘများတွေးထင်ထားသည်နှင့် တစ်ထပ်တည်း ကျချင်မှ ကျလိမ့်မည်။
ကလေးများ ငယ်ရွယ်စဉ်အခါတွင် မိမိအလိုကိုသာ ဦးစားပေးနေလိမ့်မည်။ အသက်ကြီးလာသည်နှင့် အမျှ၊ တစ်ပါးသူအား ကူညီခြင်းကမှ ပို၍ ကြည်နူးစရာ၊ ပီတိဖြစ်စရာကောင်းကြောင်း သဘောပေါက်လာလိမ့်မည်။ မိမိ၏ ကလေးတွင် တစ်ပါးသူအား ကူညီချင်စိတ်လေးတွေ့ရပါက အားပေးပါ။ ချီးကျူးပါ။ မည်မျှ မွန်မြတ်ကြောင်း ရှင်းပြပေးပါ။
ကလေးများ လူကိုမကြောက်ပဲ၊ မေးမြန်းရဲ၊ စူးစမ်းရဲသော အကျင့်သည်လည်း ကောင်းမွန်သော အကျင့်တစ်ခု ဖြစ်သည်။ မိဘများ၊ ဆရာများကလည်း မေးလာသော မေးခွန်းများကို မှန်ကန်တိကျစွာ၊ စိတ်ရှည်စွာဖြင့် ဖြေကြားပေးရမည်။ မေးခွန်း၏ အဖြေကို မသိပါက မသိကြောင်း ပြောပါ။ သို့မှသာ ကလေးငယ်သည် မေးခွန်းများကို ဆက်မေးနေမည် ဖြစ်သည်။ ကြီးပြင်းလာလျှင်လည်း သူ၏ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း တိုးတက်ရေး၊ ကြီးပွားရေးများကို ကြံဆောင်ပေးနိုင်ပါလိမ့်မည်။
ကလေးများအချင်းချင်းမှ လေ့လာသင်ယူစေခြင်းဖြင့် ကလေးများအား သင်ယူလိုစိတ်၊ လူထုကျန်းမာရေး တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ပေးလိုစိတ်များ တိုးပွားစေပါသည်။
အောက်ပါဌာနသို့လည်း စာရေးသား ဆွေးနွေးနိုင်ပါသည်။
The ChildtoChild Trust
Institute of Education
20 Bedford Way
London WC1H 0AL
England
Tel: +44 (0) 2076126649
Fex: +44 (0) 2076126645
Email: ccenquireies@ioe.ac.uk
www.childtochild.org