home

အခန်း(၁၂) ကြိုတင်ကာကွယ်ခြင်း



ခေါင်းစဉ်များ


နာမကျန်းဖြစ်မှုများမှ ကာကွယ်ခြင်း

အကယ်၍ ကျွန်ုပ်တို့သာ ကောင်းမွန်စွာနေထိုင်စားသောက်ခြင်း၊ မိမိကျန်းမာရေးကို ဂရုစိုက်ခြင်း၊ မိမိတို့၏ နေအိမ်၊ မိမိတို့၏ ရပ်ရွာကို သန့်ရှင်းအောင်ဆောင်ရွက်ခြင်းနှင့် မိမိတို့၏သား၊ သမီး၊ မြေး၊ မြစ်များအား ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခြင်း စသဖြင့် ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ် ထားပါက ရောဂါဖြစ်လျှင် ကုန်ကျရသော ဆေးကုသစရိတ် ကျပ်တစ်ရာ အစား ငွေတစ်ဆယ်ကျပ် မျှသာ ကုန်ကျအောင် စွမ်းဆောင်နိုင်ပေသည်။ နာမကျန်းဖြစ်မှု အများစုကိုလည်း ရောဂါ စတင်မဖြစ်မီကပင် တားဆီး ရပ်တန့်စေနိုင်ပါသည်။ ပြီးခဲ့သော အခန်း (၁၁) တွင် မည်သို့ကောင်းမွန်စွာ နေထိုင်စားသောက်ရမည့် အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ယခုအခန်းတွင် သန့်ရှင်းစွာ နေထိုင်သည့် ဓလေ့နှင့် ကာကွယ်ဆေးများ အကြောင်းကို ဆွေးနွေးတင်ပြပါမည်။

သန့်ရှင်းစွာနေထိုင်သည့်ဓလေ့နှင့် ယင်းဓလေ့အားနည်းပါက ဖြစ်ပေါ်နိုင်သောပြဿနာများ

ရောဂါပိုးကူးစက်ပြန့်ပွားခြင်း အမျိုးမျိုး (ဥပမာ အစာအိမ်နှင့်အူလမ်းကြောင်း၊ အရေပြား၊ မျက်စိ၊ အဆုတ်နှင့် လူတစ်ကိုယ်လုံး)မှ ကာကွယ်လိုလျှင် သန့်ရှင်းစွာနေထိုင်သည့် ဓလေ့သည် လွန်စွာအရေးကြီးပေသည်။ လူတစ်ဦးချင်းစီ၏ သန့်ရှင်းစွာနေထိုင်သည့် ဓလေ့ (တစ်ကိုယ်ရေသန့်ရှင်းရေး) သည် အရေးကြီးသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သည့် ဓလေ့သည်လည်း အရေးကြီး ပေသည်။



အစာအိမ်နှင့် အူလမ်းကြောင်း တစ်လျှောက် အဖြစ်များသောရောဂါများ လူတစ်ဦးမှအခြားတစ်ဦးဆီသို့ ကူးစက်ရခြင်း အကြောင်း ရင်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းနှင့် သန့်ရှင်းစွာ နေထိုင်သည့် ဓလေ့အားနည်း၍ ဖြစ်ပါသည်။ ရောဂါပိုးများ၊ သန်ကောင် နှင့် သန်ဥ များသည် ရောဂါဖြစ်နေသော လူစွန့်လိုက်သော မစင်ထဲတွင် ထောင်နှင့်ချီ၍ ပါဝင်ပါသည်။ ၎င်းမစင် များကို ကိုင်တွယ် မိသော (ညစ်ပေသော) လက်နှင့် အစားအစာ စားသောက်ခြင်းဖြင့် အခြားလူတစ်ဦး၏ ပါးစပ်ပေါက် အတွင်းသို့ ဝင်ရောက် ကူးစက် စေနိုင်ပါသည်။ ဤကဲ့သို့ ကူးစက်ခြင်းကို မစင်မှ ပါးစပ်ပေါက်သို့ ကူးစက်ခြင်းဟုခေါ်ပါသည်။ ကူးစက် နိုင်သော ရောဂါများမှာ

  • ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့် ဝမ်းကိုက်ရောဂါ
  • သန်ကောင်ရောဂါ
  • အသည်းရောင်အသားဝါရောဂါ၊ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားရောဂါနှင့် ကာလဝမ်းရောဂါ
  • အချို့ အချို့သော ရောဂါ (ဥပမာ ပိုလီယိုရောဂါ) စသည်တို့ဖြစ်သည်။

ဤသို့ကူးစက်ခြင်းသည် တိုက်ရိုက် ကူးစက်ခြင်း ဖြစ်ပါသည်။

ဥပမာ သန်ကောင်ရောဂါရှိသောကလေးတစ်ယောက်က ဝမ်းသွားပြီးလက်ဆေးရန်မေ့လျော့ခဲ့သည်ဆိုပါစို့။ ထို့နောက် ညစ်ပေ နေသော လက်ဖြင့် သူ၏သူငယ်ချင်းကို မုန်ေ့ဝကျွေးပါမည်။ သူ၏လက်တွင်မစင်များကပ်ပါနိုင်ပြီး ၎င်းမစင်နှင့်အတူ လွန်စွာ သေးငယ်သော (သာမန်မျက်စိဖြင့် မမြင်နိုင်သော) သန်ဥကလေးများကပ်ပါလာပါသည်။ သန်ဥလေးများက မုန့်တွင်ကပ်ညှိပေကျံပါမည်။ ထိုမုန့်ကို သူငယ်ချင်းက စားသောက်ခြင်းဖြင့် သန်ဥလေးများကို မျိုချမိပါမည်။

မကြာမီသူငယ်ချင်းတွင်လည်း သန်ကောင်ရောဂါကူးစက်ခံစားရပါမည်။ သူငယ်ချင်း၏မိခင်က "ဒီကလေး အချိုတွေ စားလို့ဖြစ်တာ"လို့ပြောပါမည်။ အမှန်တကယ်တော့ သူငယ်ချင်းက လူ့မစင်စားမိ၍ ဖြစ်ပါသည်။

တစ်ခါတစ်ရံတွင်လည်း ဝက်ကလေးများ၊ ခွေးကလေးများ၊ ကြက်ကလေးများနှင့် အခြားအကောင်ငယ်လေးများမှ တစ်ဆင့်လည်း အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပွားသောရောဂါများနှင့် သန်ကောင်များကို ကူးစက်စေတတ်ပါသည်။ ဥပမာအားဖြင့်

1202a

1202b

1202c

1202d

ထိုနည်းတူစွာ အခြားရောဂါများလည်း ဖော်ပြပါပုံအတိုင်း လူတစ်ဦးမှအခြားလူတစ်ဦးဆီသို့ ကူးစက်နိုင်ပါသည်။

အကယ်၍ မိသားစုဝင်အားလုံးအောက်ဖော်ပြပါအချက်များကို ကြိုတင်သတိထားမိပါကရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်ပါသည်။

  • အိမ်သာထဲမစင်စွန့်ခြင်း။
  • မိသားစုဝင်များက ခွေးကလေး၊ ဝက်ကလေးများအား နေအိမ်တွင်းသို့ဝင်ခွင့်မပြုခြင်း။
  • ကလေးငယ်များအား ခွေးကလေး၊ ဝက်ကလေးများနှင့် မဆော့ကစားစေခြင်း။
  • မိခင်က ကလေးငယ်အား ပွေ့ဖက်ချော့သိပ်ပြီး အစားအစာမချက်ပြုတ်မီ လက်ကို စင်အောင်ဆေးကြောခြင်း။

သင်တို့၏ရပ်ရွာထဲတွင် ဝမ်းပျက်၊ ဝမ်းလျော အဖြစ်များခြင်း၊ သန်ကောင်ရောဂါ အဖြစ်များခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ကပ်ပါးပိုးရောဂါ အဖြစ် များနေလျှင် ရပ်ရွာအတွင်းရှိလူများသည် သန့်ရှင်းစွာနေထိုင်သည့် ဓလေ့မရှိခြင်းကို ဖော်ပြနေပါသည်။ အကယ်၍ ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြင့် အသေအပျောက်များနေလျှင် အာဟာရချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။ ထို့ကြောင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြင့် သေဆုံးခြင်းအားကာကွယ်ရန် သန့်ရှင်းစွာနေထိုင်သည့် ဓလေ့နှင့် အာဟာရပြည့်ဝစွာ စားသောက်ခြင်းသည် လွန်စွာ အရေးကြီးပေသည်။ ( အခန်း ၁၁ တွင်ကြည့်ပါ။)

သန့်ရှင်းစွာနေထိုင်သည့်ဓလေ့အတွက် လိုအပ်သောအခြေခံအချက်များ

တစ်ကိုယ်ရေသန့်ရှင်းရေး

  1. မနက်စောစော အိပ်ယာထတွင်၎င်း၊ အိမ်သာတက်ပြီးတိုင်းသော်၎င်း၊ အစာမစားမီနှင့် မချက်ပြုတ်မီတွင်သော်လည်း ကောင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရပါမည်။asdfsaf
  2. ရာသီဥတု ပူပြင်းလွန်းလျှင် နေ့စဉ်ရေချိုးပါ။ ပြင်းထန်စွာ အလုပ်လုပ်ပြီးလျှင် (သို့) ချွေးထွက်များလျှင်ရေချိုးပါ။ မကြာခဏ ရေချိုးခြင်းဖြင့် အရေပြားတွင် ဖြစ်တတ်သော ရောဂါများ၊ ဗောက်ထခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ယားနာပေါက်ခြင်းနှင့် ကိုယ်ခန္ဓာတွင် အနီစက်များ ထွက်ခြင်းတို့ကို ကာကွယ်နိုင်ပါသည်။ လူကြီးရော ကလေးပါ သာမန်ဖျားရုံဖြင့် နေ့စဉ် ရေချိုးနိုင်ပါသည်။
  3. လူကြီးရော ကလေးပါ ချိတ်သန်ကောင်အဖြစ်များသော ဒေသသို့သွားလျှင် ခြေဗလာဖြင့် လမ်းမလျှောက်ရပါ။ ချိတ်သန်ကောင်သည် သွေးအား နည်းရောဂါကို ဖြစ်စေသည်။ ၎င်းသည် လူ၏ကိုယ်ခန္ဓာ အတွင်းသို့ ခြေဖဝါးမှ တစ်ဆင့် ဝင်ရောက် ကူးစက် စေပါသည်။
  4. နေ့စဉ်သွားတိုက်ပါ။ အချိုစားပြီးတိုင်း တိုက်ပါ။ သွားပွတ်တံနှင့် သွားတိုက်ဆေး မရှိပါက ဆား(သို့)မုန့်ဖုတ်ဆော်ဒါဖြင့် တိုက်ပါ။ သွားကျန်းမာရေး အကြောင်း ပိုသိလိုလျှင် အခန်း (၁၇) တွင်ကြည့်ပါ။

နေအိမ်သန့်ရှင်းရေး

  1. ဝက်နှင့် အိမ်မွေး တိရိစ္ဆာန်များ နေအိမ်အတွင်း (သို့) ကလေးများ ဆော့ကစားသည့် နေရာသို့မဝင်စေရ။

  2. ခွေးများကို ကလေးငယ်အား လျှာဖြင့်မလျက်စေရ။ အိပ်ယာပေါ် မတက်စေရ။ ခွေးသည်လည်း ရောဂါ ကူးစက်စေတတ်၏။



  3. ကလေးငယ်များနှင့် အိမ်မွေး တိရိစ္ဆာန်များ နေအိမ်အနီး မစင်စွန့်လျှင် ချက်ချင်းကြုံးပစ်ပါ။ ကလေးငယ်အား အိမ်သာတွင် မစင်စွန့်ရန် သင်ပေးပါ။ သို့မဟုတ် နေအိမ်နှင့် ဝေးရာတွင် မစင်စွန့်ပါစေ။
  4. ခြုံစောင်များနှင့် အိပ်ယာခင်းများကို နေပူပူတွင် ဖြန့်လှန်းပါ။ ကြမ်းပိုးများကို တွေ့ပါက ကလေးကုတင်ကို ရေနွေးပူဖြင့် လောင်းပါ။ ခြုံစောင်များနှင့် အိပ်ယာခင်းများကို တစ်ရက်တည်း အပြီးလှျော်ပါ။
  5. ဦးခေါင်းတွင် သန်းရှိလျှင် တစ်မိသားစုလုံး သန်းချရပါမည်။ လှေးနှင့်သန်းကောင်များသည်လည်း ရောဂါ များစွာ သယ်ဆောင်နိုင်ပါသည်။ လှေးစွဲနေသော ခွေးနှင့် အိမ်မွေး တိရိစ္ဆာန်များ နေအိမ်အတွင်းသို့ မဝင်စေရ။
  6. ကြမ်းပြင်ပေါ် တံထွေးမထွေးပါနှင့်။ တံထွေး ထွေးခြင်းဖြင့် ရောဂါပျံ့နှံ့စေပါသည်။ နှာချေ၊ ချောင်းဆိုးလျင် ပါးစပ်ကို လက်ဖြင့်အုပ်ပါ။ (သို့မဟုတ်) အဝတ်စ၊ လက်ကိုင်ပုဝါဖြင့် အုပ်ပါ။
  7. နေအိမ်ကို မကြာခဏ သန့်ရှင်းပါ။ နံရံများ၊ ကြမ်းပြင်များနှင့် ပရိဘောဂ ပစ္စည်းများ အောက်သို့တံမြက်စည်း လှည်းပါ။ ကြမ်းတိုက်ပါ။ ခြကောင်များ၊ ကြမ်းပိုးများနှင့် ကင်းမြီးကောက်များ ခိုအောင်းနိုင်သော ကြမ်းပြင်နှင့် နံရံများရှိ အက်ကွဲကြောင်းများနှင့် အပေါက်များအား မြေဖို့သိပ်ပါ။
  8. 1213

အစားအသောက်သန့်ရှင်းရေး

  1. လက်ရှိအခြေအနေအရ ကမ္ဘာပေါ်တွင် ရေကောင်းရေသန့်ရှားပါးနေချိန်ဖြစ်သဖြင့် သန့်ရှင်းသောသောက်ရေ ရရှိရန်အတွက် ရေကိုစစ်ပါ။ ကြိုချက်၍ သောက်သုံးပါ။ ဤအချက်သည် အလွန်ပင် အရေးကြီးပေသည်။ အထူးသဖြင့် ကလေးငယ်များ၊ အိပ်ချ်အိုင်ဗွီရောဂါ (ခုခံအားကျ) ဝေဒနာရှင်များနှင့် ဝမ်းပျက်၊ ဝမ်းလျောအဖြစ်များနေချိန် အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါရောဂါနှင့် ကာလဝမ်းရောဂါ အဖြစ်များနေချိန်တို့တွင် ပို၍ ဂရုပြုသင့်သည်။ သို့သော်ငြားလည်း ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရာတွင် ရေကောင်းရေသန့်ထက် ရေလုံလောက်စွာ ရရှိရန် ပိုအရေးကြီးပေသည်။ ဆင်းရဲချို့တဲ့သော မိသားစုအား ရေကိုကျိုချက်၍ သောက်ပါဟု ပညာပေးလျှင် ကောင်းကျိုးထက် ဆိုးကျိုးပိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရေကိုကျိုချက်ရန်အတွက် အချိန်ကုန်၊ ငွေကုန်နိုင်ပြီး ကလေးငယ်များ အတွက် အစာရေစာ လျော့နည်းစေနိုင်သလို သစ်တောများကိုလည်း ပြုန်းတီးစေနိုင်ပါသည်။ (အခန်း ၅ ပတ်ဝန်းကျင် ကျန်းမာရေးတွင် ကြည့်ပါ။)
  2. သန့်ရှင်းသော သောက်ရေသန့်ရရှိရန် အတွက် အကောင်းဆုံးနှင့် ကုန်ကျစရိတ် အနည်းဆုံးနည်းလမ်းမှာ သန့်ရှင်းကြည်လင်သော ပုလင်း (သို့) ပလပ်စတစ် အိတ်အတွင်းသို့ ရေထည့်၍ ပူပြင်းသော နေရောင်အောက်တွင် ၆နာရီခန့်ထားပါ။ မိုးအုံ့နေသော ရာသီဖြစ်ပါက နှစ်ရက်ခန့်ထားပါ။ ဤနည်းလမ်းသည် ရေထဲရှိ ပိုးမွားများကို သေစေနိုင်ပါသည်။

  3. ယင်နားစာ မစားရ။ ယင်ကောင်နှင့် အင်းဆက်ပိုးများသည် ရောဂါကို သယ်ဆောင်ပျံ့နှံ့စေပါသည်။ စားကြွင်းစားကျန်များကို သေချာစွာ စွန့်ပစ်ပါ။ ညစ်ပေနေသော ပန်းကန်ခွက်ယောက်များကို ဆေးကြောပါ။ စားကြွင်းစားကျန်များတွင် ပိုးမွားများ ပေါက်ပွားစေနိုင်သည်။ ယင်အုံစေပါသည်။ အစားအစာများကို အုပ်ဆောင်းအောက်တွင် ထားပါ။ အိုးခွက်များကို ဖုံးအုပ်ပါ။ ကြောင်အိမ်ကို အသုံးပြုပါ။
  4. မြေပြင်ပေါ် ကြွေကျနေသော သစ်သီးဝလံများ မစားမီ ရေစင်အောင်ဆေးပါ။ ကလေးငယ်များအား မြေပေါ် ကျပြီးသော အစားအစာများ ကောက်မစားရန် သင်ပေးပါ။ မစားမီ ရေဆေးခိုင်းပါ။
  5. အသားနှင့် ငါးများကို ကျက်အောင် ချက်ပြုတ်၍ စားပါ။ အသား၊ ငါးကို ကင်စားမည် ဆိုပါက အတွင်းသား ထိကျက်အောင် ကင်ပါ။ အထူးသဖြင့် ဝက်သားနှင့် ငါးကင်တို့တွင် မကျက်တကျက် စားပါက ရောဂါအန္တရာယ် ကျရောက်တတ်ပါသည်။
  6. ကြက်သားတွင်ဝမ်းပျက်၊ ဝမ်းလျောဖြစ်စေတတ်သော ပိုးမွားများ ကပ်ပါတတ်ပါသည်။ ကြက်ကို ပြင်ဆင်ချက်ပြုတ်ပြီး အခြား အစားအသောက်များ မကိုင်တွယ်မီ သင်၏လက်ကို ဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောပါ။
  7. ထမင်းကျန် ဟင်းကျန်၊ ထမင်းသိုးဟင်းသိုးများကို မစားပါနှင့်။ အစာ အဆိပ်သင့်တတ်သည်။ ဖောင်းကားနေသော စည်သွပ်ဘူးများနှင့် ဖွင့်လိုက်ပါက အရည်ပန်းထွက်သော စည်သွပ်ဘူးများအား မစားသင့်ပါ။ အထူးသဖြင့် ငါးစည်သွပ်ဘူးများကို ဂရုစိုက်ပါ။ အချိန်ကြာမြင့်စွာက ချက်ထားသော ကြက်သားဟင်းကို ချက်ချင်း မစားသင့်ပါ။ မစားမီ ပြန်နွေးစားပါ။ ဖြစ်နိုင်လျှင် ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ချက်စားပါ။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နေမကောင်းသူများ အတွက် လတ်လတ်ဆတ်ဆတ် ချက်စားပါ။

  8. နေမကောင်းသူများ (တီဘီရောဂါ၊ တုတ်ကွေးရောဂါနှင့် အအေးမိရောဂါ ဖြစ်နေသူများ)အား သီးသန့်ပြင်ဆင်ကျွေးမွေးပါ။ လူနာ စားပြီးပါက ပန်းကန်ခွက်ယောက်များကို သန့်ရှင်းအောင် ဆေးကြောပြီးမှ အခြားသူများအား ကျွေးပါ။

ကလေးငယ်များ၏ကျန်းမာရေးကို မည်သို့ကာကွယ်မည်နည်း

    1220
  1. နေမကောင်းသော ကလေးငယ်များ (သို့) လည်ပင်းနာ၊ ယားနာနှင့် သန်းရှိသော ကလေးငယ်များကို ကျန်းမာသော ကလေးငယ်များနှင့် ခွဲအိပ်စေရမည်။ ကူးစက်တတ်သော ရောဂါရှိသော ကလေးငယ်များ (ဥပမာ ကြက်ညှာချောင်းဆိုးရောဂါ၊ ဝက်သက်ရောဂါနှင့် အအေးမိရောဂါ) အားဖြစ်နိုင်လျှင် အခန်းခွဲသိပ်ရမည်။ နို့စို့ကလေးနားသို့ မကပ်စေရပါ။
  2. ကလေးငယ်များကို တီဘီရောဂါ မဖြစ်အောင် ကာကွယ်ပါ။ နာတာရှည် ချောင်းဆိုးနေသူ (သို့) တီဘီရောဂါ လက္ခဏာရှိသူများ ချောင်းဆိုးပါက လက်ဖြင့်အုပ်၍ ဆိုးသင့်သည်။ ကလေးငယ်များနှင့် တစ်ခန်းတည်း အတူ မအိပ်ရပါ။ ကျန်းမာရေး ဝန်ထမ်းများနှင့် ချက်ချင်းပြသ၍ ကုသမှုခံယူပါ။
  3. တီဘီရောဂါရှိသူနှင့် တစ်အိမ်တည်းနေကလေးငယ်များအား တီဘီရောဂါကာကွယ်ဆေး (ဘီ.စီ.ဂျီ) ထိုးနှံပေးရမည်။

  4. ကလေးငယ်များအား ရေမှန်မှန် ချိုးပါ။ အဝတ်အစား လဲလှယ်ဝတ်ဆင်ပါ။ ခြေသည်းလက်သည်း မှန်မှန်လှီးပါ။ ရောဂါပိုးများနှင့် သန်ဥများသည် ခြေသည်းလက်သည်းများကြားတွင် ဝင်ရောက်နေနိုင်သည်။
  5. ကူးစက်ရောဂါဖြစ်နေသော ကလေးငယ်များကို ချက်ချင်းကုသခြင်းဖြင့် အခြားကလေးငယ်များကို မကူးစက်ရန် ကာကွယ်နိုင်သည်။
  6. ဤအခန်းတွင် ဖော်ပြထားသော အချက်အလက်များကို လိုက်နာခြင်းဖြင့် သန့်ရှင်းစွာနေထိုင်သော ဓလေ့ကိုရရှိပါမည်။ ကလေးငယ် များအား ရှင်းပြ၍ အဘယ့်ကြောင့် အရေးကြီးကြောင်း ပြောပြပါ။ ကလေးငယ်များအား စည်းရုံး၍ မိမိနေအိမ်နှင့် မိမိကျေးရွာအား သန့်ရှင်းကျန်းမာစွာ နေချင်စဖွယ်ဖြစ်အောင် ကူညီလုပ်ဆောင်စေပါ။


  7. ကလေးငယ်များ ကောင်းမွန်သော အစားအစာ လုံလောက်အောင် ကူညီပါ။ ကောင်းမွန်သော / ပြည့်ဝသော အာဟာရသည် ကလေးငယ် များအား ကူးစက်ရောဂါများ အန္တရာယ်မှ ကာကွယ်နိုင်ပါသည်။ အာဟာရပြည့်ဝ၍ ကျန်းမာသော ကလေးငယ်သည် အာဟာရ ချို့တဲ့သော ကလေးငယ်များကို သေစေနိုင်သည့် ကူးစက်ရောဂါများကို ခံနိုင်ရည်ရှိပြီး ခုခံတိုက်နိုင်ပါသည်။အခန်း (၁၁) တွင်ကြည့်ပါ။)

လူထုအတွင်းကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်သည့်ဓလေ့

  1. အများသုံးရေတွင်း၊ ရေကန်များကိုသန့်ရှင်းစွာထားပါ။ လူအများစုသောက်သုံးရေရရှိရာနေရာများအနီးသို့ တိရိစ္ဆာန်များမကျောင်းရပါ။ ဖြစ်နိုင်လျှင် တိရိစ္ဆာန်များ မဝင်နိုင်အောင် ခြံစည်းရိုးကာပါ။
  2. ရေတွင်း၊ ရေကန်များ အနီးတွင် မစင်နှင့် အမှိုက်သရိုက်များမစွန့်ရ။ မြစ်၊ ချောင်းများမှ သောက်ရေခပ်ယူ အသုံးပြုမည်ဆိုလျှင် မြစ်ညှာဘက်တွင် သန့်ရှင်းရန် အထူးဂရုပြုပါ။

  3. မီးလောင်နိုင်သော အမှိုက်များကိုမီးရှို့ဖျက်ဆီးပါ။ မီးမလောင်လွယ်သော အမှိုက်များကို နေအိမ် (သို့) ရေတွင်း၊ ရေကန်များနှင့် ဝေးရာတွင် တွင်းတူးမြုပ်နှံပါ။
  4. အိမ်သာ ဆောက်လုပ်အသုံးပြုပါ။ သို့မှသာဝက်နှင့် အိမ်မွေး တိရိစ္ဆာန်များ၊ လူ့အညစ်အကြေးများနှင့်မထိတွေ့နိုင်ပါ။ တွင်းအိမ်သာနှင့် တဲငယ်ကို အသုံးပြုနိုင်သည်။ တွင်းနက်နက် တူးခြင်းဖြင့် ယင်လုံ၊ အနံ့လုံနိုင်ပါသည်။

ဖော်ပြပါပုံသည် အိမ်အပြင်တွင် ရိုးရှင်းလွယ်ကူစွာ ဆောက်လုပ်အသုံးပြုနိုင်သော အိမ်သာပုံဖြစ်ပါသည်။

အိမ်သာတစ်ခါသုံးပြီးတိုင်း တွင်းထဲသို့ထုံး၊ မီးသွေးမှုန့် သို့မဟုတ် ပြာမှုန့်ဖြူးပေးခြင်းဖြင့် အနံ့မနံအောင် ပြုလုပ်နိုင်သလို ယင်လည်းမနားစေပါ။

အိမ်သာကို နေအိမ် (သို့) ရေအရင်းအမြစ်ရှိရာနေရာနှင့် အနည်းဆုံး မီတာ ၂၀ ခွာ ဆောက်လုပ်အသုံးပြုရမည်။

အကယ်၍ အိမ်သာဆောက်လုပ်အသုံးပြုရန်ခက်ခဲနေပါက လူအများရေချိုး (သို့) သောက်ရေခပ်ရာ နေရာနှင့် ဝေးရာတွင် မစင်စွန့်ပါ။ ကလေးငယ်များအား ထိုသို့ ပြုလုပ်ရန် သင်ပေးပါ။

အိမ်သာဆောက်လုပ်အသုံးခြင်းအားဖြင့် ရောဂါအများအပြားကို ကာကွယ်ရာတွင် ကူညီရာရောက်ပေသည်။

ပိုမိုကောင်းမွန်သော အိမ်သာဆောက်လုပ်နည်းများကို နောက်စာမျက်နှာတွင် ဖော်ပြထားပါသည်။ ဥယျာဉ်ခြံမြေအတွက် ကောင်းမွန်သော မြေသြဇာအဖြစ် အသုံးပြုနိုင်သော အိမ်သာကိုလည်း ဆောက်လုပ်နိုင်ပါသည်။ (အခန်း ၇ တွင်ကြည့်ပါ။)

ပိုမိုကောင်းမွန်သောအိမ်သာ

တစ်ဖက်စာမျက်နှာတွင် ဖော်ပြထားသောအိမ်သာမှာ အလွန်ရိုးရှင်းပြီး ကုန်ကျစရိတ်အနည်းဆုံးလည်းဖြစ်ပါသည်။ သို့သော် ၎င်းသည် အပေါ်ပိုင်းပွင့်နေပြီး ယင်မလုံပေ။

အလုံပိတ်အိမ်သာသည် ပိုမိုကောင်းမွန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်ကောင်းများအတွင်းသို့မဝင်နိုင်သလို အနံ့ကိုလည်း လုံစေပါသည်။ အလုံပိတ်အိမ်သာဆိုသည်မှာ အိမ်သာတွင်း အပေါ်တွင် စလစ်ပြင် အအုပ်တစ်ချပ် ပါရှိပါသည်။ ထိုစလစ်ပြင်ပေါ်တွင် အဖုံးပါ အပေါက်တစ်ပေါက် ပါဝင်ပါသည်။ စလစ်ပြင်အအုပ်မှာ သစ်သားနှင့်သော်၎င်း၊ ဘိလပ်မြေနှင့် သော်၎င်း ပြုလုပ်နိုင်ပါသည်။ ဘိလပ်မြေဖြင့် ပြုလုပ်လျှင် ပိုကောင်းပြီး မဆွေးမြေ့နိုင်ပါ။

ဘိလပ်မြေအပေါ်ဖုံးပြုလုပ်နည်းမှာ

၁ မီတာပတ်လည် စတုရန်းပုံတွင်းတိမ်တစ်ခုကို ၇ စင်တီမီတာအနက်ခန့်တူးပါ။ တွင်းအောက်ခြေကို ညီညာပြန့်ပြူးအောင်ပြုလုပ်ပါ။
၁မီတာပတ်လည် သံဇကာကွက်များကို သွပ်ကြိုး / ဝိုင်ယာကြိုးများဖြင့်ပြုလုပ်ပါ။ သံဇကာကွက်အလယ်တည့်တည့်တွင် ၂၅ စင်တီမီတာ အချင်းရှိသော အပေါက်တစ်ပေါက်ဖောက်ပါ။
သံဇကာကွက်ကို တွင်းထဲသို့ထည့်ပါ။ သွပ်ကြိုး / ဝိုင်ယာကြိုးအဖျားများကို အောက်သို့ ကွေးညွတ်ပါ။ (သို့) ကျောက်စရစ်တုံးလေးများကို အောက်မှခုပါ။ သံဇကာကွက်သည် မြေပြင်မှ ၃စင်တီမီတာအကွာတွင်ရှိပါစေ။
ရေပုံးဟောင်းတစ်ခုကို သံဇကာကွက်အလယ်ရှိအပေါက်တွင်စွပ်ပါ။
ဘိလပ်မြေ၊ သဲကြမ်း၊ ကျောက်စရစ်ခဲလေးများနှင့် ရေတို့ကို အချိုးကျရောစပ်နှယ်၍ တွင်းထဲသို့လောင်းထည့်ပါ။ ၅ စင်တီမီတာအထူအထိ ထည့်ပါ။ (ဘိလပ်မြေ ၁ဂေါ်၊ သဲ ၂ဂေါ် နှင့် ကျောက်စရစ် ၃ဂေါ်ရောစပ်ပါ။)
စလစ်ပြင်မာလာချိန် (ခန့်မှန်းခြေ ၃နာရီခန့်အကြာ)တွင် ရေပုံးကိုဖယ်လိုက်ပါ။ ပြီးနောက် စလစ်ပြင်အား ရေစိုဝတ်၊ သဲ၊ ကောက်ရိုး (သို့) ပလပ်စတစ်စဖြင့်ဖုံးအုပ်ပြီး အခြောက်ခံပါ။ နောက် ၃ရက်ကြာလျှင် စလစ်ပြင်တစ်ချပ်ရပေပြီ။
အကယ်၍ အိမ်သာအသုံးပြုချိန်တွင် ထိုင်ရန်အတွက် ဘိလပ်မြေဖြင့် အထိုင်ခွက်ပြုလုပ်ပါ။ ရေပုံး ၂ခု ထိပ်ဖွင့်၍ ပုံစံခွက် ပြုလုပ်နိုင်ပါသည်။

အလုံပိတ်အိမ်သာ ပြုလုပ်နည်းမှာ မြေပြင်ပေါ်တွင် စက်ဝိုင်းပုံတွင်းနက်တူး၍ စလစ်ပြင်ဖြင့်ဖုံးပါ။ တွင်းကို အချင်း ၁မီတာထက်လျော့ နည်းပြီး ၁ (သို့) ၂ မီတာ အနက်ခန့်တူးပါ။ ပိုမိုအန္တရာယ် ကင်းစေရန်အတွက် နေအိမ်၊ ရေတွင်း၊ ရေကန်၊ စိမ့်စမ်းရေတွင်း၊ မြစ်ချောင်းများနှင့် ၂၀ မီတာ အကွာတွင်တူးပါ။ အကယ်၍ လူအသုံးများသော မြစ်၊ ချောင်းများဖြစ်ပါက ရေစုန်ဘက်တွင်ဖြစ်ပါစေ။

1227

သင်၏အိမ်သာသန့်ရှင်းရေးကိုဂရုပြုပါ။ စလစ်ပြင်ကို မကြာခဏရေဖြင့်ဆေးကြောပါ။ စလစ်ပြင်ရှိအပေါက်ကို အဖုံးလုံအောင်ဖုံးပါ။ သစ်သားဖုံးကို အလွယ်တကူပြုလုပ်နိုင်ပါသည်။

အနံ့ထွက်ပိုက်နှင့် ယင်ထောင်ချောက်ပါသော တွင်းအိမ်သာ

ဤအိမ်သာမျိုးအတွက် ၂မီတာအချင်းရှိသော စလစ်ပြင်လိုအပ်ပါသည်။ စလစ်ပြင်တွင် အပေါက် ၂ပေါက်ပါရမည်။ တစ်ပေါက်တွင် အနံ့ထွက်ပိုက်ကို တပ်ဆင်ရမည်။ အနံ့ထွက်ပိုက်၏အဝကို ယင်လုံဇကာဖြင့်ဖုံးအုပ်ထားရမည်။ အခြားတစ်ပေါက်၏အပေါ်တွင် အိမ်သာအဆောက်အဦးဆောက်ရမည်။ ယင်းအဆောက်အဦးသည် အလင်းရောင်မဝင်နိုင်အောင်ဆောက်လုပ်၍ စလစ်ပြင်ရှိအပေါက်ကို ဖွင့်ထားပါ။

ဤအိမ်သာပုံစံသည် အနံ့နှင့်ယင်များကို ဖယ်ရှားနိုင်ပါသည်။ အနံ့ထွက်ပိုက်မှ အနံ့ထွက်နိုင်ပြီးယင်များကိုလည်း ထိုပိုက်ထဲတွင် ပိတ်မိ၍သေစေနိုင်ပါသည်။

သန်ကောင်များနှင့်အခြားအူတွင်းကပ်ပါးပိုးများ

လူတို့၏အူလမ်းကြောင်းအတွင်းနေထိုင်ပြီးရောဂါဖြစ်စေနိုင်သော သန်ကောင်အမျိုးပေါင်းများစွာနှင့် သေးငယ်သောအူတွင်းကပ်ပါး ပိုးများစွာရှိပါသည်။ ၎င်းတို့အနက်မှ ကြီးမားသောအကောင်များကို လူ့မစင်ထဲတွင်မြင်နိုင်ပါသည်။

1230

လူ့မစင်တွင်အလွယ်တကူတွေ့နိုင်သော သန်ကောင်များမှာသန်လုံးကောင်၊ ပင်အပ်ပုံသန်ကောင်နှင့် သန်ပြားကောင်တို့ဖြစ်သည်။ သံချိတ်ကောင်နှင့် ကြာပွတ်ပုံသန်ကောင်များမှာ အူတွင်း၌ အများအပြားရှိသော်လည်း မစင်တွင်မတွေ့နိုင်ပါ။

သန်ချဆေးများအကြောင်းမှတ်သားဖွယ်ရာ။  ။သန်ချဆေးအများစုတွင် Piperazine ပါဝင်ပါသည်။ ၎င်းသည် သန်လုံးကောင်နှင့်ပင်အပ်ပုံသန်ကောင်များကိုသေစေနိုင် သော်လည်း နို့စို့ကလေးနှင့်ငယ်လွန်းသောကလေးများတွင် မသုံးရပါ။Mebendazole (Vermox) ဆေးသည်ပိုမိုစိတ်ချရပြီး သန်ကောင်အမျိုး ပေါင်းများစွာတွင် သုံးနိုင်သည်။Albendazole နှင့် Pyrantel ဆေးသည် သန်ကောင်အမျိုးပေါင်းများစွာတွင် သုံးနိုင်သော်လည်း စျေးကြီးသည်။ Thiabendazole သည်လည်း သန်ကောင်များကို သေစေနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများရှိသဖြင့် အသုံးပြုရန်မသင့်ပါ။

သန်လုံးကောင် (Ascaris)

၂၀ မှ ၃၀ စင်တီမီတာအထိ ရှည်လျားပြီး ပန်းရောင် (သို့) အဖြူရောင်ရှိသည်။

မည်ကဲ့သို့ကူးစက်နိုင်သနည်း။

မစင်မှပါးစပ်ပေါက်သို့။ သန့်ရှင်းစွာနေထိုင်သည့် ဓလေ့အားနည်းလျှင် သန်လုံးကောင်၏ဥများသည် မစင်မှအခြားလူတစ်ဦး၏ ပါးစပ် ပေါက်တွင်းသို့ ဝင်ရောက်ကူးစက်စေပါသည်။

ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု

သန်ဥများကို မျိုချမိလျှင် ဥမှအကောင်ငယ်များပေါက်ဖွားပြီး သွေးကြောများအတွင်းသို့ဝင်ရောက်ရာ တစ်ကိုယ်လုံးကိုယားယံမှုဖြစ် စေသည်။ အကောင်ငယ်များသည် အဆုတ်အတွင်းသို့ဝင်ရောက်လျှင် တစ်ခါတစ်ရံ ချောင်းချောက်ဆိုးစေပါသည်။ ဒီထက်ဆိုးလျှင် အဆုတ် ရောင်နမိုးနီးယားဖြစ်၍ ချောင်းဆိုးသွေးပါနိုင်ပါသည်။ သန်ကောင်ငယ်များကို ချောင်းဆိုးရာမှထွက်လာပြီး၊ မျိုချမိရာ၍အူတွင်းသို့ရောက်ရှိကာ သန်ကောင်ကြီးများ ဖြစ်လာပါသည်။

သန်ကောင်များအူတွင်းတွင် များပြားလာလျှင် မအီမသာဖြစ်ခြင်း၊ အစာမကြေခြင်းနှင့် အားနည်းခြင်းတို့ဖြစ်စေပါသည်။ သန်ကောင်ရှိသော ကလေးများသည် ဗိုက်ပူနံကားလေးများဖြစ်စေပါသည်။ သန်လုံးကောင်များသည် ရှားရှားပါးပါး ရင်ကြပ်ပန်းနာ (သို့) အန္တရာယ်ရှိသော အူတွင်းပိတ်ဆို့မှုများ ဖြစ်စေနိုင်ပါသည်။ (စာ ၉၄တွင်ကြည့်) အထူးသဖြင့် ကလေးငယ်ဖျားနာလာလျှင် သန်ကောင်များ မစင်တွင်းပါလာခြင်း၊ ပါးစပ်၊ နှာခေါင်းများအတွင်းမှ တွားသွားထွက်လာခြင်းများ ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် လေပြွန်အတွင်းသို့တွားသွားဝင်ရောက် ခြင်းဖြင့် အသက်ရှုကြပ် သေစေနိုင်ပါသည်။

ကာကွယ်ခြင်း

  • အိမ်သာကိုအသုံးပြုပါ။
  • အစာမစားမီနှင့် အစားအသောက်များမကိုင်တွယ်မီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ။
  • အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ပါ။
  • သန့်ရှင်းစွာ နေထိုင်သည့် ဓလေ့ကိုကျင့်သုံးပါ။ (ဖော်ပြပြီး)

ကုသခြင်း

Mebendazole သည် သန်လုံးကောင်များကိုသေစေနိုင်ပါသည်။ piperazine ကိုလည်း သုံးနိုင်သည်။ တစ်ခါတစ်ရံ အိမ်သုံးဆေး / ဆေးမြီးတိုများလည်း သုံးနိုင်သည်။ ဥပမာ သင်္ဘောသီး

အထူးသတိပြုရန် သန်လုံးကောင်အတွက် Thiabendazole ကို မသုံးရ။ ၎င်းသည် သန်ကောင်ကိုအပေါ်သို့တွားသွားစေနိုင်ပြီး နှာခေါင်း၊ ပါးစပ်ပေါက်တို့မှ ထွက်ကာ အသက်ရှုကြပ် သေဆုံးစေနိုင်ပါသည်။

ပင်အပ်ပုံသန်ကောင်၊ အပ်ချည်မျှင်ပုံသန်ကောင် (Enterobious)

၁ စင်တီမီတာခန့်ရှည်သည်။ အဖြူရောင်ရှိသည်။ အလွန်သေးငယ်ပြီး အပ်ချည်မျှင်နှင့်တူသည်။

မည်သို့ကူးစက်နိုင်သနည်း

ဤသန်ကောင်များသည် လူ၏စအိုဝအပြင်ဖက်တွင် ထောင်နှင့်ချီသောဥများကို ဥပါသည်။ (ဖင်ဝ / စအိုဝ) ထို့ကြောင့် အထူးသဖြင့် ညဖက်တွင် စအိုဝယားယံမှုကို ဖြစ်စေပါသည်။ ကလေးငယ်က ဖင်ဝ/ စအိုဝကို ကုတ်ခြစ်သောအခါ ကလေးငယ်၏လက်သည်းကြားသို့သန်ဥ များကပ်ပါကာ အစားအစာနှင့် ကိုင်တွယ်သောအရာဝတ်ထုများဆီသို့ သန်ဥရောက်ရှိပါသည်။ ဤနည်းအားဖြင့် သန်ဥများသည် ကလေးငယ်၏ ပါးစပ်တွင်းသို့၎င်း၊ အခြားသူ၏ပါးစပ်တွင်းသို့၎င်း ရောက်ရှိကာ ပင်အပ်ပုံသန်ကောင်ကို ကူးစက်စေပါသည်။

ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု

ဤသန်ကောင်များသည် အသက်အန္တရာယ်ဖြစ်လောက်အောင်မဆိုးပါ။ သို့သော် ယားယံမှုဖြစ်စေသဖြင့် ကလေးငယ်၏အိပ်စက်မှု ကို ဒုက္ခပေး၏။

ကာကွယ်ခြင်းနှင့်ကုသခြင်း

  • ပင်အပ်ပုံသန်ကောင်ကူးစက်ထားသောကလေးငယ်အား ညအိပ်ယာဝင်ချိန်တွင် သေးစိုခံ (သို့) ဘောင်းဘီတိုကျပ်ကျပ်ဝတ်ဆင်ပေးခြင်းဖြင့် ဖင်ဝ / စအိုဝ အားကုတ်ခြင်းမှ ကာကွယ်ပါ။
  • ကလေးငယ် အိပ်ယာ အထနှင့် ဝမ်းသွားပြီးတိုင်း လက်နှင့် ဖင်ဝ / စအိုဝကို ရေဖြင့် ပြောင်စင်အောင် ဆေးပေးပါ။ အစာမစားမီ လက်ကို စင်ကြယ်စွာ ဆေးပေးပါ။
  • လက်သည်း ခြေသည်း တိုတိုလှီးဖြတ်ပါ။
  • ကလေးငယ်ကို ရေချိုးပေးပါ။ အဝတ်အစားမကြာခဏလဲပါ။ တင်ပါး/ဖင်ဝနှင့်လက်ကို အထူးဆေးကြောပေးပါ။
  • Vaseline ကို စအိုတွင်းနှင့်စအိုဝပတ်လည်သုတ်လိမ်းပေးခြင်းဖြင့် ယားယံမှုကိုဖြေဖျောက်ပေးပါ။
  • Mebendazole ဆေးပေးပါ။ Piperazine ပေးပါကလည်းရပါသည်။ သို့သော် နို့စို့ ကလေးငယ်များတွင် မသုံးရ။ ကလေးငယ်အား သန်ချပေးသည်နှင့် တစ်ပြိုင်နက် တစ်အိမ်သားလုံးလည်း သန်ချဆေးသောက်ရမည်။ အိမ်သုံးဆေးအနေဖြင့် ကြက်သွန်ဖြူကို သုံးနိုင်သည်။
  • သန့်ရှင်းစွာနေထိုင်သည့်ဓလေ့သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်။ သန်ချဆေး တိုက်ပြီးသော်လည်း တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိပါက သန်ကောင်များပြန်လည် ကူးစက်နိုင်ပါသေးသည်။ ပင်အပ်ပုံသန်ကောင်သည် ၆ပတ်ခန့် အသက်ရှင်နိုင်သည်။ သန့်ရှင်းစွာ နေထိုင်သည့် ဓလေ့အတိုင်း နေထိုင်သွားပါက သန်ကောင်များအန္တရာယ်မှ ကင်းဝေးစေနိုင်ပြီး ဆေးအသုံးမပြုပဲနှင့် ကင်းရှင်းနိုင်ပါသည်။

ကြာပွတ်ပုံသန်ကောင် (Trichuris , Trichocephalus)

၃ မှ ၅ စင်တီမီတာရှည်ပြီး ပန်းရောင် (သို့) မီးခိုးရောင်ရှိသည်။

ဤသန်ကောင်သည် သန်လုံးကောင်ကဲ့သို့ပင်လူတစ်ဦး၏ မစင်မှ အခြားလူတစ်ဦး၏ ပါးစပ်ပေါက်ဆီသို့ ဝင်ရောက် ကူးစက်စေသည်။ ဤသန်ကောင်သည် ကလေးငယ်အား အနည်းငယ်ဒုက္ခပေးနိုင်ပြီး ဝမ်းပျက်၊ ဝမ်းလျောကိုဖြစ်စေသည်။ တစ်ခါတစ်ရံ ကလေးငယ်အား စအိုကျွံသည် အထိ ဒုက္ခပေးနိုင်သည်။

ကာကွယ်နည်း သန်လုံးကောင်အတိုင်း။

ကုသနည်း ဤသန်ကောင်မှ ဒုက္ခပေးလျှင် Mebendazole ပေးပါ။ စအိုကျွံဖြစ်ပါက ကလေးငယ်အား ဇောက်ထိုးကိုင်ထားပြီး စအိုဝအား ရေအေးဖြင့် လောင်းချပေးခြင်းဖြင့် ပြန်ဝင်နိုင်ပါသည်။

သံချိတ်ကောင် Hookworm

1234

၁ စင်တီမီတာရှည်ပြီး အနီရောင်ရှိသည်။

သံချိတ်ကောင်ကို မစင်တွင် လွယ်ကူစွာ မတွေ့နိုင်ပါ။ မစင်ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့်သာ သက်သေပြနိုင်ပါသည်။

မည်ကဲ့သို့ကူးစက်နိုင်သနည်း

1234

သံချိတ်ကောင်များသည် ကလေးငယ်များကို ရောဂါဖြစ်စေနိုင်သော ကပ်ပါးကောင်ဖြစ်သည်။ သွေးအားနည်း၍ ဖြူဖတ်ဖြူရော်ဖြစ်နေသော ကလေး (သို့) အစားအသောက် ညစ်ပတ်သော ကလေးများဖြစ်စေသည်။ ဖြစ်နိုင်လျှင် ကလေးငယ်၏ မစင်ကို ဓါတ်ခွဲစစ်ဆေးပါ။

ကုသနည်း ။  ။ Mebendazole ၊ Albendazole (သို့) Pyrantel ကိုသုံးနိုင်သည်။ သွေးအားနည်းခြင်းကို သံဓါတ်ကြွယ်ဝသောအစားအစာကိုကျွေးပါ။ လိုအပ်လျှင်သံဓါတ်အားဆေးတိုက်ပါ။ စာ၁၂၄

ချိတ်ကောက်ပုံ သန်ကောင်အား ကာကွယ်ပါ။ အိမ်သာဆောက်လုပ်သုံးစွဲပါ။ ကလေးငယ်များ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းမပြုရပါ။

သန်ပြားကောင်

သန်ပြားကောင်သည် အူအတွင်းတွင် မီတာများစွာ ရှည်လျားနိုင်ပါသည်။ သို့သော် မစင်တွင်းတွင် ၁စင်တီမီတာခန့်ရှိ၊ သေးငယ်သော၊ ပြားသော၊ ဖြူသော အပိုင်းအစများ(အဆစ်များ) အနေဖြင့်သာ တွေ့ရလေ့ရှိသည်။တစ်ခါတစ်ရံ အဆစ်ကလေးများသည် တွားသွားထွက်လာနိုင်ပြီး အတွင်းခံများတွင် ကပ်ညှိနေနိုင်သည်။

လူတို့သည် ကောင်းမွန်စွာ ချက်ပြုတ်မထားသော (သို့) မကျက်တကျက်ဖြစ်သော ဝက်သား၊ အမဲသား၊ အခြားအသားနှင့် ငါးများကို စားသောက်မိခြင်းဖြင့် သန်ပြားကောင် ကူးစက်နိုင်ပါသည်။

ကာကွယ်နည်း ။ ။ အသား၊ ငါး (အထူးသဖြင့် ဝက်သား) များကို ကောင်းမွန်စွာ ကျက်အောင်ချက်ပြုတ်စားပါ။ အသား(သို့) ငါးများ၏ အတွင်းသားများ အထိ ကောင်းမွန်စွာကျက်ပါစေ။

1236

ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု

အူအတွင်းရှိသန်ပြားကောင်သည် တစ်ခါတစ်ရံမပြင်းထန်သောဗိုက်နာခြင်းသာ ဖြစ်စေသော်လည်း အခြားပြဿနာများလည်း ရှိပေသည်။

အကယ်၍ အရည်အိတ်များ(သန်ပြားကောင်ငယ်လေးများပါဝင်သောသေးငယ်သောအိတ်) လူ့ဦးနှောက်အတွင်းသို့ဝင်ရောက်လျှင် အပြင်းထန်ဆုံးအန္တရာယ် ဖြစ်စေနိုင်သည်။ ဤအခြေအနေမျိုးမှာ လူသည် သူ၏မစင်တွင်းမှ သန်ဥများကို ပြန်လည် စားသောက်မိချိန်တွင် ဖြစ်တတ်သည်။ ထို့ကြောင့် သန်ပြားကောင်ရှိသော မည်သူမဆို သန့်ရှင်းစွာနေထိုင်သည့်ဓလေ့ကို သေချာစွာလိုက်နာကျင့်သုံးရမည်။ ချက်ချင်း ဆေးကုသမှုခံယူရမည်။

ကုသနည်း ။ ။ Niclosamide (Yomesan) (သို့) praziquantel ဆေးကိုသောက်ပါ။ ဆေးညွှန်းကို သေချာစွာ လိုက်နာပါ။

ထရိုင်စီနိုးစစ် (Trichinosis)

ဤသန်ကောင်သည် လူ့မစင်တွင်းတွင် လုံးဝမတွေ့ရပါ။ ဤအကောင်များသည် လူ၏အူနံရံတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ကြွက်သားများ အတွင်းသို့ဝင်ရောက်နေထိုင်၏။ ဤသန်ကောင်သည်လည်း သန်ပြားကောင်များကူးစက်သကဲ့သို့ မကျက်တကျက်ချက်ပြုတ်ထားသော ဝက်သားနှင့်အခြားအသားများကို စားမိခြင်းဖြင့် ကူးစက်သည်။


ကျန်းမာရေးအရေးပေါ်အကျိုးသက်ရောက်မှု။  ။ ဤသန်ကောင်ပါဝင်သောအသားကို စားမိသည့်အပေါ်မူတည်၍လုံးဝမနာမကျင်သလို ဖျားနာ၍ သေစေနိုင်သည်အထိလည်း ဖြစ်နိုင်သည်။ ရောဂါရှိသော ဝက်သားကိုစားမိပြီး နာရီအနည်းငယ်မှ ၅ရက်အတွင်း စားမိသော သူမှာ ဝမ်းပျက်၊ ဝမ်းလျောဖြစ်၍ ဗိုက်နာစေပါသည်။

အဆိုးဆုံးအခြေအနေမှာ

  • ချမ်းတုန်အဖျားတက်ခြင်း။
  • ကြွက်သားများနာကျင်ကိုက်ခဲခြင်း။
  • မျက်စိတစ်ဝိုက်ရောင်ရမ်းခြင်းနှင့်တစ်ခါတစ်ရံခြေထောက်များရောင်ရမ်းခြင်း။
  • သေးငယ်သောသွေးခြေဥများ (အနက် (သို့) အပြာ)များ အရေပြားပေါ် ထွက်စေခြင်း။
  • မျက်ဖြူသားပေါ်သွေးယိုစီးခြင်း။

၃ပတ် မှ ၄ပတ်အထိ ဆိုးရွားစွာ ခံစားရတတ်သည်။

ကုသနည်း ။  ။ ချက်ချင်းကုသမှုခံယူရမည်။ Albendazole သို့ Mebendazole ကိုသုံးပါ။ (လိုအပ်လျှင် ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းများမှ အသက်ကယ်ဆေးကိုသုံးပါမည်။)

အထူးအရေးကြီးသောအချက်မှာ အကယ်၍လူအများသည် ဤသန်ကောင်ရောဂါဖြစ်နေသော ဝက်သားကိုစားမိသည်ဆိုလျှင် အန္တရာယ် အလွန်ကြီးပေသည်။ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ပါသည်။

ကာကွယ်နည်း

  • ကောင်းမွန်စွာ/ကျက်အောင်ချက်ပြုတ်ထားသော ဝက်သားနှင့်အခြားအသားများကိုသာစားပါ။
  • အသားဆိုင်များမှ အရိုး အရွတ်များနှင့်အသားကျန်များကို မချက်ပြုတ်ပဲနှင့်ဝက်များကို မကျွေးပါနှင့်။

အမီးဘား(Amebas)

ဤအကောင်မှာသန်ကောင်မဟုတ်ပါ။ ၎င်းသည်သေးငယ်၍အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သောကပ်ပါးပိုးဖြစ်သည်။

ကူးစက်နည်း

ရောဂါဖြစ်နေသောလူ၏မစင်တွင် ဤသေးငယ်သောကပ်ပါးပိုးများ သန်းနှင့်ချီ၍ပါဝင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်အောင်နေသည့် ဓလေ့အားနည်းလျှင် ဤပိုးများသည် အစားအစာနှင့်သောက်ရေများအတွင်းသို့ဝင်ရောက်၍ လူအများကိုကူးစက်စေနိုင်သည်။

ရောဂါလက္ခဏာများ

ကျန်းမာသောလူအများသည် အမီးဘားရောဂါပိုး ဝင်ရောက်သော်လည်း ချက်ချင်း ဖျားနာနေမကောင်းခြင်းမဖြစ်ပါ။ သို့သော် အမီးဘားပိုးသည် ပြင်းထန်စွာဝမ်းပျက်၊ ဝမ်းလျောခြင်း (သို့) ဝမ်းကိုက်ခြင်း (သွေးဝမ်းသွားခြင်း)ကို ဖြစ်စေသည်။ အထူးသဖြင့် အခြားရောဂါဖြင့် ဖျားနေသောလူများ (သို့) အာဟာရချို့တဲ့သူများတွင် ပို၍ဖြစ်စေသည်။ ရှားရှားပါးပါး အမီးဘားရောဂါသည် နာကျင်ခြင်းနှင့် အသည်းတွင် ပြည်တည်နာ ဖြစ်စေသည်။

အဓိကလက္ခဏာများမှာ

  1. ဝမ်းလျောလိုက်ရပ်လိုက် ၊ တစ်ခါတစ်ရံဝမ်းချုပ်ခြင်း။
  2. ဝမ်းဗိုက်ရစ်၍နာကျင်ခြင်း၊ မကြာခဏဝမ်းသွားချင်ခြင်းဖြစ်သည်။ ဝမ်းသွားသော်လည်း အနည်းငယ် (သို့) လုံးဝဝမ်းမထွက်ခြင်း (သို့) ချွဲများ သွားခြင်းဖြစ်သည်။
  3. ဝမ်းလျောခြင်း(သို့သော် အရည်ဝမ်းမျိုးမဟုတ်)ပဲ ချွဲဝမ်းများသွားခြင်း၊ တစ်ခါတစ်ရံသွေးပါခြင်း။
  4. အဆိုးဆုံးအခြေအနေမှာ သွေးများစွာပါဝင်ပြီး လူမှာဖျားနာ၍အားနည်းသွားသည်။
  5. အကယ်၍ အဖျားတက်လာလျှင် ဘက်တီးရီးယားရောဂါပိုးကြောင့်လည်း ဖြစ်နိုင်သည်။ အမီးဘားကြောင့်သော်၎င်း၊ ဘက်တီးရီးယား ကြောင့်သော်၎င်းသွေးဝမ်းသွားခြင်းဖြစ်နိုင်ပါသည်။သို့သော်ဘက်တီးရီးယားကြောင့်ဝမ်းသွားခြင်း(Shigella)သည် ရုတ်တရက် ချက်ချင်းထဖြစ်တတ်သည်။ ဝမ်းမှာအရည်ပိုများပြီး အဖျားအမြဲတက်နေသည်။ အထွေထွေစည်းမျဉ်းမှာ

ဝမ်းပျက်ဝမ်းလျော + သွေးပါ + အဖျားရှိ = ဘက်တီးရီးယားပိုး (Shigella) ကြောင့်ဖြစ်။
ဝမ်းပျက်ဝမ်းလျော + သွေးပါ + အဖျားမရှိ = အမီးဘား။

ရံဖန်ရံခါ သွေးဝမ်းသွားစေသော အခြားအကြောင်းများလည်းရှိသေးသည်။ ထို့ကြောင့် သေချာစေရန် ဝမ်းကိုဓါတ်ခွဲစမ်းသပ်ခြင်း လိုအပ်ပါသည်။

တစ်ခါတစ်ရံ အမီးဘားပိုးသည် အသည်းအတွင်းသို့ဝင်ရောက်၍ ပြည်တည်နာဖြစ်စေပါသည်။ ထိုသို့ဖြစ်လျှင် ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းသည် နာကျင်ကိုက်ခဲခြင်းဖြစ်မည်။နာကျင်ခြင်းသည် ညာဘက်ရင်အုံပေါ်သို့ပျံ့သွားပြီးလမ်းလျှောက်လျှင်ပိုဆိုးစေပါသည်။ (သည်းခြေအိတ် နာကျင်ခြင်းနှင့်ယှဉ်ကြည့်ပါ။ အကယ်၍ ဤရောဂါ လက္ခဏာရှိသော လူနာသည် အညိုရောင်အရည်များချောင်းဆိုး၍အန်ထွက်လျှင် အမီးဘားပြည်တည်နာသည် အဆုတ်တွင်းသို့ပေါက်ရောက်ပြီဖြစ်ကြောင်း သိနိုင်သည်။

ကုသခြင်း

  • ဖြစ်နိုင်လျှင် ကျန်းမာရေးဌာနတွင်ပြသပါ။ ဝမ်းကို ဓါတ်ခွဲစစ်ဆေးပါ။
  • အမီးဘားဝမ်းကိုက်ပိုးကို Metronidazole ဖြင့်ကုနိုင်သည်။ ဖြစ်နိုင်လျှင် Diloxanide furoate ဆက်တိုက်ပါ။ ဆေးချိန် အချိန်မည်မျှကြာကြာ တိုက်မည်နှင့် သတိပြုရန်များကို သိရမည်။
  • အမီးဘားပြည်တည်နာဖြစ်လျှင် အမီးဘားဝမ်းကိုက်ကုသလို ကုပါ။ Metronidazole နှင့် Diloxanide furoate သေချာစွာပါဝင်ပါစေ။

ကာကွယ်နည်း

အိမ်သာဆောက်လုပ်အသုံးပြုပါ။ သောက်ရေများကို ရောဂါမဝင်ရောက်ရန်ကာကွယ်ပါ။ သန့်ရှင်းစွာနေထိုင်သည့်ဓလေ့ကို ကျင့်သုံးပါ။ ကောင်းမွန်စွာ ချက်ပြုတ်စားသောက်၍ အရက်သေစာ သောက်စားခြင်းကို ဆင်ခြင်ပါ။

Giardia (ကိုင်ရာဒီယာ)

Giardia အကောင်သည် အမီးဘားနှင့်ဆင်တူသော၊ အနုကြည့်မှန်ပြောင်းနှင့်သာမြင်နိုင်သောအူတွင်းကပ်ပါးပိုးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဝမ်းပျက် ဝမ်းလျောရောဂါကိုဖြစ်စေနိုင်သည်။ အထူးသဖြင့် ကလေးငယ်များတွင်အဖြစ်များသည်။ ဝမ်းပျက် ဝမ်းလျောမှာနာတာရှည် (သို့) မကြာခဏဖြစ်တတ်သည်။ (ဖြစ်လိုက်ပျက်လိုက်)

လူတစ်ယောက်သည် အဝါရောင်နှင့်အနံ့ဆိုးသောဝမ်း (အမြှုပ်ပါ) သွားသော်လည်း သွေးနှင့်အကျိအချွဲများမပါ ပါက Giardia ဝမ်းဖြစ်နိုင်ပါသည်။

ဝမ်းဗိုက်မှာလေနှင့် ပွကာတင်းကားနေပြီး နေရထိုင်ရခက်နေခြင်း၊ ဝမ်းဗိုက်အလည်တည့်တည့်ရစ်နာခြင်းနှင့် လေချဉ်တက် လေလည်များလျှင် ဤရောဂါဖြစ်နိုင်သည်။ လေချဉ်တက်ရာ ဆိုးရွားသော အရသာရှိခြင်းနှင့် ကန့်စော် နံတတ်သည်။ သို့သော် အဖျားမရှိတတ်ပေ။

Giardia ရောဂါသည် တစ်ခါတစ်ရံ သူ့အလိုအလျောက် ပျောက်ကင်းပါသည်။ အာဟာရပြည့်ဝစွာစားသုံးရမည်။ ဆိုးဝါးလာလျှင် Metronidazole သုံးပါ။ Puinacrine (Atabrine)မှာ စျေးသက်သာပြီးပျောက်ကင်းစေသော်လည်း ဘေးထွက််ဆိုးကျိုးရှိပါသည်။

သွေးကပ်ပါးပိုး (Schistosomiasis, Bilharzia)

ဤရောဂါသည်လည်း သန်ကောင်တစ်မျိုးကြောင့်ဖြစ်ပြီး သွေးလည်ပတ်မှုစနစ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်သည်။ ကမ္ဘာအနှံ့တွင် မျိုးမတ ူကွဲပြားခြားနားသော သွေးကပ်ပါးပိုးများစွာရှိသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတွင် အဖြစ်များသော သွေးကပ်ပါးပိုးမှာ ဆီးအတွင်း သွေးပါခြင်းကို ဖြစ်စေသည်။ အာဖရိက၊ တောင်အမေရိကနှင့်အာရှတို့တွင် သွေးဝမ်းသွားစေသော ကပ်ပါးပိုး အမျိုးအစား ဖြစ်သည်။ ဤရောဂါများသော ဒေသတို့တွင် နေထိုင်သူများသည် ဆီးတွင်းသွေးပါခြင်း၊ သွေးဝမ်းသွားခြင်းတို့ ဖြစ်ပါက သွေးကပ်ပါး ပိုးဥ ရှိ မရှိ ဓါတ်ခွဲစမ်းသပ်သင့်သည်။

ရောဂါလက္ခဏာများ

  • အထင်ရှားဆုံးရောဂါလက္ခဏာမှာ ဆီးတွင်းသွေးပါခြင်းဖြစ်သည်။(အထူးသဖြင့်ဆီးသွားပြီး နောက်ဆုံးသွေးစက်ထွက်ခြင်း) သို့မဟုတ် အခြားသွေးကပ်ပါးပိုး (သွေးဝမ်းသွားခြင်း)။
  • ဆီးစပ်နှင့်ပေါင်ကြားတို့တွင် နာကျင်ကိုက်ခဲခြင်း။ အထူးသဖြင့် ဆီးသွားပြီးလျှင်ပြီးချင်း ပို၍နာကျင်စေသည်။ အဖျားအနည်းငယ်ရှိခြင်း၊ အားနည်းခြင်းနှင့် ယားယံခြင်းတို့ကိုဖြစ်စေသည်။ အမျိုးသမီးများတွင် အပူလောင်ခြင်းကဲ့သို့ဖြစ်စေပြီး လိင်ကြောင့်ကူးစက်သောရောဂါနှင့် ဆင်တူပါသည်။
  • လနှင့်နှစ်နှင့်ချီ၍ ကြာလာပါက ကျောက်ကပ်၊ အသည်းနှင့်ဘေလုံးတို့ကို ကြီးမားလာစေ၍ပျက်စီးစေနိုင်သည်။ နာကျင်မှုသာမက သေစေနိုင်သည်။
  • တစ်ခါတစ်ရံ ရောဂါလက္ခဏာမပြပဲလည်း ဖြစ်နိုင်သည်။ ဤရောဂါအဖြစ်များသောဒေသတွင်နေထိုင်ပါက ရောဂါလက္ခဏာဆင်တူ၍ ဆီးစပ်ကိုက်ခဲလျှင် ဓါတ်ခွဲစမ်းသပ်သင့်သည်။

ကုသခြင်း

ကျန်းမာရေးဝန်ထမ်းများနှင့်ပြသပါ။ Praziquantel သည် သွေးကပ်ပါးပိုးမျိုးစုံတွင်သုံးနိုင်သည်။ Metrifonate နှင့် Oxamniquine သည် အချို့ သွေးကပ်ပါးပိုးများတွင် သုံးနိုင်သည်။

ကာကွယ်နည်း

သွေးကပ်ပါးပိုးသည် လူတစ်ဦးဆီမှ အခြားတစ်ဦးဆီသို့ တိုက်ရိုက်မကူးစက်နိုင်ပေ။ ၎င်းတို့ဘဝ ဖြစ်စဉ် အစိတ်အပိုင်းတစ်ခုမှာ ရေတွင်နေထိုင်သော ခရုငယ်လေးများတွင်းသို့ ဝင်ရောက်ခြင်းဖြင့်ကူးစက်စေသည်။

1240

Schistosomiasis ကို ကာကွယ်ရာတွင် ခရုငယ်လေးများအား သတ်ဖြတ်ခြင်းနှင့် ရောဂါရှိသူအား ကုသခြင်းပင်ဖြစ်သည်။ သို့သော်အရေးကြီးဆုံးမှာ လူတိုင်းလူတိုင်း အိမ်သာဆောက်လုပ်အသုံးပြုသင့်ပြီး ရေအတွင်း (သို့) ရေနှင့်အနီးတွင် ဆီး/ကျင်ငယ် နှင့် ဝမ်း/ကျင်ကြီးမစွန့်သင့်ပါ။

ကာကွယ်ဆေးထိုးခြင်း

ကာကွယ်ဆေးထိုးခြင်း (ကာကွယ်ဆေးထိုး၍ရောဂါကာကွယ်ခြင်း) သည် အရိုးရှင်းဆုံး၊ အသေချာဆုံး ရောဂါကာကွယ်ခြင်း ဖြစ်သည်။ အသက်အန္တရာယ်ရှိသော ရောဂါအတော်များများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ နိုင်ငံတိုင်းတွင် မိမိနိုင်ငံနှင့် ကိုက်ညီသော ကာကွယ်ဆေးထိုးခြင်းစီမံချက်များရှိပြီး အခမဲ့ကာကွယ်ဆေးထိုးပေးခြင်းမျိုးဖြစ်ပါသည်။ ကလေးငယ်များ နာမကျန်းဖြစ်မှ၊ သေဆုံးခါနီးမှ ကုသမှုပေးရန် အတွက် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသခြင်းထက် ကလေးငယ်များ နေကောင်း ကျန်းမာနေစဉ် တွင် ကာကွယ်ဆေးထိုးပေးရန်သွားရောက်ခြင်းက ပိုမိုကောင်းမွန်ပေသည်။ အထူးအရေးကြီးဆုံးသော ကာကွယ်ဆေးများမှာ

  1. DPT ခေါ် ဆုံဆို့နာ၊ ကြက်ညှာ နှင့် မေးခိုင်ကာကွယ်ဆေး။ ကလေးငယ်ကိုကာကွယ်ဆေး လေး ငါးကြိမ်မျှ ထိုးနှံပေးရမည်ဖြစ်ပြီး ကလေး ၂လ၊ ၄လ၊ ၆လနှင့် ၁၈လအရွယ်များတွင် ထိုးပေးရပါမည်။ တစ်ခါတစ်ရံ ၄နှစ် နှင့် ၆နှစ်ကြားအရွယ်တွင် တစ်ကြိမ်ပိုထိုးပေးရပါမည်။
  2. ပိုလီယို (သူငယ်နာအကြောသေ)ကာကွယ်ဆေး။ ကလေးငယ်၏ပါးစပ်အတွင်းသို့ အစက်ချကာကွယ်ဆေး ၄ကြိမ် ၅ကြိမ် တိုက်ကျွေးရမည်။ အချို့တိုင်းပြည်များတွင် ကလေးမွေးပြီး ပြီးချင်း ပထမအကြိမ် ကာကွယ်ဆေးတိုက်ပြီး ကျန် ၃ကြိမ်အား DPT ကာကွယ်ဆေးထိုးချိန်နှင့်ကိုက်၍ တိုက်ကျွေးပေးသည်။ အချို့ နိုင်ငံများတွင်မူ ပထမ ၃ကြိမ်အား DLIT ကာကွယ်ဆေးထိုးခြင်းနှင့် တစ်ပြိုင်နက်ပြုလုပ်ပြီး ၄ကြိမ်မြောက်ကို ကလေး ၁၂လ နှင့် ၁၈လ ကြားတွင် တိုက်ကျွေးသည်။၅ကြိမ်မြောက်ကို ကလေး ၄နှစ်အရွယ်တွင် တိုက်ကျွေးသည်။ မိသားစုဝင်တစ်ဦးဦးတွင် H.I.V ရောဂါရှိပါက အစက်ချမတိုက်ကျွေးပဲ ထိုးဆေးကို အသုံးပြုရမည်။
  3. BCG (ခေါ်) တီဘီရောဂါကာကွယ်ဆေး။ ဝဲဘက်လက်မောင်းရင်း အရေပြားအောက်သို့ တစ်ကြိမ်သာကာကွယ်ဆေးထိုးရန်လိုသည်။ ကလေးငယ်များကို မွေးကင်းစမှစ၍ အချိန်မရွေးကာကွယ်ဆေးထိုးပေးနိုင်သည်။ မိသားစုဝင်တစ်ဦးဦးတွင် တီဘီရောဂါဖြစ်နေပါက ကလေးငယ်မွေးပြီး ပထမအပတ်အတွင်းမှစ၍ တစ်လအတွင်း ထိုးပေးနိုင်ရန် အရေးကြီးပါသည်။ ကာကွယ်ဆေးသည် ထိုးသည့်နေရာတွင် အနာယင်းစေပြီး အမာရွတ်ကျန်ရပါမည်။
  4. ဝက်သက်ရောဂါကာကွယ်ဆေး။ ကလေးအသက် ၉လ ပြည့်ပြီးမှ ကာကွယ်ဆေးတစ်ကြိမ်ထိုးပေးရန်လိုအပ်ပြီး ၁၅လ ပြည့်ပြီးလျှင် ဒုတိယအကြိမ်ထိုးပေးရပါမည်။ နိုင်ငံအတော်များများတွင် MMြှ ခေါ် ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ ၃မျိုးပေါင်းကာကွယ်ဆေးကိုသုံးပါသည်။ ပထမအကြိမ်ကို ၁၂လ နှင့် ၁၅လ အတွင်းထိုးပေးပြီး ဒုတိယအကြိမ်ကို ၄နှစ် မှ ၆နှစ်အတွင်းထိုးပါသည်။ H.I.V ရောဂါရှိသော ကလေးငယ်တွင် ဝက်သက် ကာကွယ်ဆေးမထိုးပါ။
  5. အသည်းရောင်အသားဝါဘီကာကွယ်ဆေး Hep B (Hepatitis B) ဤကာကွယ်ဆေးကို ၃ကြိမ်ဆက်တိုက်ထိုးရမည်။ DLIT နှင့် တစ်ပြိုင်နက်တည်း ထိုးနိုင်သည်။ အချို့နိုင်ငံများတွင် ဤကာကွယ် ဆေးကို မွေးမွေးချင်းတစ်ကြိမ်၊ ၂လအရွယ်တွင် ဒုတိယအကြိမ်နှင့် ၆လအရွယ်တွင် တတိယအကြိမ်ထိုးသည်။ သေချာရန်မှာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်မှာ အနည်းဆုံး ၄ပတ်ခြားရမည်ဖြစ်ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်မှာ ၈ပတ်ခြားရပါမည်။
  6. ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး(Hib Haemophilus influenza type b) ဦးနှောက်အမြှေးရောင်ပိုး Haemolihilus influenza အမျိုးအစား B သည် ကလေးငယ်များတွင် ဦးနှောက်အမြှေးရောင်နှင့် နမိုးနီးယား (အဆုတ်ရောင်) ရောဂါကို ဖြစ်စေသော ပိုးဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဤကာကွယ်ဆေးကို ၃ကြိမ်ဆက်တိုက် DLIT ကာကွယ်ဆေးထိုးချိန်နှင့် တစ်ပြိုင်တည်း ထိုးနိုင်သည်။
  7. မေးခိုင်ရောဂကာကွယ်ဆေး Td or TT (Tetanus toxoid) လူကြီး နှင့် ၁၂နှစ်အထက် ကလေးများကိုလည်း မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်သည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် မေးခိုင်ကာကွယ်ဆေးကို ၁၀ နှစ်တစ်ကြိမ်ထိုးနှံရန် ပြြာန်းထားသည်။ အချို့နိုင်ငံများတွင် မေးခိုင်ကာကွယ်ဆေးကို ၉နှစ် နှင့် ၁၁နှစ်အရွယ်တွင် (DPTကာကွယ်ဆေးထိုးပြီး ၅နှစ်ကျော်) နှင့် ၁၀ နှစ် တစ်ကြိမ်ထိုးစေပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန် ကာကွယ်ဆေးထိုးထားပါက ၎င်းမွေးလာမည့်ကလေးတွင် မေးခိုင်ရောဂါကာကွယ်နိုင်ပါသည်။
  8. ရိုတာဗိုင်းရပ်စ် (Rota virus)။ ပါးစပ်တွင်း ၂ကြိမ် ၃ကြိမ် အစက်ချတိုက်ရမည်။ ကလေးအသက် ၂လ၊ ၄လ နှင့် (လိုအပ်လျှင်) ၆လအရွယ်တို့တွင် တိုက်နိုင်သည်။ ၎င်းသည် ဝမ်းပျက်၊ ဝမ်းလျော ရောဂါဖြစ်စေသောရောဂါကို ကာကွယ်ပေးသည်။ ဝမ်းပျက်၊ ဝမ်းလျောရောဂါသည် ကလေးငယ်များ အသေအပျောက် အများဆုံးရောဂါတစ်ခုဖြစ်သည်။ ဝက်သက်၊ ပိုလီယိုနှင့်တီဘီရောဂါကာကွယ်ဆေးများကို အလွန်အေးသောအခြေအနေ(၈ဒီဂရီစင်တီဂရိတ်)နှင့် အေးခဲသော အခြေအနေတွင် ထိန်းသိမ်းရမည်။ အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး၊မေးခိုင်နှင့် DLIT ကာကွယ်ဆေးများကို အလွန်အေးသော အခြေအနေ (၈ဒီဂရီစင်တီဂရိတ်)အတွင်း ထိန်းသိမ်းရန်လိုအပ်ပြီး မခဲရန်အရေးကြီးသည်။ ကာကွယ်ဆေးကို အသုံးပြုရန်ဖွင့်ပြီး မသုံးဖြစ်ပါက ၎င်းကာကွယ်ဆေးကို လှှင့်ပစ်ရန်ဖြစ်သည်။ DLIT ဆေးသည် အသုံးပြုရန်ဖွင့်ပြီး တစ်နာရီအတွင်း နောက်နေသေးလျှင် ၎င်းကိုအသုံးပြုနိုင်သော်လည်း အကယ်၍၎င်းသည် ကြည်လင်ပြီးအနည်ထိုင်နေလျှင် သုံးရန်မသင့်ပေ။ ကာကွယ်ဆေးများကို ထိန်းသိမ်းနည်းမှာ (အခန်း ၁၆ ကျန်းမာရေးဝန်ထမ်းများလေ့လာရန် ကူညီခြင်းအခန်းတွင်ကြည့်)။

သင့်ကလေးငယ်များကို အချိန်မီ ကာကွယ်ဆေးထိုးပါ။
ကလေးငယ်များအတွက် လိုအပ်သော ကာကွယ်ဆေးများကို
ဆက်တိုက်ပြည့်စုံစွာထိုးရန် ဂရုပြုပါ။

ဖျားနာခြင်းနှင့်ထိခိုက်ရှနာဖြစ်ခြင်းတို့ကိုကာကွယ်ရန်အခြားသောနည်းလမ်းများ

ဤအခန်းတွင်တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ကျန်းမာရေးနှင့်ညီညွတ်အောင်နေသည့်ဓလေ့နှင့် ကာကွယ်ဆေးများဖြင့် အူလမ်းကြောင်းတစ်လျှောက်နှင့် အခြားသောကူးစက်ရောဂါများကို မည်သို့ကာကွယ်နိုင်ကြောင်းဆွေးနွေးတင်ပြခဲ့ပြီးဖြစ်သည်။ သို့သော်လည်းဤစာအုပ်တွင်သင်သည် ဖျားနာခြင်းနှင့်ထိခိုက်ရှနာဖြစ်ခြင်းတို့ကို ကာကွယ်ရန် အခြားသောအကြံပေးဆွေးနွေးချက်များကို တွေ့ရပေလိမ့်ဦးမည်။ (ဥပမာကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာကိုရရှိရန် အာဟာရပြည့်ဝစွာစားသောက်ခြင်း၊ အိမ်သုံးဆေးဝါးများကိုကျယ်ပြန့်စွာအသုံးပြုခြင်းနှင့် ခေတ်မီဆေးဝါးများအကြောင်း)

ကျေးရွာရှိကျန်းမာရေးလုပ်သားများ နိဒါန်းအနေနှင့် သိစေရန်မှာ ကျန်းမာရေးချို့တဲ့စေနိုင်သောအခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်ရန် မိမိနှင့်အတူ ပြည်သူလူထုများမှ ပူးပေါင်းပါဝင်နိုင်ရန် လှုံ့ဆော်စည်းရုံးနိုင်ရမည်။ နောက်ကျန်ရှိနေသေးသော အခန်းများတွင် ကျန်းမာရေးပြဿနာတစ်ခုချင်းစီအလိုက် ဆွေးနွေးချက်များနှင့် မည်သို့ကာကွယ်ရမည်ဆိုသည့် များစွာသော ဆွေးနွေးအကြံပြုချက်များကို တွေ့ရပေဦးမည်။ ထိုဆွေးနွေးအကြံပြုချက်များကို လိုက်နာခြင်းအားဖြင့် သင်သည် သင်၏နေအိမ်နှင့်ကျေးရွာကို ကျန်းမာစွာနေထိုင်နိုင်သော နေရာတစ်ခုအဖြစ်ဖန်တီးပေးနိုင်ပါသည်။

သတိပြုရန်အချက်မှာ ဆိုးဝါးသောနေမကောင်းခြင်းများနှင့် သေဆုံးခြင်းများကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းသည် စောစီးစွာနှင့် လက်တွေ့ကျကျ ကုသမှုခံယူခြင်းပင်ဖြစ်သည်။

စောစီးစွာနှင့်လက်တွေ့ကျကျကုသမှုခံယူခြင်းသည် ကာကွယ်ရေးဆေးပညာတွင် အရေးကြီးဆုံးအပိုင်းဖြစ်သည်။

ဤအခန်းကိုနိဂုံးမချုပ်မီ ဤစာအုပ်၏အခြားသောအပိုင်းများတွင် ဖော်ပြပြီးသော်လည်း အထူးသတိပြုရန် ထိုက်တန်သည့်အခြားသော ရှုထောင့်မှ မြင်တွေ့ရသော ကာကွယ်နည်းများအကြောင်း ဆွေးနွေး ဖော်ပြချင်ပါသေးသည်။

ကျန်းမာရေးအပေါ်အကျိုးသက်ရောက်စေနိုင်သော အမူအကျင့်များ

လူတစ်ချို့တွင်ရှိသော အချို့သောအမူအကျင့်များသည် သူ့တစ်ကိုယ်တည်း၏ကျန်းမာရေးကိုချို့တဲ့ပျက်စီးစေရုံတင်မက သူူ၏ပတ်ဝန်းကျင်ရှိသူများကိုလည်း အန္တရာယ်ဖြစ်စေတတ်ပါသည်။ ဤကဲ့သို့သော အမူအကျင့်အတော်များများသည် အလွယ်တကူချိုးဖောက် (သို့)ရှောင်ကြဉ်နိုင်ပါသည်။ သို့သော်ပထမဆုံးအဆင့်အနေဖြင့် ဘာကြောင့်ဤအမူအကျင့်ကို ရှောင်ကြဉ်သင့်ကြောင်းသိရှိနားလည်ရန် အရေးကြီးပေသည်။

အရက်သောက်ခြင်း

အရက်သည် ပျော်ရွင်မှုများစွာကို ဆောင်ကျဉ်းပေးသည်ဟုဆိုလျှင် ၎င်းသညေ်ဝဒနာများစွာကိုလည်း ဆောင်ကျဉ်းပေးပေလိမ့်မည်။ အထူးသဖြင့် အရက်သောက်သူနှင့် သူ၏မိသားစုဝင်အားလုံးခံစားရပေမည်။ အရက်အနည်းငယ်မျှ တစ်ခါတစ်ရံသောက်ခြင်းသည် အန္တရာယ်မရှိပါ။ သို့သော် နည်းနည်းမကြာခဏမှ များများသောက်မိလာတတ်၏။ ကမ္ဘာတစ်ဝန်းလုံးတွင် အရက်မသောက်သူများနှင့်စာလျှင် များများနှင့်အလွန်အကျွံသောက်သူများသည် အဓိကကျသော ကျန်းမာရေးပြဿနာများဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။ အရက်သမားများသည် မိမိ၏ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေ (ရောဂါရခြင်းဖြင့် ဥပမာ အသည်းခြောက်ခြင်း နှင့် အသည်းရောင်အသားဝါဖြစ်ခြင်း ) ရုံတင်မက သူ၏မိသားစုနှင့် ပတ်ဝန်းကျင်ကို နည်းလမ်းမျိုးစုံဖြင့် ထိခိုက်နာကျင်စေပါသည်။ အရက်သောက်ခြင်းဖြင့် ဥာဏ်စွမ်းရည်ကျဆင်းလာပြီး အရက်မသောက်ရသည့်အချိန်တွင် မိမိကိုယ်လေးစားမှု၊ ဂရုပြုမှုမရှိပဲ မပျော်ရွင်ခြင်း၊ အချိန်ကုန်ခြင်း နှင့် အကြမ်းဖက်ခြင်းဆီသို့ ဦးတည်ကာ မိမိချစ်မြတ်နိုးသူများအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်စေပါသည်။

မိမိ၏ကလေးငယ်များ ဆာလောင်ငတ်မွတ်နေချိန်တွင် မိမိ၏နောက်ဆုံးလက်ကျန်ငွေကို အရက်သောက်ခြင်းဖြင့် ဖြုန်းတီးပစ်သောဖခင်များ မည်မျှများနေပြီနည်း။

မိမိ၏မိသားစုဘဝမြှင့်တင်ရန် အတွက်မသုံးပဲ ရှာဖွေရရှိသမျှ အရက်သောက်ခြင်းဖြင့် ငွေဖြုန်းကာ ကျန်းမာရေးချို့တဲ့သူမည်မျှများနေပြီနည်း။

မိမိချစ်ခင်သူများကို ထိခိုက်နာကျင်စေမိသဖြင့် မိမိကိုယ်ကိုမိမိ မုန်းတီးကာ ၎င်းကိုမေ့ပြစ်ရန်အတွက် ထပ်ကာသောက်နေသူများမည်မျှများနေပြီနည်း။

အကယ်၍ လူတစ်ယောက်သည်အရက်သောက်ခြင်းဖြင့် မိမိ၏ကျန်းမာရေးနှင့်မိမိပတ်ဝန်းကျင်ရှိလူများအား စိတ်ထိခိုက် စေကြောင်းကို နားလည်သိရှိလာသည်ဆိုပါစို့။ သူဘာလုပ်သင့်သနည်း။ ပထမဦးစွာ သူအရက်သောက်ခြင်းသည် ပြဿနာဖြစ်ကြောင်း၊ ဟုတ်မှန်ကြောင်း ဝန်ခံရမည်။ မိမိကိုယ်မိမိရော အခြားသူများကိုရော မလိမ်ညာရပါ။ အချို့သူများအတွက် အရက်ဖြတ်ရန် ရိုးရှင်းလွယ်ကူသော်လည်း အချို့သူများအတွက် မလွယ်ကူပါ။ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အရက်ဖြတ်ရာတွင် မည်သို့ခက်ခဲကြောင်း နားလည်သူများ၏ အကူအညီ၊ အထောက်အပံ့လိုအပ်ပါသည်။ အရက်အလွန်အကျွံသောက်သုံးပြီး အရက်ပြတ်ပြီးသူများက အခြားသူများထက် အကူအညီပိုရပါသည်။ အချို့ဒေသများတွင် အရက်ဖြတ်ပေးသောအုပ်စု/အသင်းများဖွဲ့၍ အရက်ပြန်သောက်သူများ အရက်ပြတ်နိုင်ရန် တစ်ဦးနှင့်တစ်ဦးအကူအညီပေးကြပါသည်။

အရက်သောက်ခြင်းသည် လူတစ်ဦးချင်းအတွက် ပြဿနာဖြစ်သော်လည်း ဒေသတစ်ခုလုံးအတွက်တော့ ကြီးမားသောပြဿနာ မဟုတ်ပါ။ ဒေသဆိုင်ရာများကလည်း ပြောင်းလဲရန်/အရက်ဖြတ်ရန်ဆန်ဒရှိသူများကို နွေးထွေးစွာကြိုဆို၍ နားလည်မှုပေးရပါမည်။ အကယ်၍ သင်သည် သင်၏ဒေသတွင်းရှိ အရက်သမားများအား စိတ်ဝင်စား၍ကူညီလိုလျှင် ၎င်းတို့အားစည်းရုံး၍ပြဿနာများအကြောင်းဆွေးနွေးခြင်း၊ မည်သို့ပြုလုပ်ရမည်ကို အကြံပေးခြင်းမျိုး ပြုလုပ်ပေးနိုင်ပါသည်။ အရက်ကြောင့်ဖြစ်တတ်သောအန္တရာယ်များကို ပိုသိလိုလျှင်နှင့်ဒေသဆိုင်ရာ လုပ်ငန်းစဉ်များကို အခန်း ၅ နှင့် ၂၇ ကျန်းမာရေးဝန်ထမ်းများ လေ့လာသင်ယူမှုကို ကူညီခြင်းအခန်းတွင်ကြည့်ပါ။

လူအများအတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီထောက်ပံ့ခြင်းသည် ပြဿနာများစွာကို ဖြေရှင်းနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဖြင့် သင်ရောသင်၏ မိသားစုအားလုံးတို့၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ခိုင်လုံသော အကြောင်းများစွာရှိပေသည်။

မိသားစုစားဝတ်နေရေးအတွက်ကုန်ကျစရိတ်

  1. ဆေးလိပ်သောက်ခြင်းသည် အဆုတ်၊ ခံတွင်း၊ လည်ချောင်းနှင့် နှုတ်ခမ်းကင်ဆာဖြစ်နိုင်ခြေကိုမြင့်မားစေသည်။ (သင် များများသောက်လေလေ ကင်ဆာရောဂါဖြင့်သေဆုံးရန်ပိုများလေလေဖြစ်၏။)
  2. ဆေးလိပ်သောက်ခြင်းသည် အဆုတ်တွင်ပြင်းထန်သောရောဂါကိုဖြစ်စေသည်။ ဥပမာ နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါနှင့် အသက်ရှုကြပ်သောအဆုတ်ရောဂါ (ဤရောဂါအခံရှိနေခြင်းနှင့် ရင်ကြပ်ပန်းနာရောဂါတို့ရှိနေလျှင် ဆေးလိပ်သောက်ခြင်းသည် အသက်အန္တရာယ်ကို ဖြစ်စေပါသည်။)
  3. ဆေးလိပ်သောက်ခြင်းသည် အစာအိမ်ရောဂါကိုလည်းဖြစ်စေပြီး ရောဂါကို ပိုမိုဆိုးရွားစေပါသည်။
  4. ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါနှင့်လေဖြတ်ရောဂါဖြစ်နှုန်းနှင့်သေနှုန်းကိုမြှင့်တင်စေနိုင်သည်။
  5. ဆေးလိပ်သောက်သော မိဘများမှ မွေးဖွားလာသော ကလေးငယ်များတွင် ဆေးလိပ်မသောက်သော မိဘများမှ မွေးဖွားလာသော ကလေးငယ်များထက် နမိုးနီးယားနှင့်အဆုတ်ရောဂါတော်တော်များများဖြစ်တတ်၏။
  6. ကိုယ်ဝန်ဆောင် မိခင်များ ဆေးလိပ်သောက်လျှင် မသောက်သော မိခင်များထက် မွေးဖွားလာသောကလေးများတွင် ပေါင်မပြည့်ခြင်းနှင့် ကြီးထွားမှု နှေးကွေးကြုံလှီခြင်းကို ပို၍ဖြစ်စေသည်။
  7. ဆရာများ၊ မိဘများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အခြားကျော်ကြားသူများ ဆေးလိပ်သောက်လျှင် ကလေးငယ်များနှင့် လူလတ်ပိုင်း အရွယ်များကို အတုယူလွဲမှားစေပြီး ၎င်းတို့အား ဆေးလိပ်စသောက်ဖြစ်ရန် တွန်းအားပေးသကဲ့သို့ဖြစ်တတ်သည်။
  8. ထို့ပြင် ဆေးလိပ်သောက်ခြင်းဖြင့် ငွေကုန်ကြေးကျများစေသည်။ ၎င်းသည် နည်းနည်း နည်းနည်းနှင့်စုမိပြီး များစေခြင်းဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်များတွင် နိုင်ငံတော်မှဆင်းရဲနွမ်းပါးသူများအတွက် အသုံးပြုသောကျန်းမာရေးစရိတ်ထက် ဆင်းရဲသားများမှ ဆေးလိပ် သောက်သုံးခြင်းဖြင့် ကုန်ကျငွေများက ပိုများနေတတ်၏။ ဆေးလိပ်သောက်ခြင်းဖြင့် ပြုန်းတီးသွားသောငွေများအစား လူများ၏ စားဝတ်နေရေး အတွက်အသုံးပြုခဲ့လျှင် ကလေးငယ်များနှင့်မိသားစုဝင်များအားလုံး ပို၍ကျန်းမာသော အခြေအနေသို့ ရောက်နိုင်ပါသည်။

အခြားသူများ၏ ကျန်းမာရေးကိစ္စများကို စိတ်ဝင်စားသူ မည်သူမဆို ဆေးလိပ်မသောက်သင့်သလို အခြားသူများ ဆေးလိပ်မသောက်ရန်ကိုလည်း စည်းရုံးလှုံ့ဆော်နိုင်ရမည်။

အချိုရည်သောက်သုံးခြင်း (ဖျော်ရည်များ၊ ဆိုဒါရည်၊ ကိုကာကိုလာ၊ အမြှုပ်ထအချိုရည်များ)

အချို့ဒေသများတွင် အချိုရည်သောက်သုံးခြင်းဓလေ့သည် လူကြိုက်များခေတ်စားနေပေသည်။ ဆင်းရဲသော မိသားစုမ ှမိခင်သည် အာဟာရချို့တဲ့နေသော မိမိကလေးအတွက် အချိုရည် ဝယ်တိုက်မည့် အစား ကြက်ဥ ၂လုံးနှင့် အာဟာရပြည့် အစားအစာများ ဝယ်ကျွေးလျှင် ပို၍ ကောင်း၏။

1243

အချိုရည်များသည် သကြားဓါတ်ပါဝင်ခြင်းမှတပါး အာဟာရတန်ဖိုးမရှိပေ။ သကြားများစွာပါဝင်ခြင်းကြောင့် အချိုရည်သည် အလွန် စျေးကြီးပေသည်။ အချိုရည်များနှင့်သကြား၊ ချိုချဉ်များစွာစားသောကလေးငယ်များသည် ၎င်းတို့၏ငယ်ဘဝတွင် သွားပိုးစားခြင်းနှင့်သွားများ မခိုင်မာခြင်းဖြစ်တတ်သည်။ အချိုရည်အသောက်များသူများတွင်အစာအိမ်အချဉ်ပေါက်ခြင်းနှင့်အစာအိမ်ရောဂါ ဖြစ်နိုင်ပါသည်။ သဘာဝအသီးအနှံများကို ဖျော်သောက်ခြင်းက အချိုရည်သောက်ခြင်းထက် သင်၏ကျန်းမာရေးအတွက်ပိုကောင်းပါသည်။

သင်၏ကလေးငယ်အား အချိုရည်သောက်ခြင်းမှကာကွယ်ပါ။